Breaking News

ရှမ်းမြောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂၅ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၄

ရှမ်းမြောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ

၁၀၂၇ စစ်ဆင်ရေးကာလတွေမှာ စစ်ကောင်စီ တပ်တွေထဲက တိုက်ယူ သိမ်းပိုက်ရရှိထားတဲ့နယ်မြေတွေ၊  ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့အနက် TNLA  ပလောင် လက်နက်ကိုင် အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ၊ MNDAA ကိုးကန့်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ KIA ရဲ့  ရုံးနဲ့ ဆက်ဆံရေးရုံးလို နေရာမျိုးတွေကို ဖယ်ရှားပေးဖို့ MNDAA နဲ့ TNLA တို့က အသီးသီး အကြောင်းကြားတာ၊ စာကပ်တာတွေ ခုသီတင်းပတ်တွေမှာ စတင်ဖြစ်ပွားလာနေတာ တွေ့ရပါတယ်။ ပထမဆုံး အဖြစ်အပျက်က ကွတ်ခိုင်မြို့မှာ ရှိတဲ့ KIA ဆက်ဆံရေး ရုံးကို TNLA က ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ နှိုးဆော်စာပေးခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ 

ကချင်တိုင်းရင်းသားတွေ အများအပြား နေထိုင်ကြတဲ့ ကွတ်ခိုင်မြို့မှာ KIA ဆက်ဆံရေးရုံးဟာ အစဥ်အဆက်ကတည်းက တည်ရှိခဲ့တဲ့နေရာဖြစ်ပြီး အချို့သောကာလတွေမှာ KIA နဲ့ အစိုးရ စစ်တပ်တို့ မပြေလည်တဲ့ ကာလတွေ ဆက်ဆံရေး မကောင်းတဲ့ ကာလတွေမှာ ဒီဆက်ဆံရေး ရုံးမှာ KIA တပ်ဖွဲ့ရဲ့ကိုယ်စားလှယ်တွေ နေထိုင်နိုင်ခြင်းမရှိခဲ့ပဲ၊ မကြာခင်လပိုင်းတွေက စစ်ကောင်စီကို ဆန့် ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်တဲ့ TNLA က ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာ KIA ရဲ့ ဆက်ဆံရေး ရုံးက ပြန်လည် အသက်ဝင်လာတဲ့ သဘောလို့ သတင်းရေးသားမှုတွေ သမိုင်းအထောက်အထားတွေအရ နားလည်ရပါတယ်။ KIA လက်နက်ကိုင်အဖွဲ့အနေနဲ့ ကွတ်ခိုင်မြို့နဲ့အနီးတဝိုက်ဒေသတွေမှာ ကချင်လူမျိုးတွေအစဥ်အဆက်ကတည်းက အခြေစိုက်နေထိုင်နေခဲ့ကြတာဖြစ်သလို ဗြိတိသျှ ကိုလိုနီခေတ် အင်္ဂလိပ်တို့ အုပ်ချုပ်စဥ်မှာ ကချင်ဆပ်စတိတ်ဒေသအဖြစ်သတ်မှတ်ခဲ့ပြီး ရှမ်းနယ်မြေထဲက ကချင်လူမျိုးတွေ အခြေချ နေထိုင်ခဲ့ကြတဲ့ဒေသအဖြစ် အုပ်ချုပ်ရာမှာ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၀၂၇ စစ် ဆင်ရေးအတွင်း TNLA လက်နက်ကိုင်အဖွဲ့က ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး အဲဒီနောက်မှာ TNLA က အုပ်ချုပ်ရေးဖော်ဆောင်အုပ်ချုပ်နေတာဖြစ်ပြီး ကွတ်ခိုင်မြို့နဲ့သိပ်မဝေးတဲ့ လားရှိုး-မူဆယ်လမ်းမကြီးနဘေးက နမ့်ခမ်းဘက်သွားရာ လမ်းခွဲပေါ်က နမ့်ဖတ်ကာကျေးရွာကိုတော့ KIA တပ်တွေက ၁၀၂၇ နှောင်းပိုင်းကာလမှာ တိုက်ခိုက်သိမ်းယူခဲ့တာပါ။ 

တဖန် မူဆယ်ခရိုင်ထဲမှာ ရှိပြီး တရုတ်နိုင်ငံနဲ့နယ်နိမိတ် မျဥ်းပေါ်မှာတည်ရှိတဲ့ မုန်းကိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး အစပိုင်းကာလမှာတင် စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတဲ့လက်ထဲက MNDAA လက်နက်ကိုင်အဖွဲ့ကတိုက်ခိုက်သိမ်းယူခဲ့ပြီး အုပ်ချုပ်နေတဲ့မြို့ဖြစ်ပါတယ်။ မုန်းကိုးမြို့ရဲ့ အတိတ်သမိုင်းတွေမှာ ဆယ်စုနှစ် ၂ ခုကြာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့ပြီး ၁၉၈၉ ခုနှစ် ဧပြီလ ကွန်မြူနစ်ပါတီပြိုကွဲချိန်မှာ ကိုးကန့်အဖွဲ့ခေါင်းဆောင်ဖုန်ကြားရှင်က ထိန်းချုပ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ ရဲ့ အုပ်ချုပ်သူအဖြစ်ကနေ မြန်မာစစ်အစိုး ရတပ်ရဲ့ ဖယ်ရှားခြင်းကိုခံခဲ့ရပြီးနောက် မကြာသေးခင်ကာလအထိ စစ်ကောင်စီတပ်တွေက ထိန်း ချုပ်ထားခဲ့တဲ့ မြို့နယ်ခွဲ မြို့တမြို့ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားလူမျိုးစုတွေ တခုမကရှိနေပြီး နေရာဒေသတွေမှာ အစဥ်အဆက်အခြေချနေထိုင်လာကြတာဖြစ်ပါတယ်။ ရှမ်း၊ တအန်းပလောင်၊ ကိုးကန့်၊ ကချင် စတဲ့ တိုင်းရင်းသားလူမျိုးစုတွေဖြစ်ကြပြီး သမိုင်းကြောင်းအရ အခြေချနေထိုင်လာခဲ့တဲ့ဒေသတွေ၊ လူမျိုးစုအလိုက် ဖွဲ့စည်းပေါ်ထွက်လာကြတဲ့ လက်နက်ကိုင်အဖွဲ့တွေက လက်နက်နဲ့ တိုက် ခိုက်ပြီး သိမ်းယူထားတဲ့နယ်မြေ စသဖြင့် အနေအထားအမျိုးမျိုး ကွဲပြားကြပါတယ်။ ရှမ်းမြောက်ဒေသက နမ့်ခမ်းမြို့ ဆိုရင်လည်း ကချင်၊ ရှမ်း နဲ့ တအန်းပလောင်တွေနေထိုင်ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ နမ့်ခမ်းမြို့နဲ့ ထိစပ်နေတဲ့ မံစီမြို့နယ်ထဲမှာတော့ ကချင်လူမျိုးတွေအများစုဖြစ်ပြီး မံစီက ကချင်ပြည်နယ်ထဲပါရှိသလို နမ့်ခမ်းက ရှမ်းပြည်နယ်ထဲ ပါရှိတာဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာတော့ ညီနောင်မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့က အင်တိုက်အားတိုက် စုစည်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကိုအရှိန်သတ်လိုက်တဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဆွေးနွေးခဲ့ကြတဲ့ဟိုင်ဂင်သဘောတူညီချက် ဇန်နဝါရီလထဲပေါ်ထွက်လာပြီးနောက်မှာ စစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင် ၃ ဖွဲ့အကြားအပစ်ရပ်ဖို့သဘောတူခဲ့ကြတာကြောင့် လက်နက်ကိုင်တပ်တွေ သိမ်းယူထားတဲ့နေရာဒေသတွေမှ ာရှိမြဲအတိုင်း ဆက်လက် နေရာယူထားကြပြီး နောက်တဆင့် အနေနဲ့ သိမ်းယူထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေက နယ်မြေဒေသအသီးသီးမှာ အုပ်ချုပ်ရေးတွေ အကောင်အထည်ဖော်ဖို့ လုပ်ဆေင်လာကြတာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ နယ်မြေဒေသတွေရဲ့ နေထိုင်ကြတဲ့ မတူ ကွဲပြားတဲ့ လူမျိုးစုတွေရဲ့ အချိုးအစား၊ သမိုင်း အစဥ်အလာအရ ထိန်းချုပ်ခဲ့မှု စတာတွေနဲ့ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းယူ ထားတဲ့ အဖွဲ့ စတာတွေက ထပ်တူကျတာတွေ ရှိသလို ထပ်တူမကျတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

AA လို့ အတိုကောက်ခေါ်ဆိုတဲ့ ရခိုင့်တပ်တော်အနေနဲ့တော့ ရှမ်းမြောက်ပိုင်းမှာ အစဥ်အလာအရ၊ လူမျိုးအခြေချနေထိုင်မှုအရ သက်ဆိုင်မှုမရှိလို့ ဒီကိစ္စတွေထဲမပါဝင်ပေမယ့် TNLA နဲ့ MNDAA အပြင် KIA လို၊ တိုက်ခိုက်မှုတွေထဲမပါဝင်ခဲ့ပေမယ့် ရှမ်းလူမျိုးတွေကို ကိုယ်စားပြုပြီး ရှမ်းပြည် နယ်မြောက်ပိုင်းမှာ တပ်အခြေချထားမှုရှိတဲ့ SSPP/SSA လိုမျိုးလည်း ပါဝင် သက်ဆိုင်လာမယ့် သဘော ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ နယ်မြေစိုးမိုးထိန်းချုပ်မှု၊ အခွန်အကောက် ကောက်ခံမှုနဲ့ စစ်သားစုဆောင်းမှုဆိုတဲ့ အကြောင်းအရာခေါင်းစဥ် ၃ ခုမှာ ဆွေးနွေးမှုတွေ ရှိဖို့ ဖြစ်လာပါတော့တယ်။ ဆွေးနွေးမှုတွေ မရှိခဲ့ရင် လက်နက်ကိုင်တပ်တွေအချင်းချင်း ထိတွေ့မှုတွေ ဖြစ်ပေါ်လာနိုင်တာလည်း ဖြစ်ပါတယ်။ ခုရက်ပိုင်းဖြစ်ပေါ်နေတဲ့ပြဿနာတွေက အထက်က ခေါင်းစဥ်အကြောင်းအရာ ၃ ခုအပေါ် မူတည်ကာ ပေါ်ထွက်လာတဲ့ပြဿနာတွေဖြစ်ပြီး ဘယ်နည်းနဲ့ ဖြေရှင်းကြမလဲဆိုတာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ 

နိုင်ငံရေးနည်းလို့ဆိုတဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းမလား သို့မဟုတ် အဲဒီနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့ရင် လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တာလည်း ရှိတာဖြစ်ပါတယ်။ တဖက်မှာ စစ်အာဏာရှင်ကိုအပြီးသတ်အနိုင်ယူဖြုတ်ချဖို့ကြိုးစားနေဆဲတိုက်ခိုက်နေရဆဲကာလမှာပဲ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားဖို့အစပျိုးလာတာမျိုးက စစ်အာဏာရှင်ဖြုတ်ချရေးကြိုးပမ်းမှုကိုအင်အားချည့်နဲ့စေမှာ အသေအချာဖြစ်ပါတယ်။ 

မဟာမိတ်အဖွဲ့တွေအကြားက ပြဿနာ၊ ပွတ်တိုက်မှု၊ အကျိုးစီးပွားချင်းဆန့်ကျင်ဘက်ဖြစ်လာတာတွေကို နိုင်ငံရေးနည်းနဲ့ ပြည်သူလူထုရဲ့အဆုံးအဖြတ်၊ လူထုရဲ့ ဆန္ဒခံယူခြင်း နည်းလမ်းနဲ့ ဖြေရှင်းနိုင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါက လက်နက်ကိုင်တိုက်ပွဲကို ရန်သူနဲ့ ရင်ဆိုင်ရာမှာသာ ကျင့် သုံးပြီး မိမိတို့မဟာမိတ်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအကြား ပဋိပက္ခ၊ အားပြိုင်မှု၊ အကျိုးစီးပွားပဋိပက္ခဖြစ်မှုတွေကို ဒီမိုကရေစီနည်းလမ်း၊ လက်နက်ကိုင်တိုက်ခိုက်တဲ့နည်းလမ်းမဟုတ်တာနဲ့ ဖြေရှင်းနိုင်ကြဖို့အရေးကြီးကြောင်း အခုလတ်တလော အဖြစ်အပျက်တွေက မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar