နတ္ထိ - ဤဇာတ်လမ်း၊ ဤတွင် နိဋ္ဌိတံ
ဤဇာတ်လမ်း၊ ဤတွင် နိဋ္ဌိတံ
နတ္ထိ - ရေးသည်။
(မိုးမခ) ဧပြီ ၇၊ ၂၀၂၄
"အဘရေ ... အဘရဲ့ ... အဘရဲ့ သမီးတွေကို ထားသွားခဲ့တော့မှာလား အဘရယ်..."
ကြတ်ပြေးနေပြည်တော်ကြီးတွင်အခြေစိုက်၍ မြန်မာပြည်ကြီးကို မတရား သဖြင့် အုပ်ချုပ်မင်း လုပ်တော်မူနေသည့်၊ ဆင်မဲလုံး ဇော်မဲလုံးတို့၏အရှင် သခင်၊ အကျွန်ုပ်မသေမရှင်ဘုရင်ကြီးသည် အထက်ပါ ငိုကြွေးသံများကို ကြားလိုက်ရပြီးသကာလ၊ သမ္မတအိမ်တော်ရှိ လုံခြုံရေး စီစီတီဗွီ ဖန်သားပြင်မှတဆင့် အပြင်သို့ ရှုစားလိုက်သည့်အခါ မုတ္တမတသိုက်က ဦးဆောင်လာသည့် လက်တဆုပ်စာမျှသော မိန်းမတတအုပ်ကို မြင်လိုက်ရသည်။ မလောက်လေး မလောက်စား ပဒတ်လေးများက အကျွန်ုပ်စံမြန်းရာ နန်း တော်ဆောင်သို့ချိန်ရွယ်ပစ်လွှတ်လိုက်သည့် အသေခံ ကာမေကာဇေဒရုန်းများကြောင့် အကျွန်ုပ်မာလကီးယားသွားပြီထင်၍ လာရောက် ငိုချင်းချနေကြခြင်း ဖြစ်လိမ့်မည်။
အကျွန်ုပ်အား ချစ်ခင်မြတ်နိုးသောအားဖြင့် အသုဘရှုရန် ကြွရောက်လာကြသည့်တိုင်းသားပြည်သူတို့အား လစ်လျူရှုနိုင်သည့် နှလုံးသားမရှိသည့် အကျွန်ုပ်သည် ရှိသမျှသော ခွန်အားတို့ဖြင့် ကုန်းရုန်းထကာ ပြူတင်းပေါက်မှ ခေါင်းပြူ၍ ကြည့်မိသောအခါ ~
"အမလေး၊ သရဲ သရဲ ... ခေါင်းဖြူ သရဲကြီး"
ဒရုန်းဗုံး ပေါက်ကွဲသံကြောင့် အသည်းငယ်နေဆဲဖြစ်သည့် အကျွန်ုပ်သည် ငိုချင်းသည် ဂန်းမများ၏ အော်သံကြောင့် ရောယောင်၍ လန့်ဖြန့်သွားခဲ့သည်။
"ဟဲ့ ~ ဘယ်မလဲ သရဲ"
"အဲ့မှာလေ"
သူတို့က အကျွန်ုပ်ကို လက်ညှိုးဝိုင်းထိုးပြီး အော်ပြောတော့မှ အခန်းဒေါင့်ရှိ အက်ကွဲနေသည့် မှန်ထဲတွင် မိမိ၏ ရုပ်သွင်ကို လှမ်း၍ ရှုစားမိသည်။
မှန်ပေသည်။ တကိုယ်လုံး ဖုန်အလိမ်းဖြစ်နေသည့် အကျွန်ုပ်၏ ရုပ်သွင်မှာ ပီဘိသရဲဖြူတကောင်အလား ကြောက်မက်ဖွယ်ကောင်းလွန်းလှတော့ သည်။
"ဟယ်... အဘက တကယ်မသေဘူးဘဲ... ဒုက္ခပါပဲတော်။ အီးဟီးဟီး"
ယခုမှ အကျွန်ုပ်ဇာတ်ရည်လည်တော့သည်။ အိမ်တော်အောက်တွင် လာရောက်စုရုံးကြသည့် စစ်သားမယား မုဆိုးမတသိုက်သည် အကျွန်ုပ်အား မေတ္တာရှိ၍ အသုဘရှုလာခြင်းမဟုတ်ဘဲ၊ မသာအိမ်မှ ပစ္စည်းပစ္စယများကို လုယက်ယူငင်ရန် အကြံဖြင့်သာ လာကြခြင်း ဖြစ်လိမ့်မည်။ ယခု အကျွန်ုပ် မသေကြောင်း သိသွားသည်နှင့် ~
"ဒီမယ်... ပြောစမ်းပါဦး အဘ။ အဘ တသက်လုံး ကြွားကြွားနေတဲ့ စတင်းဒတ် ရှစ်ခေါဘဏီ အာမီကြီးက အခုတော့ ဘယ်ရောက်သွားပြီလဲ? ဟင်... ဖြေစမ်းပါဦး"
မထင်မှတ်ထားခဲ့သည့် မေးခွန်းကြောင့် အကျွန်ုပ် ဆွံ့အပြီး ကြက်သေသေနေစဉ် ... အင်္ဂတေမှုန့်များ၊ မျက်နှာကြက်ပြား အကွဲစများကြားတွင် မှောက်လျက်ကြီးမေ့လဲနေခဲ့သည့် အကျွန်ုပ်၏ အဂ္ဂမဟေသီကြီးသည် ရှစ်ခေါဘဏီ ဆိုသည့် အသံကို ကြားသည်နှင့် သူ့ကို ပြောသည်ဟုထင်ကာ နိုးလာတော့သည်။ ထို့နောက် ခြေကိုဒရွတ်တိုက်ဆွဲကာ ပြူတင်းပေါက်ရှိရာသို့ ဒယိမ်းဒယိုင်ဖြင့် ရောက်လာလေသည်။
"ဪ... အဘပြောတဲ့ ရှစ်ခေါဘဏီဆိုတာ အဲ့ဒါကြီးကိုး... ဟားဟားဟား"
စောစောလေးကမှ အပူသည်ရုပ်ဖြင့် ငိုချင်းလာချကြသည့် ပရိသတ်ကြီးသည် မဟေသီကြီးကို မြင်သည်နှင့် ခွက်ထိုးခွက်လန် ရယ်ပါတော့သည်။
"ဒါနဲ့... အဘရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကြီးကရော ဘယ်ရောက်သွားပြီလဲ"
"အင်း... ဒါကလေ... ဟို... ဟို... ဂိုဒေါင်ထဲကနေ မထုတ်ရသေးလို့ပါ"
"ဪ ... အဲလိုလား။ ဒါဖြင့် အဘရဲ့ ခေတ်မီလေတပ်ကြီး ဆိုတာကရော ဘယ်မှာလဲ"
"ရှိ... ရှိ... ရှိတယ်လေ။ တတိုင်းတပြည်လုံး ဗုံး... ဗုံးတွေ လိုက်ကြဲနေတယ်လေ"
"ဟားဟားဟားဟား... အဘရယ်... အစကတော့ တကယ့် ဗုံးတွေပါ။ အခုတော့ အဲ့လေတပ်ကြီးက ဗုံးတွေအစား ကျောက်တုံးတွေ လိုက်ကြဲနေတယ်လေ.... ဟားဟားဟားဟား"
"အဲ... အဲ... အဲဒါ... ခေတ်မီလေယာဉ်တွေပေါ်ကနေ ခေတ်မီကျောက်တုံးတွေ ကြဲချနေတာပါ"
"အမလေး ~ ဂျင်းအသစ်တွေ ထပ်ထည့်ပြီး မရွှီးပါနဲ့တော့ အဘရယ်။ သူများကို 'လေအစိုးရ' လို့ မှိုချိုးမျှစ်ချိုး ပြောခဲ့တဲ့ အဘတို့ကိုယ်တိုင် အခုတော့ လေအစိုးရကြီး ဖြစ်နေပြီဆိုတာ သိရဲ့လားရှင့်"
အကျွန်ုပ်၏ တော်ဝင်အိမ်စောင့်အစိုးရကြီးအား လေအစိုးရဟု စွပ်စွဲလိုက်သည့် ' ပုတုမ 'ဆိုသူမှာ သူ၏လင်ငယ် ဗိုလ်မှူးက မြောက်ပိုင်းတွင် တိုက်ပွဲကျခဲ့ပြီးနောက် အကျွန်ုပ်အပေါ် ခါးသီးသွားခဲ့သည့် မုတ္တမထိပ်ခေါင် ဖြစ် သည်။ သူပြောတော့မှ အကျွန်ုပ်၏ဘဝအဖြစ်ဆိုးပုံများအကြောင်းကို ပြန်ပြောင်းတွေးတောရင်း ရင်နာမိသည်။
အကျွန်ုပ်သည် သမ္မတဖြစ်ချင်ဇောဖြင့် အလျင်စလို အာဏာသိမ်းခဲ့သော်လည်း အာဏာသည်အကျွန်ုပ်၏လက်ဝယ်သို့ အမှန်တကယ် ရောက်မလာခဲ့ပါ။ ဤအချက်သည် အာဏာသိမ်းရန်ကြိုးစားအပြီး သုံးနှစ်ကျော်ကြာသွားပြီးနောက် ပို၍ သိသာလာခဲ့သည်။ ယခုဆိုလျှင် အကျွန်ုပ်၏ သြဇာသည် မြို့ကြီးများ၌ပင် ထင်ထင်ရှားရှားမရှိတော့ပြီ။ မြေအောက်ယူဂျီများနှင့် ပဒတ်ကလေးများသည် မြို့ကြီးများမှသည် ရွာငယ်လေးများအဆုံး အကျွန်ုပ်ထက် ပို၍ သြဇာအာဏာ ရှိကြလေပြီ။
အကျွန်ုပ်၏ အရင်က စိုးမိုးအုပ်ချုပ်ခဲ့ကြသည့် စစ်အာဏာရှင်တို့သည် အဖေကြီးဘွဲ့၊ အဘဘွဲ့တို့ကို ခံယူခဲ့ကြသည်ဖြစ်ရာ၊ အကျွန်ုပ်ကလည်း သူတို့ထက်သာသည့် ဘွဲ့မျိုးကို ခံယူချင်ပါသည်။ သို့သော် ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရားတို့ကဲ့သို့သော ခန့်ညားသည့် ဘွဲ့များကို ရှေးရှေးသော မင်းများက ယူသွားခဲ့ကြသည်ဖြစ်ရာ အကျွန်ုပ်ခမျာ ပြည်သူက ပေးသည့် 'မအိုးလေ" ဘွဲ့နှင့်သာ တင်းတိမ်ရရှာပါသည်။ ပြည်သူကပေးသည့် အခြားဘွဲ့တခုမှာလည်း တွေးမိရုံဖြင့် လည်ချောင်းယားလာတတ်သဖြင့် နှုတ်မှထုတ်၍ မပြောဝံ့တောပြီ။
အကျွန်ုပ်သည် ငြိမ်းချမ်းသောကာလများတွင် တပ်သားအင်အားကို ချဲ့ကားပြခြင်း၊ တကယ် မဝယ်သောလက်နက်များကို အဝယ်ပြခြင်းဖြင့် နိုင်ငံတော်ဘတ်ဂျက်မှငွေများကို အချောင်ဝိုက်နိုင်ခဲ့သော်လည်း စစ်ဖြစ်သောအခါ တသက်လုံးကုန်းသမျှကို ဆက်လက်ဖုံးမထားနိုင်တော့ပဲ ဘူးပေါ်သလို ပေါ်သွားခဲ့ပါပြီ။ ရှက်ဖွယ်လိလိပါတကား။
အဆိုးဆုံးမှာကား ~ နိုင်ငံတော် တနံတလျား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကျွန်ုပ်၏ မဟာ့မဟာ ဧရာမခြင်းကြားတပ်မတော်ကြီးက ခွက်ခွက်လန်အောင် ရှုံးနေခြင်းပေတည်း။ "ငါမသေလျှင် ငါ့စခန်း မကျစေရ" ဆိုသည့် ဆောင်ပုဒ်သည် ယခုအခါတွင် "ငါလည်းသေ၊ ငါ့စခန်းလည်းကျ" ဆိုသောအဖြစ်သို့ ရောက်ရှိနေချေပြီ။ ထို့ပြင်တဝ အကျွန်ုပ်၏အင်အားတို့အခြေစိုက်ရာ နေပြည်တော်ကြီးကိုပါ ဒင်းတို့က မခန့်မညား လာရောက်စော်ကားနေလေပြီ။ သို့ဖြစ်၍ မရှက်တမ်း မကြောက်တမ်း ဝန်ခံရပါလျှင် အကျွန်ုပ်နှင့်တကွ တပ်မတော်ကြီး၏ နေဝင်ချိန် နီးကပ်လာချေပြီ။
အကျွန်ုပ်သည် မှားယွင်းသောခေတ်တွင် အာဏာရှင်ဖြစ်လာရသည့် မိမိ၏ ဘဝကံကြမ္မာကို ဆင် ခြင်သုံးသပ်ရင်း ကံမကောင်း အလောင်းမလှစွာ ဇာတ်သိမ်းသွားခဲ့ရရှာသည့် ချောင်ချက်စကူး၊ ဆဒတ်ဟူစိန်၊ ကဒါဖီ အစရှိသည့် နောင်တော့် နောင်တော် အာဏာရှင်ကြီးများ၏ ဘဝနိဂုံးကို မြင်ယောင်လာသည်။ ဝမ်းနည်းကြေကွဲလာသည်။ မျက်ရည်များကျကာ ဆို့နစ်လာသည်။
ထိုစဉ်ခဏ အကျွန်ုပ်တို့နှင့် မလှမ်းမကမ်းတနေရာတွင် မြင်းများ ကဆုန်ပေါက်လာဘိသကဲ့သို့ ဖုန်တထောင်းထောင်းထကာ အိမ်တော်ဖက်ဆီဦးတည်လာနေသော အင်အားစုတခုကို မြင်လိုက်ရသည်။ အကျွန်ုပ်က ကမန်းကတန်း မျက်ရည်သုတ်ကာ အဝေးကြည့်မှန်ပြောင်းကို လှမ်းအယူတွင် အိမ်တော်အောက်မှ မုတ္တမများနှင့် အိမ်တော်စောင့်တပ်သားများ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြသည်။
မှန်ပြောင်းမှတဆင့် မြင်လိုက်ရသည်ကတော့ ~ တပ်ဦးတွင် ကြယ်တလုံး အလံနီ ဖက်ဆစ်တော် လှန်ရေးအလံကို တလူလူလွှင့်ထူပြီး အိမ်တော်ဖက်ဆီသို့ ဒလကြမ်း မောင်းနှင်လာသော ကားတန်းကြီး။ ကားပေါ်တွင် ပါလာကြသည်က ပိုစတာများနှင့် လက်နက်များကို ကိုင်ဆောင်ထားကြသည့် ပဒတ်လူငယ်လေးများ။
ရှေ့ဆုံးကားတွင် မြင်လိုက်ရသည်က မမြသွဲ့သွဲ့ခိုင်၏ ဓာတ်ပုံ။ ပိုစတာများတွင် ရေးသားထား သည်က "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" ၊ "ငါတို့အလှည့် ကျန်သေးတယ်" အစရှိသည့် စာတမ်းများ။ လူငယ်တယောက်၏ လက်ထဲတွင်မတော့ လျှောကွင်းဆင်၍ အသင့်ပြင်ထားသည့် ကြိုးတခွေ။
ဘာမဆို လုပ်ရဲသည်ဟု ကြွေးကြော်ကာ ဘာမဆိုလုပ်ခဲ့သည့် အကျွန်ုပ်တွင် ဘာမဆို ခံရဲသည့် သတ္တိမျိုးတော့ မရှိပါ။ သူတို့ကို ကြည့်၍ အကျွန်ုပ် တုန်လှုပ်လာသည်။ မျက်နှာတွင် သွေးဆုတ်လာသည်။ ရင်တုန်ကာ ဇော ချွေးတို့ ပြန်လာသည်။ အာခေါင်ခြောက်သွေ့ကာ ဒူးများတုန်ဆင်းလာသည်။ လည်ပင်းယားလာသည်။ မျှော်လင့်ခဲ့သည်ထက် စောစီးစွာရောက်လာသည့် မရဏတရား ၏စီရင်မှုကို အကျွန်ုပ် မလွဲမသွေ ရင်ဆိုင်ရတော့မည်။
သို့သော် ဤစီရင်မှုကို အကျွန်ုပ်တယောက်တည်း မခံယူလိုပါ။ အကျွန်ုပ်နှင့် အလိုတူအလိုပါ ဖြစ်ခဲ့ကြသော ဘရွှေ၊ ဘစိန်တို့ အမှူးပြုသည့် တပ်ချုပ် တပ်မှူးကြီးများနှင့် မီးလောင်ရာလေပင့်လုပ်ခဲ့ကြသည့် မဘသ အဝါ အစိမ်းများသည်လည်း ဤစီရင်မှုကို ခံယူသင့်ပေသည်။ အနည်းဆုံးအား ဖြင့် ~ အကျွန်ုပ်၏ပါရမီဖြည့်ဖက်လည်းဖြစ်၊ ဆိုးဖော်ဆိုးဖက် ခိုးဖော်ခိုးဖက်ကြီးလည်းဖြစ်သည့် အဂ္ဂမဟေသီ ရှစ်ခေါဘဏီကြီးကိုယ်တိုင် ဤစီရင်မှုကို ခွဲဝေခံယူမှသာလျှင် တရားမျှတပေလိမ့် မည်။
ဤအတွေးဖြင့် အကျွန်ုပ်၏ဘေးရှိ မဟေသီကြီး၏ လက်ကို လှမ်းကိုင်လိုက်ရာ... ထိုဂန်းမ ဘယ်အချိန်ကတည်းက ထွက်ပြေးသွားသည်မသိ၊ အိမ်တော်ထဲတွင် တပ်ချုပ်၊ ဝန်ကြီးချုပ်နှင့် ဥက္ကဋ္ဌတည်းဟူသော သုံးလောင်းပေါင်းသည့် အကျွန်ုပ်အတ္တဘောကြီး တဦးတည်းသာ ငူငူငေါငေါကြီး ကျန်ရစ်သည်ကို ဧကန်ဧက သိလိုက်ရပေတော့သတည်း။
ဤဇာတ်လမ်း ဤတွင် နိဋ္ဌိတံ။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar