ဆယ်ပေါင်တူ - လက်ဖက်ခြောက်၏ ကယောက်ကယက် သင်္ကြန်
ဆယ်ပေါင်တူ - လက်ဖက်ခြောက်၏ ကယောက်ကယက် သင်္ကြန်
(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄
ကားပေါ်က ဆင်းလိုက်သည်နှင့် သင်္ကြန်တီးလုံးကို ကြားလိုက်ရသည်။ အင်းလေ၊ ဇာတ်ဆရာအိမ် ဆိုတော့လည်း အခုလိုအချိန်မှာ သင်္ကြန်အကတွေ၊ ဘာတွေ တိုက်နေတာဖြစ်မှာပေါ့ဟု စိတ်ထဲက တွေးမိလိုက်သည်။ အရပ်ထဲ သွားနေလာနေကျ မဟုတ်သည့်အပြင်၊ အခုလိုအချိန်မျိုးမှာ အသွားအလာ အနေအထိုင်က ပိုဂရုစိုက်ရသည်။ တိုက်ပုံတထည်ကို ကောက်ဝတ်ပြီး ထွက်လာခဲ့သည်။ လုံခြုံရေးအားလုံးလည်း သူ့လိုပင် အရပ်ဝတ်တွေနှင့်ပင်။ အခုထက်ထိတော့ လမ်းခရီးတလျှောက်လုံး အဆင်ချောနေသေးသည်။
သီဆိုတီးမှုတ်နေသူများနှင့် လာကြည့်နေကြသူ လူအုပ်ကြီးက အများသား။ သို့သော်လည်း ဇာတ်ဆရာ ဆိုသူကို ကြာကြာမရှာလိုက်ရ၊ ကြိုသိထားရသလို ကိုယ့်ထက် အသက်ကြီးကြီးထဲက သျှောင်ထုံးပိုင်ရှင် ဆိုတာက ထိုသူ တယောက်တည်း ရှိ၍ပင်။ ဘုဂလန့်သမားလို့ သိထားရသည့်အတွက် အရိပ်အခြည်ကို ကြည့်ကာ စကားသွားစရသည်။
‘ဇာတ်ဆရာ ပိဿာစိန်နဲ့ ကျနော် စကားနည်းနည်း ပြောချင်လို့ပါ’
‘မင်းက ဘယ်သူလဲ၊ ဇာတ်ငှားမလို့လား’
‘ကျနော်က လက်ဖက်ခြောက်’ဟု လွှတ်ခနဲ ထွက်သွားပြီးမှ ‘ကျနော်က လက်ဖက်ခြောက်ကုန်သည်ပါ’ဟု ဖာထေးပြီး ပြန်ပြင်ပြောရသည်။
‘ဇာတ်ငှားဖို့ မဟုတ်ပါဘူး၊ စကားပြောစရာလေးရှိလို့ပါ’
‘ငါ ဒီမှာ သင်္ကြန်သီချင်း တိုက်ပေးနေတာ မမြင်ဘူးလား၊ လက်ဖက်ခြောက်ဝယ်ဖို့ မရှိဘူး၊ ဝယ်လည်း မသောက်ဘူး၊ အလကားရတာပဲ သောက်တယ်၊ စကားပြောချင်တိုင်း လာပြောရအောင် ငါက မင်းကြီးဒေါ်လင် မဟုတ်ဘူး၊ မင်း နှမယောက်ျားလည်း မဟုတ်ဘူး’ဟု ဂွတိုက်ပြန်ပြောသည်။
ပိဿာလေးနှင့် ဘေးပစ်သူ မဟုတ်ဘဲ ငယ်ထိပ်တည့်တည့် အားပါးတရ ထုတတ်သူဖြစ်၍ ပိဿာစိန်ဟု အမည်တွင်ထားသူဆိုတာကို ကြိုသိထားသော်လည်း စိတ်ထဲက ထောင်းခနဲ ဖြစ်သွားသည်။ သူ ဒီလောက် ရိုရိုကျိုးကျိုး ပြောဆိုနေသည်ကိုတောင် ပြေပြေလည်လည် ပြန်မပြော။ နေပြည်တော်က သူ့ရုံးခန်းထဲမှာဆိုရင် သျှောင်ထုံးကို ဆွဲဆောင့်ပြီး ကျုပ်ကို ဘာမှတ်နေသလဲဆိုပြီး မိုက်မိုက်ရိုင်းရိုင်း ပြောမိလိမ့်မည်။
မိုက်တာတွေ၊ ရိုင်းတာတွေက သူလိုလူအတွက်တော့ အဆန်းမဟုတ်။ ‘လက်ဖက်ခြောက် စိတ်ထိန်း၊ စိတ်လျှော့စမ်း၊ မင်း ဒီကိုလာတာ လက်ဖက်ခြောက်အနေနဲ့ မဟုတ်ဘူး။ သူ့ကို အကူအညီတောင်းဖို့ လာတယ်ဆိုတာ မမေ့နဲ့’ ဆိုပြီး သူ့ကိုယ်သူ ပြန်သတိပေးရသည်။
‘နေကြဦးကွ၊ တခုခု လိုနေသလိုပဲ။ တီးတာ၊ ဆိုတာ၊ ကတာတွေကတော့ ဟုတ်နေပြီ။ ဘာများလိုနေပါလိမ့်’ ဟု ပြောအပြီး လက်ဖက်ခြောက်ကို ပိဿာစိန် စိုက်ကြည့်လိုက်သည်။ ပြီးတော့မှ
‘ငါ သိပြီ၊ စင်ပေါ်မှာ ယိမ်းသမတွေက တူညီဝတ်စုံနဲ့၊ ပိတောက်ပန်းတွေ ဝေအောင်ပန်ထားပြီး ကခုန်နေကြပေမယ့် အလယ်က သီချင်းဆိုမယ့် သင်္ကြန်မင်းသား မပါတော့ တခုခု လိုနေတာကွ’
‘တိုက်ပုံနဲ့ လက်ဖက်ခြောက်ကုန်သည်၊ သွားဇာတ်စင်ပေါ်တက်၊ သင်္ကြန် သီချင်းဝင်တိုက်ပေးစမ်း’
‘ကျနော်သီချင်းမဆိုတတ်ဘူးဗျ၊ မလုပ်ပါရစေနဲ့’
‘ဘာမှမခက်ပါဘူးကွာ၊ ဒီသင်္ကြန်သီချင်း မင်း ကြားဖူးပါတယ်၊ ‘မန်းတောင်းရိပ်ခို’အလိုက်လေ၊ ‘မြနန္ဒာ’ဆိုတာ၊ဒီမှာ သီချင်းစာရွက်၊ ကျန်တဲ့သူတွေကလည်း ဝိုင်းဆိုပေးကြမှာ၊ တိုက်ပုံနဲ့ ဘာနဲ့ သင်္ကြန်မင်းသား ပုံပေါက်တာက အခုဒီမှာ မင်းတယောက်တည်း ရှိတာ’
ဇာတ်ဆရာ ပိဿာစိန်က တဇွတ်ထိုးသမား၊ သူနှင့် လေကြောမတည့်လျှင် လာရင်းကိစ္စ အဆင်မပြေ ဖြစ်တော့မှာမို့ လက်ဖက်ခြောက် ထပ်မငြင်းတော့ဘဲ ဇာတ်စင်ပေါ်သို့တက်ဖို့ ဟန်ပြင်လိုက်သည်။ ဇာတ်စင်လို့သာ ပြောရသည်၊ ပီပါခွံတွေပေါ် ပျဉ်ချပ်တွေခင်းထားသည့် မည်ကာမတ္တ စင်တခုသာဖြစ်သည်။
ပိတောက်ပန်းတွေ ဝေနေအောင် ပန်ထားကြသည့် ယိမ်းအဖွဲ့အလယ်မှာ သူကထီးထီးရပ်လို့။ သူ့ကိုလည်း သင်္ကြန်ပန်းကုံးတခု လာဆွဲပေးသည်။ တခါမှအခုလို စင်ပေါ်က ဖျော်ဖြေရေး အနုပညာသမားပုံစံမျိုး မနေခဲ့ရဘူး သည့်အတွက် စိတ်ထဲမှာ ကျိတ်သဘောကျနေမိသည်။
‘ဟေ့..လက်ဖက်ခြောက်ကုန်သည်၊ တလောကလုံး မင်းလုပ်စာစားနေကြရသလို မျက်နှာကြောတင်းပြီး စူပုတ်မ နေနဲ့၊ စင်ပေါ်မှာ ပြုံးပြီးနေမှပေါ့’
ပိဿာစိန်၏ အကြိမ်းခံလိုက်ရသည့်အတွက် လက်ဖက်ခြောက် သွားဖြီးပြီး နေပြလိုက်သည်။ သီချင်းစာရွက်ကို ဖတ်ကြည့်မှ သူတော့ ဒုက္ခရောက်ပြီလို့ သိလိုက်သည်။ အခုမှတော့ ဘာမှမတတ်နိုင်တော့၊ သင်္ကြန်မှာ ‘မြနန္ဒာ’လို့ မအော်ဖူးသူ မရှိဟုဆိုရမည့် ‘မန်းတောင်ရိပ်ခို’သီချင်းအလိုက်ဖြစ်၍ ဆိုရတာကတော့ အဆင်ပြေသည်။ စာသားကသာ တကယ့်ပြဿနာ။ အင်းလေ အခုကာလက တတိုင်းပြည်လုံးက လူတွေရဲ့ ရင်ထဲ ဒီအတိုင်းပဲ ရှိကြမှာဆိုတော့ သိပ်မထူးဆန်းလှ၊ သူ့အကြောင်းမပါတာပဲ တော်သေးသည်ဟု ဆိုရပေမည်။
‘ကဲ စမယ်’ဟု ပိဿာစိန်က အချက်ပြလိုက်သည်နှင့် ဆိုင်းဝိုင်းက စတီးမှုတ်တော့သည်။ လက်ဖက်ခြောက်လည်း သီချင်းစာရွက်ကို ကိုင်ကာ အားလုံးနှင့် ဟန်ပါပါလိုက်ဆိုသည်။
♫ (တပြည်လုံးချဉ်သော ဘကြင်ရယ်
အဝီစိအမြန်ဆုံး ရောက်စေကွယ်
ခြင်းကြားတပ်တပြုံလုံး ဂန့်ကာ
ဂိန်တော့မယ်ကွယ်) ၂
ကြောက်ချီး ဗိုလ်သောက်ပုရဲ့
ကြောက်လို့ပုန်းကာ မနေနဲ့ကွယ်
ကြောက်ချီး သားရေကြိုးသောက်ပု
လျှောက်လို့ပြေးကာ မနေနဲ့ကွယ်
ဖင်တကြွကြွနဲ့ မြင်လိုက်ရတာ
မျက်ကလူးဆန်ပြာ ကြောက်သေးပါ
ဖင်တမမနဲ့ မြင်လိုက်ရတာ
ကြောက်ချီးတွေပါ ကြင်စိုးခမျာ
ကြိုးတိုက်က စောင့်နေတယ်
ဟိုရှောင်ကာဒီပုန်း မလွတ်နိုင်တယ်
ကြိုးတိုက်က အသင့်ကြိုတယ်
ဟိုရှောင်ကာဒီပုန်းလည်း မလွတ်နိုင်တယ်
ပြုတ်ပြုတ်ပြုန်းသွားအောင် ကျုပ်တို့အားလုံးက
အသေကြုံးမယ် ♪
နောက်အပိုဒ်တွေ ဘယ်လိုဘယ်ပုံ ဆက်ဆိုနေမိမှန်းတောင် မသိတော့။ လက်ဖက်ခြောက်တယောက် ဆိုနေရင်းနှင့် ကြင်စိုးမျက်နှာကြီး ပြေးမြင်ကာ စိတ်ထဲလန့်ချင်သလိုလိုနှင့် ကတုန်ကယင် ကယောက်ကယက်တွေ ဖြစ်နေမိသည်။ သူ ဒီလိုဆိုနေတာကို သိသွားရင်တော့ ပြဿနာ အကြီးအကျယ်တက်မှာ သေချာသည်။
တကယ်တော့ လက်ဖက်ခြောက်သည် ကြင်စိုးကို အတော်လေးရှိန်သူ ဖြစ်သည်။ အခုသူ ဇာတ်ဆရာ ပိဿာစိန်ဆီ လာတာကလည်း သူ့ဘာသာ ကြင်စိုးကို ရှင်းမထုတ်ရဲသောကြောင့် ဖြစ်သည်။ သူ့ကိုမြှောက်ပေးသူတွေ ရှိကြသော်လည်း သူက မလုပ်ဝံ့။
‘လက်ဖက်ခြောက်ကုန်သည်၊ မင်းက ဘယ်ဆိုးလို့လဲ၊ ဝါသနာပါရင် ငါ့ဇာတ်ထဲ လိုက်မလား’
‘ဟဲဟဲ.. ကျနော်က ကြိုးစားဆိုကြည့်တာပါဗျာ၊ အဲဒီဇာတ်ထဲ လိုက်ဖို့ကိစ္စအတွက် ဇာတ်ဆရာဆီကို လာအကူအညီတောင်းတာဗျ၊ ကျနော့်အတွက်တော့ မဟုတ်ဘူး၊ ကျနော့်ဆရာအတွက်ဗျ’
‘အေး.. ပြောပါဦး၊ မင်းဆရာက ဘာလုပ်ချင်လို့လဲ’
‘ပိဿာစိန်ကြီးက ကျနော့်ဆရာကို သိပါတယ်၊ သူငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေမှာ ဇာတ်ဆရာဆီမှာ အပျော်တမ်း ဝင်ကဖူးတယ်တဲ့ဗျ’
လက်ဖက်ခြောက်က ထောက်လှမ်းရေး သတင်းပေးများဆီက ရရှိသည့် ကြင်စိုး၏ငယ်ဘဝကို ပြန်အစဖော်ပေးနေသည်။
‘အရပ်ပုတက်တက်နဲ့ အူကြောင်ကျား ပေါတိပေါချာ ပုံစံဗျာ၊ ဒေဝဒတ်အခန်းက အမြဲပါရတဲ့ ကောင်လေးလေ’
‘အင်း.. ငါ့ဆီမှာ ဒေဝဒတ်နေရာ လုပ်သွားတဲ့သူတွေကလည်း အများသားကွ၊ မင်း ပြောသလိုဆိုရင်တော့ သူခိုး ဒေဝဒတ်များလား မသိဘူး၊ အဲဒီကောင်က သူ ဖြစ်ချင်တာက ဘုရင်ကွ၊ ဘုရင်ခန်းက ပါချင်လို့ ဈေးထဲက ဟိုဟာခိုး ဒီ ဟာခိုးပြီး ငါ့ကိုအမြဲ လာဖားတတ်တယ်’
လက်ဖက်ခြောက်က ဝမ်းသာအားရနှင့် ‘သေချာတယ်၊ အဲဒါ သူပဲဖြစ်မယ်၊ သူက ဘုရင်ရူး ရူးနေတာ၊ ငယ်ငယ်ကတည်းက ဘုရင်အသေအလဲ ဖြစ်ချင်နေတာ’
‘အေး ဟုတ်ပြီ၊ ဒါဆိုရင် သူခိုး ဒေဝဒတ်ပဲ ဖြစ်မယ်၊ အံမယ် ဒီကောင်က မင်းရဲ့ ဆရာတောင် ဖြစ်နေပါရော့လား၊ သူက ဘာအလုပ်လုပ်နေတာလဲ’
ဒါတော့ အမှန်အတိုင်း ဖြေ၍မရ၊ သူခိုးဒေဝဒတ်သည် မအလကြင်စိုး ဆိုတာကို သိသွားလျှင် ပိဿာစိန်က လက်ခံတော့မည် မဟုတ်။ လက်ဖက်ခြောက်၏ အစီအစဉ်အားလုံး ပျက်သွားလိမ့်မည်။
‘အဲ …စီမံအုပ်ချုပ်ရေး အလုပ်ပဲ ဆိုပါတော့’
‘ဒီကောင်က တယ်ဟုတ်နေပါလား၊ ငါကတော့ သူ့ကို မင်းကြီးလာရင် သူခိုးပဲဖြစ်လိမ့်မယ်လို့ ပြောလေ့ရှိတာ’
အခုလည်း သူခိုးအဖွဲ့ခေါင်းဆောင်ပဲဟု လက်ဖက်ခြောက် စိတ်ထဲကပြောပြီးမှ အဲဒီထဲမှာ သူလည်း ပါနေတာကို သတိရသွားသည်။
‘ဒီလိုကွ အဲဒီတုန်းက အရပ်ထဲမှာကတဲ့ ဇာတ်စင်တွေက ခုနမင်းသီချင်း တက်ဆိုတဲ့ ဇာတ်စင်လိုမျိုး စည်ပိုင်းပြတ် ပေါ်ခင်းပြီး ကကြတာ။ ဒေဝဒတ် မြေမျိုတဲ့အခန်းဆိုရင် ကြမ်းပေါက်က ကျွံကျပြီး လူကပျောက်သွားရတာ။ အရပ်ရှည်တဲ့ကောင်တွေနဲ့ဆို ဘယ်လိုမှ အဆင်မပြေဘူး၊ မင်းဆရာ သူခိုးဒေဝဒတ် အရပ်ကတော့ ကွက်တိပဲ၊ ဒီကောင် မြေမျိုတဲ့အခန်းဆိုရင် ပီပြင်လွန်းလို့ ပရိတ်သတ်တွေက လက်ခုပ်လက်ဝါးတီးပြီး အရမ်းအားပေးကြတာ။ ဒါကြောင့် ငါလည်းသူ့ကို ဒေဝဒတ် နေရာကပဲ အမြဲလုပ်ခိုင်းတော့တယ်။ ဒီကောင် ငါ့ဆီမှာ ဘုရင်ဖြစ်မသွားရှာဘူး’
‘အခု အဲဒီအတွက် ကျနော် အကူအညီ လာတောင်းတာ။ ဇာတ်ဆရာဆီမှာ သူ ဘုရင်ခန်း လာလုပ်ခွင့်ရရင် ကျနော်လည်း သူ့နေရာကိုရပြီး ရာထူးတက်သွားမှာပေါ့။ သူလည်း တသက်လုံး အရူးအမူးဖြစ်ချင်နေတဲ့ ဘုရင်ဖြစ်ခွင့် ရသွားတာပေါ့။ ပိဿာစိန်ကြီးကသာ အဲဒီလိုလုပ်ပေးမယ်ဆိုရင် တနိုင်ငံလုံး ကြိုက်တဲ့နေရာပြော ဇာတ်လှည့် ကခွင့်ရအောင် လုပ်ပေးမယ်၊ သုဝဏ္ဏ အားကစားကွင်းမှာလား၊ ယဉ်ကျေးမှုကဇာတ်ရုံမှာလား၊ ဘယ်နေရာဖြစ်ဖြစ် ကျနော့်တာဝန်ထား’
‘အံမယ် တယ်ဟုတ်ပါလား၊ ငါ့ဇာတ်က အရပ်ဇာတ်သာသာဆိုတော့ အဲဒီလို နေရာတွေ ကချင်ပေမယ့်၊ တခါမှ အခွင့်မကြုံပါဘူးကွာ၊ မင်းစကားတော့ တည်ပါစေနော်၊ ဒါဆိုရင် မင်းဆရာ သူခိုးဒေဝဒတ်ကို ငါ့ဆီကို လွှတ်လိုက်၊ ငါ့ဆီမှာ ဘုရင်ဖြစ်စေရမယ်လို့’
‘တနိုင်ငံလုံး လှည့်ကရင်း နေရာအနှံ့မှာ ဘုရင်လုပ်ခွင့်၊ ဘုရင်ဖြစ်ခွင့် ရစေရမယ်လို့လည်း ပြောပေးဦးဗျ၊ အခု တလော ဟိုဒေသ ဒီဒေသ၊ အိုဗျာ တနိုင်ငံလုံး ဆိုပါတော့၊ သူ မျှော်မှန်းထားသလို မဖြစ်ပဲ စိတ်ထိခိုက်စရာတွေ ကြုံနေရရှာတာ’ဟု ပြောကာ လက်ဖက်ခြောက်လည်း နေပြည်တော်သို့ ပြန်လာခဲ့တော့သည်။ အပြန်လမ်းမှာတော့ ဘုရင်ရူးကြင်စိုးလည်း ဇာတ်ထဲဘုရင်ဖြစ်၊ သူလည်း ကြင်စိုးနေရာကိုရ၊ ဘယ်လောက်တောင် အဆင်ပြေသွားသလဲ ဟု တွေးမိပြီး ပီတိဖြာနေသည်။
တကယ်တမ်းက သူအပါအဝင် ကြင်စိုးတို့ ခိုးဆိုးလုနှိုက်၊ ဉာဏ်မွဲဉာဏ်နည်း၊ လူမိုက်လူယုတ်မာများအနေနှင့် တွက်ရေးကတော့ အမြဲစက်သူဌေး၊ တွက်ကြည့်မှ စက်မရှိကြ၊ လက်တွေ့မှာ မှန်းချက်နှင့် နှမ်းထွက် မကိုက်ကြလေသူများသာ ဖြစ်သည်ဆိုတာကို လက်ဖက်ခြောက်တယောက် မေ့လျော့နေခြင်းသာ ဖြစ်သည်။ အခုတော့ လက်ဖက်ခြောက်၏ သင်္ကြန်တွင်း စိတ်ကူးအိပ်မက် တကယ်ဖြစ်လာ၊ မလာဆိုသည်ကို ခဏတော့ စောင့်ကြည့်ကြရပေဦးမည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar