Breaking News

စစ်ပွဲများ၊ လက်တွေ့ပြဿနာ၊ အကျိုးစီးပွား နှင့် ရပ်တည်ချက်


မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၃ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၄ ၊ ၂၀၂၄

စစ်ပွဲများ၊ လက်တွေ့ပြဿနာ၊ အကျိုးစီးပွား နှင့် ရပ်တည်ချက်

မြဝတီမြို့ အနီးတွင် နေရာယူတည်ဆောက်ထားသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၂၇၅ ကို မကြာသေးသည့် ရက်အနည်းငယ်က KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူခဲ့သည်ဟုသတင်းများတွင် ဖေါ်ပြခဲ့ကြသည်။ ယင်းတပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ထိုင်းမြန်မာ ချစ်ကြည်ရေး နယ်စပ်ဖြတ်ကူးသည့် တံတားအမှတ် ၂ အောက်ခြေတွင် ယာယီသွားရောက် ခိုလှုံနေရာယူနေခဲ့ကြ သဖြင့် မြို့စောင့်တပ်ကျပြီး မြဝတီမြို့လည်း တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က သိမ်းပြီးပြီ ဟု သတင်းမီဒီယာများက ရေးသားဖေါ်ပြကြသလို မြဝတီမြို့တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှု နိဌိတံသွားပြီဟု အများက ယူဆကြသည်။ 

ဤသည်မှာလည်း သတင်းမီဒီယာများ၏ မှန်းဆချက်များ၊ စိတ်အားတက်ကြွဖွယ်ရာ ဖြစ်စေလိုသည့်ဆန္ဒဖြင့် ဖြည့်စွက်မှန်းဆကာ တင်ပြရေးသားချက်များ ဖြစ်သည်ကို နောက်ရက်အနည်းငယ်အကြာ အခြေအနေတွေပြောင်းပြန်ပြောင်းလဲသွားသည့်အခါ သဘောပေါက်လာခဲ့ကြရပြီဖြစ် သည်။ 

အခြေအနေ ပြောင်းပြန်ပြောင်းလဲသွားခြင်းက လက်နက်ကိုင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခြင်းကြောင့် စစ်အင်အားချိန်ခွင်လျှာ၊ တိုက်ပွဲရလဒ်များကြောင့် ဆိုသည်ထက် ညှိနှိုင်းမှု၊ စကားပြောဆိုမှု၊ အများပြည်သူကို အသိပေးခြင်း မပြုနိုင်သည့် သဘောတူညီမှုများ အပေါ်မူတည်ကာ ရလဒ်တွေ အခြေအနေတွေ ပြောင်းပြန်ပြောင်းလဲသွားခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ပဲ့ထွက်နေသည့်အလံတင်အုတ်ခုံ၊ သွပ်ခေါင်မိုးတွေ၊ သစ်သားဒိုင်းတွေပြုတ်ထွက်နေသည့် အဆောက်အဦများနောက်ခံနှင့် ခြေလျင်တပ်ရင်း ၂၇၅ ၏အလံတိုင်တွင် ပြီးခဲ့သည့်ရက်ပိုင်းကလွှင့်တင်ထားသည့်ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး)၏အလံကိုဖြုတ်ချ၍ မြန်မာနိုင်ငံအလံကို ပြန်လည်လွှင့်တင်နေသည့်သတင်းဓါတ်ပုံ လူမှုကွန်ရက်မီဒီယာများတွင်ပေါ်ထွက်လာသည့်အခါအခြေအနေဘယ်လိုတွေပြောင်းလဲကုန်တာလဲ၊ ဘာကြောင့်အခုလိုဖြစ်ရသလဲဆိုသည့် ရုတ် တရက်ဖြေရခက်သည့် မေးခွန်းတွေ၊ စိတ်ပျက်ခြင်းတွေ၊ အံ့အားသင့်ခြင်းတွေ ပေါ်ထွက်လာခဲ့ကြသည်။ 

စစ်ကောင်စီ၏အထောက်အပံ့ခံနှင့် ၄င်းတို့၏ဝါဒဖြန့်ယန္တရားဟု တရားဝင်ဝန်မခံသော်လည်း အများက စစ်ကောင်စီဝါဒဖြန့်ချိရေးချယ်နယ်များဟု နားလည်မှတ်ယူထားကြသည့်သတင်းမီဒီယာဟု ခေါ်ဆိုခြင်းမပြုနိုင်သည့် ကျော်စွာ၊ ကိုသက်၊ မှိုင်းဝေ အစရှိသည့် တယ်လီဂရန်ချယ်နယ်များတွင် ခလရ  ၂၇၅ ကို စစ်ကောင်စီတပ်တွေပြန်လည်နေရာယူကြောင်း ဗီဒီယို၊ ဓါတ်ပုံတွေ ပေါ်ထွက်လာခဲ့ချိန်မှာ လူအများအနေဖြင့် ဘယ်လိုမှမယုံကြည်နိုင် လက်ခံလို့ မရသည့်အဖြစ် အပျက်၊ ဖြစ်ရပ်များ ဖြစ်လာသည်။ 

သတင်းမီဒီယာအချို့က ခလရ ၂၇၅ အလံတိုင်ရှေ့၊ အလံတင်သည့်ဗီဒီယို ဓာတ်ပုံသည် ဝါဒဖြန့်ဖို့သက်သက်လုပ်ဆောင်ခြင်းသာဖြစ်ပြီး အမှန်တကယ်ဝင်ရောက် နေရာယူခြင်းမဟုတ်ကြောင်းလည်း ရေးသားဖော်ပြသည်။ သို့ရာတွင် နာရီပိုင်းအကြာတွင် စောချစ်သူ ဦးဆောင်သည့် BGF/ KNA တပ်များ၏အကူအညီဖြင့် ခလရ ၂၇၅ တွင် စစ်ကောင်စီတပ်များ ပြန်လည်နေရာယူလိုက်ကြောင်း သတင်းဌာနတခုပြီးတခု ဆက်တိုက် ဖော်ပြလာကြသည်ကို တွေ့ရသည်။ BGF/KNA က စစ်ကောင်စီတပ်တွေကိုအကူအညီပေးပြီး ၄င်းတို့၏မူလနေရာတွင် ပြန်လည်နေရာယူ တပ်စွဲနိုင်အောင်လုပ်ဆောင်ပေးသည့်အချက်က ထင်ရှားလာပြီး ယင်းသို့ လုပ်ဆောင်ခြင်းကို KNU/KNLA အနေနှင့် အဘယ်ကြောင့်လက်သင့်ခံခဲ့သလဲဆိုသည့်မေးခွန်းက ဧပြီလ ၂၃ ရက်နေ့တွင် လူအများအကြား ပေါ်ထွက်လာသည့်မေးခွန်းဖြစ်သည်။ သို့သော် မေးခွန်းကမေးရန် အသင့်တော်ဆုံး မေး ခွန်းဖြစ်သည့်တိုင် ဖြေဆိုရန်တာဝန်ရှိသည့် KNU/KNLA အနေဖြင့် ဖြေဆိုဖို့ခက်ခဲ့သည့် မေးခွန်းဖြစ်ပြီး အဖြေကို မည်သည့်သတင်းဌာနကမျှ မရကြသေးသည့်အနေအထားလည်း ဖြစ်သည်။ 

ဧပြီလ ၁၉ ရက်နေ့ ည ဦးပိုင်းမှစတင်ကာ ၂၀ ရက်နေ့ တနေ့လုံး ၂၁ မတိုင်ခင်ထိ ချစ်ကြည်ရေး တံတားအနီးက စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရာက ရုတ်တရက် ပြန် လည်ဆုတ်ခွာလိုက်ခြင်းကို နားမလည်နိုင်ဖြစ်ကြရာမှ ယခုနောက်တဆင့် အဆိုပါတိုက်ခိုက်ခံခဲ့ရသည့်တပ်တွေက ၄င်းတို့အခြေစိုက်တပ်ရင်းကို ပြန်လည်ဝင်ရောက်နေရာယူနိုင်သည့်ဖြစ်ရပ်အပေါ် လက်မခံနိုင်ကြခြင်း၊ နားမလည် နိုင်ကြခြင်း ဖြစ်သည်။ 

လူမှုကွန်ရက်များတွင် NUG, PDF ထောက်ခံသူအများစုကတော့ KNU/KNLA လက်နက်ကိုင် အဖွဲ့အပေါ် အပြစ်တင်နေကြသည့်ရေးသားမှုတွေ၊ PDF လူငယ်တွေအသက်ပေးပြီး တိုက်ခိုက်ခဲ့ရသည့်ရလဒ်ကို အကျိုးစီးပွားအတွက်ချနင်းမှုအဖြစ် ကောက်ချက်ချကာ အပြစ်တင်ကြသည့် ရေး သားမှုတွေ အများအပြားတွေ့ကြရသည်။ 

KNU/KNLA, BGF/KNA, စစ်ကောင်စီ စသဖြင့် လတ်တလောတွင် ရလဒ်အခြေပြု၊ အကျိုးစီး ပွားအခြေပြု၍ ဆွေးနွေးကြညှိနှိုင်းကြသည့်အနေအထားမျိုး ဖြစ်ကောင်းလည်း ဖြစ်နိုင်သည်။  KNU/KNLA ကတော့ စစ်ကောင်စီနှင့် ညှိနှိုင်းမှုလုံးဝမရှိခဲ့ကြောင်း အနောက်နိုင်ငံသတင်းမီဒီယာနှင့် ထိုင်းသတင်းမီဒီယာတို့၏မေးမြန်းမှုကို ဖြေကြားရာတွင် ပြောဆိုထားသည်။ စစ်ကောင်စီနှင့် တိုက်ရိုက်ပြောဆိုမှုတွေမရှိသော်လည်း BGF/KNA နှင့်တော့ စကားပြောဆိုမှု ညှိနှိုင်းမှုတွေ ရှိမည့်သဘောဟုယူဆရသည်။ မြဝတီမြို့ကို ကရင်အမျိုးသားတွေရဲ့ ထိန်းချုပ်မှုလက်ထဲမှာရှိရမယ်လို့ ခံယူထားကြောင်းလည်း မီဒီယာအချို့ကို ပြောဆိုထားတာတွေ့ရသည်။ 

လက်ရှိအနေအထားသည် အကျိုးစီးပွားတွေ၊ ရလဒ်တွေအတွက် ထည့်သွင်းစဥ်းစားရသည့် အနေ အထားမျိုးဖြစ်နေသည်ဟု ကောက်ချက်ချလျှင် မမှားဟုယူဆရသည်။ မည်သည့်အဖွဲ့မဆို အကျိုးစီး ပွားနှင့်ရလဒ်ကို ထည့်သွင်းစဥ်းစားကာ ဆုံးဖြတ်ချက်များချမှတ်ကြသည်မှာ မဆန်းပါ။ အကျိုး စီးပွားနှင့်ရလဒ်ကိုထည့်သွင်း မစဥ်းစားသည့် လက်နက်ကိုင်အဖွဲ့ဟူသည် ရေရှည်ရပ်တည်ရ ခက်ခဲမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း အကျိုးစီးပွားနှင့်ရလဒ်သည် အဖွဲ့အစည်း၏မူဝါဒနှင့် ကိုက်ညီဖို့ မဆန့်ကျင်ဖို့၊ ခေါင်းဆောင်လုပ်သူများ၏အကျိုးစီးပွားသာ မဖြစ်ဖို့၊ လက်နက်ကိုင်အဖွဲ့တဖွဲ့ထည်း၏အကျိုးစီးပွားသာ မဖြစ်ဖို့တော့ အရေးကြီးပါသည်။ 

KNU/KNLA အနေနှင့် တံတားအမှတ် ၂ အနီးက စစ်ကောင်စီတပ်များကိုအပြင်းအထန် တိုက်ခိုက်နေရာမှ ပြန်လည်ဆုတ်ရန်ဆုံးဖြတ်ခဲ့ရာမှာ ပြည်သူလူထုအန္တရာယ်ကင်းအောင် ပြန်လည်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်ဟုအကြောင်းပြချက်အဖြစ် ပြောဆိုခဲ့သည်။ ခလရ ၂၇၅ တပ်ရင်းက လက်ကျန်တပ်တွေ၊ အမှတ် ၄၄ တပ်မမှူးပါရှိနေတယ်လို့ယူဆထားကြတဲ့ အင်အား ၂၀၀ ခန့်ရှိတဲ့စစ်ကောင်စီတပ်တွေကို ဘာကြောင့် အပြီးအပြတ်အနိုင်ရအောင် မတိုက်နိုင်ကြသလဲဆိုသည့် အချက်အပေါ် လူအများက KNU/KNLA ကို မေးခွန်းထုတ်ချင်နေကြ ခြင်းဖြစ်သည်။ 

အခုတော့ မြဝတီမြို့အနေအထားက စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ အုပ်ချုပ်ရေး တို့လို အရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လည် အသက်ဝင်လာဖို့ ပြင်ဆင်နေတဲ့အထိ ပြောင်းလဲ သွားသည့် သဘောဖြစ်ပြီး၊ ရက်အနည်းငယ်အကြာ ပိတ်ထားတဲ့ ထိုင်းမြန်မာ နယ်စပ် တရားဝင်ကူးသန်းမှု ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြသည့် အခြေအနေလည်း ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အနေနဲ့ဆိုလျင် BFG/KNA က မြဝတီမြို့ ကို ထိန်းချုပ်ထားမည့်သဘောလည်း သတင်းဖေါ်ပြချက်တွေအရ တွေ့နေရ သည်။ မြဝတီမြို့က ကရင်လက်နက်ကိုင် အဖွဲ့၏ လက်ထဲတွင် ရှိနေသည်ဟုဆိုလျှင်မမှားသော်လည်း မြန်မာ အစိုးရစစ်တပ်နဲ့ ဆယ်စုနှစ်ချီ လက်အောက်မှာ နေထိုင်ရပ်တည်လာခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့၊ လောင်းကစားလုပ်ငန်းတွေ၊ ကျားဖြန့်လို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုအကာအကွယ်ပေးပြီး အကျိုးစီးပွားဖြစ်ထွန်းနေတဲ့လက်နက်ကိုင် အဖွဲ့ရဲ့လက်ထဲမှာရှိသည့်အနေအထားပင် ဖြစ်ပါတော့သည်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တောင်ပေါ် မြေပြန့်အားလုံး အတူတကွနဲ့ပြည်ထောင်စုတပ်တော်ပေါ်ထွန်းလာရေးနဲ့ဖယ်ဒရယ်ဒီမိုကရေစီကိုအုတ်မြစ်ချမည့် ပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက် တိုင်းရင်းသားမဟာမိတ်များ၊ ဒေသခံလက်နက်ကိုင်၊ လက်နက်မဲ့လူထုအခြေပြုအင်အား စုများ အတူတကွပွင့်လင်းမြင်သာစွာ ကြိုးပမ်းဆောင်ရွက်ကြရေးခရီးက ခြေသာလျင် ယာဉ်ရှိပေ၏လို့ ဆိုရမည်လား မသိပါချေ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar