ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ခန့်၊ မြဝတီ၊ ရခိုင်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်က တိုက်ပွဲတွေ
မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၅ မြင်ကွင်း
(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ခန့်၊ မြဝတီ၊ ရခိုင်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်က တိုက်ပွဲတွေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်နေရာမှာ သြစတြေးလျနိုင်ငံက အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်းမတိုင်ခင်မှာ နောက်ဆုံး တာဝန်ယူခဲ့သူက စင်္ကာပူနိုင်ငံက နိုလင်းဟေဇာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်းအနေနဲ့ နိုင်ငံ တကာနဲ့ ဆက်ဆံရေး စည်းရုံးရေး အတွေ့အကြုံရှိခဲ့သူဖြစ်တယ်လို့ ဖော်ပြထားကြပြီး မြန်မာနိုင်ငံအရေးကိစ္စကို ဘယ်လိုညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်မလဲဆိုတာ စိတ်ဝင်စားစောင့်ကြည့်ရမယ့် ကိစ္စတရပ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြဿနာ၊ လက်နက်ကိုင် တိုက်ခိုက်မှုစစ်ပွဲတွေ နဲ့ ဒါတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေထိုင်နေရသူ (ကုလသမဂ္ဂ OCHA စာရင်းအရ) ၂.၈ သန်းအထိ ရှိလာတဲ့ အနေအထား၊ လက်နက်ကိုင် သေဆုံးမှုတွေ ခန့်မှန်းကိန်းဂဏန်း မရှိသော်လည်း၊ အရပ်သားသေဆုံးမှု ခန့်မှန်းခြေအားဖြင့် ၁ သောင်း အထက်ကိုရောက်ရှိလာကာ ထိခိုက်ဒဏ်ရာရသူ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ၊ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးရတာတွေက ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း မကြုံဖူးလောက်တဲ့ ကိန်းဂဏန်းတွေ ဖြစ်နေတာပါ။
အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အသစ်ခန့်အပ်ခြင်းဟာ ကောင်းမွန်တဲ့ရလဒ်ပေါ်ထွက်လာဖို့ မျှော်လင့်ချက်ထားရှိကြတာကို နားလည်သော်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံ ရေးအကြပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခကိုဖြေရှင်းဖို့ရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့အကူအညီပေးနိုင်တဲ့အတိုင်းအတာဟာ အကန့်အသတ်ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက် ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ လက်နက်ကိုင်တိုက်ခိုက်ကာ မိမိတို့ရဲ့ ရည်မှန်းချက်ကို ပြည့်မြောက်ဖို့ ကြိုးပမ်းနေကြတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ဆိုတဲ့ရည်မှန်းချက်မျိုး အောင်မြင်ဖို့ လောလောဆယ်မှာ မျှော်လင့်ဖို့ မလွယ်ကူသေးတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းလည်းဖြစ် လက်နက်ကိုင်အဖွဲ့အချို့ပေါ်မှာ မကင်းနိုင်တဲ့အကြောင်းတွေကြောင့် သြဇာရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ ၄င်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ သြဇာညောင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို အပစ်ရပ်ဖို့ ကြိုးပမ်းနေတာတွေ ရှိပေမယ့် အကန့်အသတ်တွေလည်း အများအပြားရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ အနေနဲ့ကတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စစ်ရေးအင်အားစုတွေအပေါ် တရုတ်နိုင်ငံလောက် သြဇာမရှိတာတွေ့ရမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ရပ်တည်ချက် သဘာဝအရလည်း နိုင်ငံရေးကိစ္စရပ်တွေထက် လူသားချင်းစာနာမှု အကူအညီရှုထောင့်က ရပ်တည်ပြောဆိုလိမ့်မယ်လို့ မှန်းဆရပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးခွင့်ရဖို့၊ စစ်ရေးအရ တိုက်ခိုက်ကြရာမှာ အရပ်ဘက် ပစ်မှတ်တွေ၊ အရပ်သားတွေအပေါ် တိုက်ခိုက်ခြင်းမပြုဖို့ တိုက်တွန်းတာမျိုးက အများဆုံးလုပ် ဆောင်နိုင်မယ့် အနေအထားလို့ မှန်းဆရပါတယ်။ အန်အယ်လ်ဒီ ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေအကြား၊ သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရအကြား ညှိနှိုင်းပြောဆိုနိုင်မယ့် အနေအထားမျိုးအခြေအနေမျိုးလည်း လက်ရှိမှာ ရှိမနေကြတာကြောင့် ကုလသမဂ္ဂ အနေနဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုကူညီမှုပေးအပ်နိုင်ရေးတွေကိုသာ ရည်မှန်းချက်ထားပြီး ကြိုး စားမယ့်သဘော ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအရေးမှာသာမကပဲ ကမ္ဘာမှာဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ် ပွဲလို၊ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်ရဲ့ လက်နက်ကိုင်နဲ့ အရပ်သား မခွဲခြားဘဲ ဗုံးကြဲ၊ တိုက်ခိုက်နှိမ်နှင်းနေတဲ့ ဖြစ်ရပ်တွေမှာ နိုင်ငံရေးအရကြားဝင် မဖြေရှင်းနိုင်သလို လူသားချင်း စာနာမှုအကူအညီပေးခွင့်ရရေး ကိစ္စတွေမှာလည်း သြဇာရှိရှိဖိအားပေးပြောဆိုနိုင်တဲ့ အနေ အထားမျိုး ရောက်မနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ နောက်ထပ် ကမ္ဘာစစ်လိုမျိုးထပ်မံမဖြစ်ပွားရအောင် ကုလသမဂ္ဂကိုရည်ရွယ်ဖွဲ့စည်းခဲ့တာမှန်ပေမယ့် လက်ရှိအနေ အထားမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို လူမှုရေး အသင်းအဖွဲ့ကြီးတခုလို နေရာမှာသာထားရှိကြပြီး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဆိုတာတွေကလည်း လက်တွေ့မှာ အကောင် အထည်ပေါ်အောင်ဆောင်ရွက်ဖို့ ချည်နှောင်မှုတွေ ဖိအားတွေ ပါမလာကြတဲ့ အနေအထားရောက်နေတဲ့အဖြစ်မျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ခုရက်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့်ဆွေးနွေးကြပေမယ့် နိုင်ငံတကာအနေနဲ့ စစ်လေယာဥ်တွေအတွက် လေယာဥ်ဆီ မရောင်းရေး ဆိုတဲ့ သဘောတူညီချက် တခုသာ ထွက်ပေါ်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်ချိန် မြန်မာနိုင်ငံတွင်းမှာတော့ လက် နက်ကိုင်တိုက်ပွဲတွေက ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်တာတွေ့ရမှာပါ။ ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်မြို့ တိုက်ပွဲ၊ မြဝတီမြို့အနီးက သင်္ဃန်းညီနောင်က ဗျူဟာကုန်းစခန်းနဲ့ တပ်ရင်းစခန်းတွေကို တိုက်ခိုက်သိမ်းယူတဲ့ သတင်း၊ ကချင်ပြည်နယ်မှာတော့ လိုင်ဇာအနီးမှာ ရှိတဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်ကို သိမ်းယူထားပြီး အခြားသော စစ်စခန်းတွေကို သိမ်းယူဖို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ရှမ်းမြောက်တခွင် အောက်တိုဘာလကုန်က စတင်ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေမှာ အပစ်ရပ်ဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပေမယ့် ဇန်နဝါရီလဆန်း မြောက်ပိုင်း ညီနောင် ၃ ဖွဲ့နဲ့ အပစ်ရပ်ပြီးနောက်မှာ စတင်ခဲ့တဲ့ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်ရပ်ဖို့ ပြောဆိုတာမျိုးတော့မကြားသိရသေးပါဘူး။ တရုတ်နိုင်ငံအနေနဲ့ KIA အပေါ် အထက်က မြောက်ပိုင်းညီ နောင် ၃ ဖွဲ့လို သြဇာမညောင်းတာကြောင့်လား သို့မဟုတ် မြန်မာစစ်ကောင်စီက တရုတ်နိုင်ငံဆီက ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုမရှိတာကြောင့်လား ရှင်းရှင်းလင်းလင်းတော့ မသိရှိရသေးတဲ့ အနေအထားဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar