Breaking News

ပြန်ဆုတ်လိုက်ရတဲ့ ကော့ကရိတ် နဲ့ ကော့ဘိန်းကျေးရွာ


မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၈ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၄

ပြန်ဆုတ်လိုက်ရတဲ့ ကော့ကရိတ် နဲ့ ကော့ဘိန်းကျေးရွာ 

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်၊ တအန်းပလောင်လက်နက်ကိုင် အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာ ကရင်ပြည်နယ်ထဲ စစ်ရေးလှုပ်ရှားမှု အနေနဲ့ ကော့ကရိတ်မြို့ကို သိမ်းယူဖို့ နောက်တကြိမ် ကြိုးစားတဲ့အနေနဲ့ ကေအန်အယ်လ်အေ၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ PDF လက်နက်ကိုင်တွေပါဝင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။  

ကေအန်ယူ၊ ဒီကေဘီအေ နဲ့ ပီဒီအက်ဖ် လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ မြို့ရဲ့ ရပ်ကွက်တွေကို ဝင်ရောက်နေရာယူထားနိုင်ပေမယ့် တမြို့လုံးကို သိမ်းယူ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ရာက ၆ လနီးပါးအကြာမှာ စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ ကော့ကရိတ်မြို့ကို ပြန်လည်သိမ်းယူပြီး ရက်အနည်းငယ်အကြာမှာ လနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့လူထုကို ပြန်လည်နေထိုင်နိုင်ကြောင်း ကြေညာခဲ့ရာမှာ အရေအတွက် ရာဂဏန်းမျှ ရှိတဲ့ မြို့ခံလူထုအချို့ မြို့ကို ပြန်လာကြတယ်လို့ စစ်ကောင်စီဘက်က သတင်းစာတွေ၊ အွန်လိုင်းသတင်းတွေမှာ ဝါဒဖြန့်ကြေညာထားကြတာ တွေ့ရပါတယ်။ 

စစ်ကောင်စီတပ်တွေ ကော့ကရိတ်ကို ဘာကြောင့်  ပြန်သိမ်းယူနိုင်သွားသလဲဆိုတဲ့ အကြောင်းအချက် အသေးစိတ်တွေတော့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးသလို၊ မှန်းဆကြည့်ချက်အရ စစ်ကောင်စီ အနေနဲ့ မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း လက်လွတ်ဆုံးရှုံးခံရတဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး စစ်တပ်လူအင်အားတွေသာမက သံချပ်ကာ၊ တင့်ကားလို ယန္တရားနဲ့ လူအင်အား ဖြည့်တင်းပြီးတက်လာတဲ့ စစ်အင်အားတွေနဲ့ ကော့ကရိတ်မြို့ ပြန်လည်သိမ်းယူနိုင်ဖို့ကို အထောက်အကူပေးခဲ့ပြီး တော်လှန်ရေး လက်နက်ကိုင်တွေ အနေနဲ့ မြဝတီမြို့ကို ဦးတည်ချီတက်လာတဲ့ တခုမက ဖြန့်ခွဲထားတဲ့ စစ်ကြောင်းကို တားဆီးဖို့ အရေးကို ပိုအာရုံစိုက်ကာ ကော့ကရိတ်မြို့ကို လက်လွှတ်လိုက်ရတဲ့ အနေအထားမျိုးလို့ မှန်းဆ ကောက်ချက်ချမိပါတယ်။ 

ကော့ကရိတ်မြို့ကို လနဲ့ချီ တိုက်ခိုက်နေစဥ် အတွင်းမြို့နဲ့ ဆက်စပ်နေတဲ့ ခလရ ၉၇ တပ်ရင်းကို သိမ်းယူနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ကော့ကရိတ်တမြို့လုံးကို လွတ်လွတ်ကျွတ်ကျွတ် ထိန်းချုပ်နိုင်တဲ့ အနေအထား မရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ကော့ကရိတ်မြို့ဟာ အိန္ဒု-မြဝတီ အာရှလမ်းပေါ်မှာ ရှိပြီး ယခင်ဒေါနတောင်ကျော် ကားလမ်းနဲ့ မြဝတီကို ဆက်သွယ်ထားစဥ်က ကားလမ်းပေါ်က မြို့တမြို့ဖြစ်ပြီး အာရှလမ်း ဖောက်လုပ်ပြီးစီးတဲ့နောက်မှာတော့ အာရှလမ်းနဲ့ အနည်းငယ် ကွာလှမ်းတဲ့နေရာမှာ သီးခြားတည်ရှိတဲ့မြို့ဖြစ်လာပါတယ်။ တဖက်မှာတော့ ကော့ကရိတ်မြို့နယ် ရုံးစိုက်ရာ မြို့တမြို့ဖြစ်လို့ ကေအန်ယူနဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက သိမ်းယူဖို့ ဆုံးဖြတ်ခဲ့တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

သင်္ကေတ သဘောအရ တိုက်ခိုက်သိမ်းယူဖို့ စိတ်ဝင်စားခံရတဲ့ ကော့ကရိတ်မြို့၊ တိုက်ခိုက်ခံရပြီး သီတင်းပတ် အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပြီး လနဲ့ချီ တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်း နေအိမ်ပေါင်း ရာဂဏန်းကနေ ထောင်ဂဏန်းထိ မီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာပြီဆိုတဲ့နောက်မှာ မြို့နေရပ်ကွက်တွေအပေါ် လက်နက်ကြီးကျည် ကျရောက်တဲ့အခါ ဖြစ်စေ၊ သို့မဟုတ် အခြားအကြောင်းတွေကြောင့် မီးလောင်တဲ့အခါ ဖြစ်စေ မီးငြှိမ်းသတ်ဖို့ ခွင့်ပြုလေ့မရှိဘဲ၊ မြို့တွေရွာတွေကို မီးလောင်ပျက်စီးသွားတာကို ဒီအတိုင်း ထားလေ့ရှိပါတယ်။ မြို့ကို သိမ်းဖို့ ကြိုးစားတဲ့အခါတိုင်း မြို့တွေ လူနေရပ်ကွက်တွေ၊ လူထုတွေရဲ့ နေအိမ်တွေ ပျက်စီးရတယ်ဆိုတဲ့ ကောက်ယူချက်ကို ဖြစ်စေပြီး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မြို့ကို မတိုက်ခိုက်အောင်၊ သို့မဟုတ် မြို့မသိမ်းအောင် ကြားဝင်ပြောဆိုဖို့ လမ်းကြောင်းပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီက မြို့နေလူထုပြန်လည် ဝင်ရောက်နေထိုင်လို့ရပြီလို့ ကြေညာပြီးနောက် အခြားမြို့တွေ ရွာတွေမှာ တိမ်းရှောင်နေကြရတဲ့ ကော့ကရိတ်မြို့ခံတွေ ဆိုင်ကယ်တွေ ကားတွေနဲ့ မြို့ထဲ ပြန်လာတဲ့ သတင်းဓါတ်ပုံတွေ ကို စစ်ကောင်စီက ဖော်ပြပြီး ကော့ကရိတ်မြို့ ပြန်လည်အသက်ဝင်လာတဲ့ အသွင်မျိုး ဝါဒဖြန့်တာတွေ တွေ့လာရပါတယ်။ မြို့ခံတွေအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ရာကိုပြန်လာတာဖြစ်ပေမယ့် မြင်ကွင်းက အုတ်နံရံတချို့ ထိုးထိုးထောင်ထောင်ကျန်တဲ့ အိမ်၊ လုံးဝ မြေပေါ်မှာ အပျက်အစီးတွေသာ ကျန်တဲ့အိမ်တွေကို လာကြည့်တာမျိုး၊ အပျက်အစီးတွေကြားထဲ တဲထိုးနေရမယ့် အခြေအနေမျိုး ရင်ဆိုင်နေကြရတာပါ။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အထက်ပိုင်းတွေမှာတော့ အခုလို အဖြစ်မျိုး ကြုံတွေ့ကြရတဲ့ ကျေးရွာပေါင်း များစွာနေပြီး အညာက လူထုအနေနဲ့ မီးလောင်သွားတဲ့ နေအိမ်နေရာတွေမှာ တဲထိုး၊ ယာယီနေအိမ်ပြန်ဆောက်ပြီး ရှင်သန်အောင် နေထိုင်ကြရတဲ့ ဘဝမျိုးဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့လို မြန်မာနိုင်ငံ တောင်ပိုင်းမှာတော့ အခုလို အဖြစ်မျိုးတွေက များများစားစား မရှိသေးပဲ ခု လပိုင်းတွေမှာ ကြုံတွေ့လာကြရတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းမှာပဲ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်အစပ် ကော့ဗိန်း ကျေးရွာကိုလည်း စစ်ကောင်စီက ၁ လခန့်အကြာမှာ ပြန်လည်သိမ်းယူပြီး ကော့ဗိန်းကျေးရွာနဲ့ မီးလောင်ပျက်စီးသွားတဲ့ ဓမ္မသ ကျေးရွာတွေမှာ ပြန်လာနေထိုင်ကြဖို့ ခေါ်နေတာလည်း ဖြစ်ပါတယ်။ မွန်လူမျိုးတွေ အများစုနေထိုင်ကြတဲ့ ကော့ဗိန်းနဲ့ ဓမ္မသ ကျေးရွာတွေဟာ ဂျိုင်းမြစ်ကမ်းမှာ တည်ရှိပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ထိစပ်ရာ နေရာက ကျေးရွာတွေ ဖြစ်ကြပါတယ်။ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ MNSP (AD) လို့ ခေါ်ဆိုတဲ့ အဖွဲ့က မွန်လူမျိုးတွေ နေထိုင်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေကို ပထမဆုံး ပွဲဦးထွက် တိုက်ခိုက်တဲ့ နေရာယူစစ်ပွဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ မော်လမြိုင်မြို့နဲ့ မဝေးလှတဲ့ ခုဒေသတွေကို ရေလမ်း၊ လေကြောင်း ပစ်ကူနဲ့ ပြန်လည်သိမ်းယူဖို့ ကြိုးစားခဲ့ပြီး ကျေးရွာတွေ ပျက်စီးအောင် ရည်ရွယ်ကာ မီးရှို့ဒဏ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုလို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေဘက်က တိုက်ခိုက်လာတဲ့  ကျေးရွာတွေ မြို့တွေကို မီးရှို့ဖျက်ဆီးပြီး ဒဏ်ခတ်တဲ့ နည်းဗျူဟာကို စစ်ကောင်စီဘက်က တောက်လျှောက် အသုံးပြုလာနေပြီး အခုတော့ မွန်ပြည်နယ် ကရင်ပြည်နယ်တို့မှာ အများအပြားကြုံတွေ့လာရပြီ ဖြစ်ပါတယ်။ 

လူထုအနေနဲ့ မိမိတို့နေထိုင်ရာ မြို့  ရွာတွေကို မီးမလောင်စေချင်ရင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို မြို့ ရွာသိမ်းယူတဲ့ စစ်ပွဲတွေမတိုက်ဖို့ တောင်းဆိုဖို့ ရည်ရွယ် လုပ်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မြို့ရွာတွေနဲ့ စစ်စခန်းတွေ နှစ်မျိုးနှစ်စားအနက် ဘယ်နေရာတွေကို ဦးစားပေး တိုက်မလဲ ဆိုတဲ့ မေးခွန်းမျိုး ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်ပါတယ်။ စစ်ရေးအရ နေရာယူ စစ်ပွဲ၊ မဟာဗျူဟာမြောက် အကျိုးရှိစေမယ့် တိုက်ပွဲတွေအတွက် ဗျူဟာစခန်းတွေ တပ်ရင်းတွေ၊ တပ်စခန်းတွေကို သိမ်းယူသင့်တာဖြစ်ပြီး မြို့တွေ ရွာတွေကို သိမ်းယူနိုင်ရင် ထိန်းသိမ်းထားနိုင်ရင်တော့ အခွန်အကောက်၊ နိုင်ငံရေး အကျိုးအမြတ် ရနိုင်တာဖြစ်ပါတယ်။ 

တဖက်မှာလည်း မြို့ ရွာတွေကို တိုက်ခိုက်သိမ်းယူရာမှာ စစ်ကောင်စီရဲ့ မြေလှန်မီးရှို့စနစ်နဲ့ တုံ့ပြန်ခြင်းကြောင့် ဒေသခံလူထုကို ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေတာလည်း ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ ဒီ ကောင်းကျိုးဆိုးပြစ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အမှန်ကန်ဆုံး ရွေးချယ်မှုကို ရွေးချယ် ဆုံးဖြတ်နိုင်ဖို့လည်း အရေးကြီးတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar