Breaking News

မြဝတီမြို့နယ်ထဲက တပ်ရင်း၊ ဗျူဟာစခန်းတွေ အများစု KNLA သိမ်းပိုက်၊ ရခိုင်ပြည်နယ်က ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ စခန်းသိမ်းယူမှု

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၆ မြင်ကွင်း

(မိုးမခ) ဧပြီ ၇၊ ၂၀၂၄

မြဝတီမြို့နယ်ထဲက တပ်ရင်း၊ ဗျူဟာစခန်းတွေ အများစု KNLA သိမ်းပိုက်၊ ရခိုင်ပြည်နယ်က ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ စခန်းသိမ်းယူမှု 

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ဧပြီလ ၆ ရက်နေ့မှာ KNLA တပ်တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် နဲ့ တပ်မိသားစု စုစုပေါင်း ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ သတင်းတွေ ဖေါ်ပြထားပြီး မြဝတီမြို့နဲ့ အနီးဆုံး တပ်ရင်းဖြစ်တဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၅၇ ကိုလည်း တိုက်ခိုက်နေရာမှာ လက်နက်ချဖို့ ညှိနှိုင်းနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ခလရ ၂၅၇ ကျခဲ့ရင် မြဝတီမြို့ လည်း ကျပြီဆိုတဲ့ သဘောလို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပြီး စစ်ကောင်စီ အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့တွေထဲ ကုန်သွယ်မှု ပမာဏ အများဆုံးရှိတဲ့ မြဝတီမြို့ကို လက်လွှတ်ဆုံးရှုံးရမယ့် အနေအထား ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ လတွေကတည်းက သင်္ဃန်းညီနောင်တဝိုက်က စစ်ကောင်စီ တပ်ရင်းတွေကို ကေအန်အယ်လ်အေ တပ်တွေက တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး ဇန်နဝါရီလနှောင်းပိုင်းမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်ရာထူး အဆင့်ရှိတဲ့ တပ်မ ၄၄ ရဲ့ တပ်မမှူးနဲ့ အခြားစစ်အရာရှိ ၄ ဦး ရဟတ်ယာဥ်နဲ့ လာရောက်စဥ် ပစ်ခတ်ခံရပြီး ရဟတ်ယာဥ် ပျက်ကျကာ သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာပါ။ 

ယခုရက်ပိုင်းအတွင်း ကေအန်အယ်လ်အေက တပ်ရင်းတွေ ဗျူဟာကုန်းတွေ သိမ်းယူနိုင်ခဲ့ခြင်းဟာ မြဝတီမြို့ကို အတားအဆီးမရှိ သိမ်းယူဖို့ လမ်းပွင့်သွားခဲ့တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာမီ လပိုင်းတွေအတွင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်အဖြစ်ကနေ နုတ်ထွက်ပြီး ၄င်းတို့ဘာသာ ၄င်းတို့ ရပ်တည်ခဲ့တဲ့ စောချစ်သူ ဦးဆောင်တဲ့ BGF လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခုတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကာကွယ်တိုက်ခိုက်ပေးတာ မရှိတော့တဲ့အချက်က ကေအန်အယ်လ်အေအတွက် အားသာချက်တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

ကရင်ပြည်နယ် အရှေ့ဘက်ပိုင်း ဖြစ်တဲ့ ကော့ကရိတ်မြို့ကို ကေအန်အယ်လ်အေ၊ အခြား ပူးပေါင်းအဖွဲ့တွေ လအတန်ကြာ တိုက်ခိုက်နေခဲ့ပေမယ့် အပြီးတိုင် သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ ကော့ကရိတ်မြို့ နဲ့ တဆက်တစပ်ထည်း ဖြစ်နေတဲ့ တပ်ရင်း ခလရ ၉၇ တပ်စခန်းကို သိမ်းယူဖို့ကြိုးစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်နီးပါး ကာလအတွင်း ကော့ကရိတ်မြို့ ကို ၃ ကြိမ်ထက် မနည်းတိုက်ခိုက်ခဲ့ပြီး ယခုတကြိမ် တိုက်ခိုက်မှုက အကြာရှည်ဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။ ကော့ကရိတ်မြို့က လူနေအိမ် ရာဂဏန်းနဲ့ ချီပြီးမီးလောင် ပျက်စီးခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ကော့ကရိတ်မြို့ သိမ်းယူဖို့ တိုက်ခိုက်မှုဟာ စုစုပေါင်း ၄ လဝန်းကျင် ကြာမြင့်လာသည့်တိုင် မြို့နဲ့ စစ်ကောင်စီ တပ်ရင်းကို အပြီးအပြတ် မသိမ်းယူနိုင်သေးတာကြောင့် မြို့ပေါ်က လူနေအိမ်နဲ့ မြို့နေလူထု အဖို့ ဆုံးရှုံးမှုကြီးမားတဲ့ အနေအထားလို့ ရှုမြင်နေကြတာ ဖြစ်ပါတယ်။ ကော့ကရိတ်မြို့က မြဝတီလောက် နယ်စပ်ကုန်သွယ်ရေး မှာ အရေးမပါပေမယ့် အာရှလမ်း မဖေါက်လုပ်မီက အိန္ဒု၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီကားလမ်းပေါ်မှာ ရှိပြီး စည်ကားတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ ၄ လဝန်းကျင် ကြာမြင့်တဲ့ တိုက်ပွဲမှာ ပျက်စီးဆုံးရှုံးမှုတွေ ဘယ်လောက်ရှိနေသလဲ ဆိုတဲ့ အသေးစိတ် ကိန်းဂဏန်းတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ 

ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဓိက ကားလမ်း ဖြစ်တဲ့ ကော့ကရိတ် မြဝတီ အာရှလမ်းကို ပြီးခဲ့တဲ့ နှစ်ကတည်းက တံတားဖောက်ခွဲပြီး ပိတ်ဆို့ထားပေမယ့်လည်း အခြားလမ်းဖြစ်တဲ့ ထော့ကော်ကိုး လမ်း နဲ့ ကြက်ဥတောင်လမ်းတို့လို ကားလမ်းတွေက တဆင့် ကုန်ပစ္စည်းတွေ သယ်ယူနေကြတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ဘားအံ၊ သထုံ၊ ရန်ကုန် အထိ အတိုဆုံးလမ်းကြောင်းလည်း ဖြစ်တဲ့ မြဝတီလမ်းကြောင်းက ဆက်လက် အရေးပါနေဦးမှာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ မြဝတီကို လက်လွှတ်လိုက်ရတဲ့ အခြေအနေမျိုးမှာ နယ်စပ်ကုန်သွယ်ရေး အခွန်အကောက်ကို မြဝတီကနေ ဘားအံ၊ သထုံတို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတနေရာရာမှာ ကောက်ခံဖို့ စီစဥ်ကောင်းစီစဥ်နိုင်ပါတယ်။ 

ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့တွေ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ လက်ကို ကျရောက်နေချိန်မှာ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့အနီးက တပ်ရင်း တရင်းဖြစ်တဲ့ ခမရ (၅၆၄) ကို AA လက်နက်ကိုင် တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း AA က ထုတ်ပြန်လိုက်ပါတယ်။ 

အဆိုပါ ခမရ (၅၆၄) ကို မသိမ်းယူမီ သီတင်းနှစ်ပတ်ကျော်ကလည်း ဘူးသီးတောင်မြို့ က ခမရ (၅၅၂) ကို AA က သိမ်းယူထားခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ လ နီးပါးကာလ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက စစ်စခန်းတွေနဲ့ မြို့တွေကို AA က သိမ်းယူထားသလို ရခိုင်ပြည်နယ် အလယ်ပိုင်း ရမ်းဗြဲကိုလည်း သိမ်းယူထားတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၅ မြို့နယ်အနက် ထက်ဝက်ကျော်ကို AA က သိမ်းယူထားပြီးဖြစ်ကာ ရခိုင်ပြည်နယ် အနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က နယ်ခြားစောင့် စခန်းတွေ အများအပြားကိုလည်း သိမ်းယူထားပြီး ဖြစ်ပါတယ်။ ပြည်နယ် မြို့တော် စစ်တွေကိုတော့ AA က တိုက်ခိုက်ခြင်း မရှိသေးဘဲ ရခိုင်ပြည်နယ်ရဲ့ စစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုလည်း တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေ တွေ့နေရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar