Breaking News

အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပြည်တွင်းစစ်မီးအောက်က မြန်မာနိုင်ငံ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၃၀ မြင်ကွင်း

(မိုးမခ) မေ ၁၊ ၂၀၂၄

အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပြည်တွင်းစစ်မီးအောက်က မြန်မာနိုင်ငံ

မြန်မာနိုင်ငံက လူထုတွေ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အထဲ အကြီးမားဆုံးပြဿနာက ဘာလဲလို့ မေးရင် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့  သက်ရောက်မှုလို့ ဖြေကြလိမ့်မယ် ထင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲ တနည်းအားဖြင့် ပြည်တွင်းစစ်မီး တောက်လောင်နေခြင်းက အဲဒီဒေသက ပြည်သူတွေအဖို့ အသက်ဆုံးရှုံးရခြင်း၊ နေအိမ်၊ ပိုင်ဆိုင်မှု ဥစ္စာဆုံးရှုံးခြင်း၊ နှိပ်စက်ညှဉ်း ပန်းခံရခြင်း၊ မိသားစုဝင်တွေ တကွဲတပြားနေထိုင်ကြရခြင်း၊ အသက်ရှင်သန်နိုင်ဖို့ ရိက္ခာ မလုံ လောက်ခြင်း၊ အကူအညီအထောက်အပံ့ကိုသာမျှော်ကိုးပြီး အသက်ရှင်ရခြင်းတွေဖြစ်ပြီး လက် နက်ကိုင် တိုက်ပွဲတွေ မဖြစ်ပွားသေးတဲ့ မြို့တွေ ရွာတွေမှာနေထိုင်သူတွေအနေနဲ့ တော့ တရားဥပဒေ မစိုးမိုးခြင်း၊ လုယက်၊ သတ်ဖြတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

အခုလို ပြည်တွင်းစစ်မီးတောက်လောင်မှု အရှိန်အဟုန်မြင့်တက်လာတဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ် အစပိုင်းနွေရာသီမှာ မြန်မာနိုင်ငံဟာ အခြားသော ကမ္ဘာ့နိုင်ငံတွေလို ပုံမှန်ထက်ပိုပြီး ပူလောင်တဲ့ အယ်လ်နီညို နှစ်ရဲ့ နွေရာသီကိုပါ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တောရော မြို့ပါ နေထိုင်သူတွေ အနေနဲ့ ရာသီဥတု ဖောက်ပြန်ခြင်းရဲ့ ဒဏ်ကိုပါ ထပ်ဆင့်ခံစားနေကြရတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

နေ့စဥ် ဖော်ပြနေတဲ့ သတင်းတွေထဲ မြန်မာနိုင်ငံရဲ့ အညာဒေသ၊ မြေလတ်ဒေသအထက်ပိုင်း တွေရဲ့ မြို့တွေက ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့တွေ စာရင်းထဲ နေ့စဥ်လိုလို ပါရှိနေတာဖြစ်ပြီး နှစ် ၇၀/ ၈၀ အတွင်း အမြင့်ဆုံးအပူချိန်တွေ အထိရောက်ရှိနေတာတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ 

အပူရှိန်မြင့်မားလွန်းတဲ့ဒဏ်ကြောင့် အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေအဖို့ အသက် အန္တရာယ်ထိခိုက်နိုင်တဲ့အထိ အန္တရာယ်ရှိလာနေပြီး ဒီလိုပြင်းထန်လွန်းတဲ့ရာသီဥတုဒဏ် ခံစားနေရချိန်မှာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်မှု၊ သောက်သုံးရေ မလုံလောက်မှု၊ စစ်မက်ဖြစ်ပွားတာကြောင့် တောထဲ တောင်ထဲ ထွက်ပြေးခိုလှုံနေကြရတာတွေ၊ အမိုးအကာ ကောင်းကောင်းမွန်မွန်မရှိဘဲ တိမ်းရှောင်ခိုလှုံ နေကြရတာတွေလည်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ သဘောလို့ဆိုရင် မှားမယ်မထင်ပါ။ စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာ၊ သောက်သုံးရေရှားပါးတဲ့ပြဿနာ၊ မီးလောင်ပျက်စီးနေတဲ့ မြို့တွေရွာတွေမှာ ပြန် လည်နေထိုင်ဖို့ သောက်သုံးရေ၊ လျှပ်စစ်မီး မရှိတဲ့ ပြဿနာတွေက တပြိုင်နက်တည်း ကျရောက်နေတာလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကျပ်အတည်း၊ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတာမျိုး မဟုတ်ခဲ့ရင် အခုလိုရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ခုခံရာမှာ အတိုင်းအတာတခုထိခံသာအောင် စွမ်း ဆောင်နိုင်ကြမှာဖြစ်ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေအကြား လက်နက်တွေကျည်တွေကြောင့် အသက်မသေဖို့က နံပါတ် ၁ ဦးစားပေးရွေးချယ်ကြရပြီး ရာသီဥတုဖောက် ပြန်တဲ့ဒဏ်က ဒုတိယ ဦးစားပေးရွေးချယ်ကြရတဲ့အနေအထားလည်း ဖြစ်နေပါတယ်။ 

စစ်ဘေးရှောင်စခန်းအချို့မှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါတွေဖြစ်ပွားပြီး လူ သေဆုံးမှုတွေ ရာဂဏန်းအထိရောက်ရှိလာနေတဲ့သတင်းတွေလည်း တွေ့လာရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေ ကြုံတွေ့နေရတဲ့ သောက်သုံးရေ ပြဿနာလိုမျိုးကို ဖြေရှင်းပေးဖို့ ဘယ်အုပ်ချုပ်သူကမှ စိတ်မဝင်စားကြသလို လူထု အချင်းချင်း အကူအညီပေးဖို့လည်း မပြေလည်ကြတဲ့ အနေအထားမျိုးမှာ ရှိနေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေး စစ်ရေးပြဿနာတွေ ဖြစ်ပွားခြင်းမရှိတဲ့အခြေအနေမျိုးမှာ ဒေသတခုခုမှာ သဘာဝဘေးအန္တရာယ် ကျရောက်တာမျိုး ကြုံတွေ့ရရင် အခြားဒေသတွေက သွားရောက်ကူညီတာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့ကြပေမယ့် အခုကာလမှာ ဒေသတိုင်းလိုလို စစ်မက်ဖြစ်ပွားတာ၊ အသွားအလာ ဖြတ်တောက် ပိတ်ဆို့ထားတာ၊ ကန့်သတ်ချက်တားမြစ်ချက်တွေ၊ ရန်ပုံငွေအကူအညီ အထောက်အပံ့ငွေကြေး အခက်အခဲအစရှိတဲ့ ပြဿနာတွေကိုတပြိုင်တည်း ကြုံတွေ့နေကြရတာကြောင့် အချင်းချင်း ကူညီပေးနိုင်စွမ်း မရှိသလောက် နိမ့်ပါးနေချိန်လည်း ဖြစ်ပါတယ်။

ဒီလိုသဘာဝဘေးအန္တရာယ်၊ လူလုပ်ဘေးအန္တရာယ်နှစ်မျိုးနှစ်စားလုံးကို တပြိုင်နက်တည်း ကြုံ တွေ့နေရချိန်မှာ အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း သိသိသာသာပျက်ယွင်းလာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် အခြေ အနေမျိုးမှာ ထိန်းသိမ်းထားနိုင်တဲ့ သစ်တော ဧရိယာအများအပြားဟာ အခုလိုကာလတွေမှာ တရားမဝင် ထုတ်ယူပြီး အိမ်နီးချင်းနိုင်ငံ သို့မဟုတ် ရေလမ်းနဲ့ အခြားနိုင်ငံတွေကို ရောင်းချနေကြတာ ဖြစ်ပါတယ်။ မြစ်ချောင်းတွေမှာ အထိန်းအကွပ်မရှိ ရွှေမျောတွေ လုပ်တာတွေလည်း အခုလိုကာလတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီလို မခန့်မှန်းနိုင်တဲ့ ပမာဏနဲ့ တရားမဝင် သစ်ထုတ်လုပ်နေတာတွေ မြစ် ချောင်းတွေ ပျက်စီးစေမယ့် ရွှေမျောလုပ်ငန်းတွေက လက်နက်ကိုင် ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးတွေလို့ ဆိုရင်လည်း မမှားပါဘူး။ 

လူထု တရပ်လုံးနဲ့ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေနဲ့ အကျိုးသက်ရောက်မှုတွေ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှု၊ ကမ္ဘာနဲ့အဝန်း ကြုံတွေ့နေကြရတဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ နဲ့ လက်နက်ကိုင် တိုက်ပွဲတွေ တပြိုင်နက်တည်း ခံစားနေကြရတဲ့ မြန်မာနိုင်ငံအဖို့ ဘယ်ပြဿနာကို ဘယ်လို ဦးစားပေး ဖြေရှင်းကြမလဲ၊ အရာအားလုံးရဲ့ ပင်မရေသောက်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေစဥ် ကာလအတွင်း အခြားသောပြဿနာတွေကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတဲ့ ဖြေရခက်ခဲတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေကို ခါးစည်းကာ ခံစားနေကြရတဲ့ ပြည်သူလူထုအဖို့မှာတော့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ သဘာဝဘေးဒုက္ခတွေ ရောယှက် ခံစားနေကြရတဲ့ အနေအထားမှာ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့နိုင်ငံ ဆိုတဲ့ အလင်းရောင်ကို စိတ်ကူးမျှော်မှန်းချက်အဖြစ် ရှိနေကြဆဲ အနေအထားလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar