Breaking News

မောင်လင်းရိပ် - ပုဒ်မ ချရန်မလိုတဲ့ စာကြောင်းတွေ

Art by Than Htay Maung
ပုဒ်မ ချရန်မလိုတဲ့ စာကြောင်းတွေ
မောင်လင်းရိပ်
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၄

လရောင်အောက်မှာ ကံ့ကော်ပွင့်ခြောက်ကလေး နှစ်ယောက်ပဲ ရှိသတဲ့
နောက်ဆုံးပွင့်တဲ့ ပန်းကလေးတွေဟာ မခူးပဲထားတော့ အပွင့်မပျက် ခြောက်သွားခဲ့
ခုတော့ ညတိုင်း အိမ်ရှေ့ဝရန်တာဘက်ဆီ လှမ်း အချက်ပြနေသလိုပဲ
ကျွန်တော် လေရှူဖို့ ထွက်လာရင် ငိုသံလိုလို ကြားရတယ်
တစ်လောကလုံး ငြိမ်သက်နေတဲ့အချိန် သူတို့ပဲ အသက်ရှိတာ
အစွမ်းကုန်ပွင့်ပြီး အစွမ်းကုန်မွှေးပြီးတဲ့နောက် ဘာမစ်ရှင်ကျန်သေးလဲ
တွေးရင်းနဲ့ တွေးသူကို ခေတ်တစ္ဆေခြောက်ပါစေသား
လူဆိုရင်သေရမှာ ဆိုတာလို ကျွန်တော်တို့ သေချာနေတာက သေချာရဲ့လား
စာအုပ်ကြားမှာ ပြားချပ်သွားတဲ့ ချစ်သူပန်ဖူးတဲ့ ပန်းခြောက်မဟုတ်ပါ
ခြံထောင့် ကံ့ကော်ပင်က ကံ့ကော်ပွင့်ခြောက်လေးတွေဟာ လသာတဲ့ခါ လှမ်း
ပြုံးပြနေတုန်းပါပဲ

၂၀၂၄၊ ဧပြီ ၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar