သီအိုဇော် - မနေ့ကနဲ့ မတူတဲ့ ဒီကနေ့ ‘ယူကေ’ အစိုးရအဖွဲ့ ခေါင်းဆောင်များ
မနေ့ကနဲ့ မတူတဲ့ ဒီကနေ့ ‘ယူကေ’ အစိုးရအဖွဲ့ ခေါင်းဆောင်များ
သီအိုဇော်
(မိုးမခ) မေ ၁ ၊ ၂၀၂၄
အရင် ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံကလူတွေပဲ ဖြစ်ဖြစ်၊ ကိုလိုနီမဟုတ်ခဲ့တဲ့ နိုင်ငံတွေကပဲ ဖြစ်ဖြစ်၊ ယေဘုယျအားဖြင့်တော့ အင်္ဂလိပ်လူမျိုးတွေကို လူမျိုးကြီး၊ နိုင်ငံကြီးသားတွေအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီလို အနေအထားမျိုး ရရှိထားကြတဲ့ အင်္ဂလိပ်လူမျိုးတွေ အနေနဲ့ကလည်း ဒီအကြောင်းတွေကို နှုတ်ကနေ တဖွဖွ ဂုဏ်ဆာ ပြောမနေကြရင်သာ ရှိမယ်၊ ဇာတိပုည ဂုဏ်မာနလေးတော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။
ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အသားအရောင်၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ဖူးတာကို ငြင်းပယ်လို့ မရပါဘူး။ ခွဲခြားမှုတွေဆိုတာက အသားအရောင်မည်းကြသူတွေကိုတင် မဟုတ်ခဲ့ပါဘူး၊ လူဖြူမဟုတ်တဲ့ တခြား အသားအရောင်အသွေး ရှိသူများလည်း အကျုံးဝင်ပါတယ်။
၁၉၆၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အစပြုခဲ့တဲ့ ဘရစ်စ်တယ်လ် ဘတ်စကားသပိတ် (Bristol Bus Boycott) ဆိုတာကလည်း ဒီလိုမျိုးတွေကြောင့် ဖြစ်ပေါ် ခဲ့ရတာပါ။ ဒီဘတ်စ်ကားကုမ္ပဏီက လူမည်းတွေ၊ အာရှနွယ်ဖွားတွေကို အလုပ်မခန့်ပဲ လူဖြူတွေကိုချည့်ပဲ အလုပ်ပေးတဲ့အတွက် ဒီသပိတ်ဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင်မှုတခုလို့ ပြောရလေမလားပဲ၊ မာတင်လူသာကင်းရဲ့ ကမ္ဘာကျော် ‘I Have a Dream’ မိန့်ခွန်းပြောကြားခဲ့တဲ့ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာပဲဘတ်စ်ကားကုမ္ပဏီဘက်က အလျှော့ ပေးပြီး သူတို့ရဲ့ အလုပ်ခန့်တဲ့ ပေါ် လစီကို ပြောင်းလဲပေးခဲ့ရပါတယ်။
ဒီလိုလှုပ်ရှားမှုများရဲ့အကျိုးဆက်တွေကြောင့်လည်း ဝန်ကြီးချုပ် ဟယ်ရယ်လ် ဝေလ်ဆင် (Harold Wilson)က ၁၉၆၅ ခုနှစ်မှာ Race Relations Act 1965 ကို ပြဋ္ဌာန်းပြီး လူမျိုး၊ အသားအရောင် ခွဲ ခြားဆက်ဆံမှုတွေကို ကန့်သတ် တားဆီးပေးခဲ့ပါတယ်။
တကယ်တမ်းက တခြားအသားအရောင် ရှိသူတွေကိုသာ ခွဲခြားမှုတွေ ထားရှိခဲ့ကြတာမျိုး မဟုတ်ပဲ၊ လူဖြူအိုင်း ရစ်လူမျိုးတွေအပေါ်လည်း ခွဲခြားခဲ့ကြဖူးတယ် ဆိုတာကို၊ လန်ဒန်မက်ထရိုပိုလီတန် ယူနီဗာစတီ ‘အိုင်းရစ် လေ့ လာရေးစင်တာ’က အချက်အလက်တွေအရ သိကြရပါတယ်။ ‘လူမည်းလက်မခံ၊ အိုင်းရစ်လူမျိုး လက်မခံ’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိခဲ့ဖူးတဲ့ အတိတ်ကာလတွေနဲ့ အင်္ဂလိပ်တိုင်းပြည်လို့ ဆိုရမှာပါ။
ဒီနေ့ ဒီကာလကတော့ အံ့အားသင့်စရာလို့ ပြောရမှာ ဖြစ်သလို၊ သမိုင်းမှတ်တမ်းတင်ထားသင့်တဲ့ ပြောင်းလဲမှု တခုကို တွေ့ကြုံနေရပါတယ်။ သိကြတဲ့အတိုင်း ယူကေနိုင်ငံဝန်ကြီးချုပ် ရစ်ရှီဆူးနက်ခ် (Rishi Sunak)က အာရှ နွယ်ဖွား၊ အိန္ဒိယမျိုးနွယ်က ဆင်းသက်လာသူ ဟိန္ဒူဘာသာဝင်တဦး ဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ယူကေနိုင်ငံမှာ ပါဝင်တဲ့ စကော့တလန်၊ ဝေးလ်စ်၊ မြောက်ပိုင်း အိုင်ယာလန်တို့ရဲ့ လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်နေပါတယ်။
ဒီခေါင်းဆောင်အားလုံးက အင်္ဂလိပ်လူမျိုးစစ်စစ်တွေ မဟုတ်ကြပါဘူး။ Race Relations Act 1965 စတင် အသက်ဝင်ခဲ့ချိန်တုန်းက နောင်နှစ်ပေါင်း ခြောက်ဆယ်လောက်မှာ ယူနိုက်တက်ကင်းဒမ်းကို အခုလို လူမျိုးစုံ ဘာသာစုံက အုပ်ချုပ်ကြလိမ့်မယ်လို့ ဆိုခဲ့ရင် ယုံတမ်းစကားလို့သာ ထင်ကြမယ့်သူတွေ အမြောက်အမြား ရှိခဲ့မှာပါ။
First Minister ဆိုတဲ့ ရာထူးက စကော့တလန်၊ ဝေးလ်စ်၊ မြောက်ပိုင်း အိုင်ယာလန် အစိုးရအဖွဲ့ အကြီးအကဲများရဲ့ ရာထူးအဆင့်အတန်းပါ၊ လုပ်ပိုင်ခွင့်အာဏာ အထိုက်အလျောက်ရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ် အဆင့်လို့လည်း ဆို နိုင်ပါတယ်။
ဝေးလ်စ် လေဘာပါတီခေါင်းဆောင်ဖြစ်သူ ဗွန်ဂက်သင်း (Vaughan Gething)က ဇမ်ဘီယာနိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ဝေးလ်စ် ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့သူဟာ ဥရောပ တိုက်က နိုင်ငံအားလုံးအတွက် ပထမဦးဆုံး လူမည်းအစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သူလို့ ပြောရမှာပါ။
စကော့တလန်ဝန်ကြီးချုပ်က ဟမ်ဇာယူဆက်ဖ် (Humza Yousaf) ဖြစ်ပြီး ပါကစ္စတန်လူမျိုး မိဘနှစ်ပါးက ယူကေနိုင်ငံမှာ မွေးဖွားခဲ့သူပါ။ သူဟာ စကော့တလန်အတွက် သာမက၊ အနောက်ဥရောပနိုင်ငံ အားလုံးအတွက်ပါ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ပထမဦးဆုံးအစိုးရအဖွဲ့ အကြီးအကဲလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ သူက အမျိုးသားရေးပါတီကြီးဖြစ်တဲ့ Scottish National Party (SNP) ရဲ့လက်ရှိခေါင်းဆောင်လည်း ဖြစ်ပါတယ်။ (အပြောင်းအလဲ ဖြစ်စဉ်သစ်ကိုနောက်ပိုင်းမှာ ဆက် လက်ဖော်ပြထားပါတယ်။)
ဖေဖော်ဝါရီလဆန်းက မြောက်ပိုင်း အိုင်ယာလန် ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့သူ အိုင်းရစ်လူမျိုး မစ်ရှဲလ်အိုနီးလ်က ၂၀၂၂ ခုနှစ် မြောက်ပိုင်း အိုင်ယာလန် ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ အိုင်းရစ်လူမျိုးတွေရဲ့ အထင်ကရ အမျိုးသားရေးပါတီကြီး ဖြစ်တဲ့ ရှင်ဖိန်း (Sinn Féin) ပါတီရဲ့ ဒုဥက္ကဋ္ဌပါ။
ဒါ့ကြောင့် ဒီကနေ့ယူကေမှာ နိုင်ငံကိုယ်စားပြုအစိုးရကိုသာမက ပြည်နယ်အစိုးရတွေကိုပါ အင်္ဂလိပ်စစ်စစ်တွေ ဦးဆောင်မနေဘူးလို့ ပြောနိုင်ပါတယ်။ ဒီလိုနိုင်ငံရေး အခင်းအကျင်း ပုံစံတွေ ပြောင်းလဲလာတဲ့အတွက် ယူကေ နိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေ လုံးဝကွယ် ပျောက်သွားပြီလို့ ပြောနိုင်ဖို့ကတော့ ခက်ပါလိမ့် မယ်။ ဒါကလည်း ယူကေတခုတည်း မှာတင်မဟုတ်ပါဘူး၊ တကမ္ဘာလုံးမှာ အနည်းနဲ့အများ အတိုင်းအတာ တခုအထိ ကျန်ရှိနေဆဲ ဖြစ်တဲ့အတွက်ပါ။
ဒါပေမဲ့ ယူကေရဲ့ Race Relations Act 1965၊ ယူအက်စ်ရဲ့ The Civil Rights Act of 1964 တို့ အသက်မဝင်မီ ကာလတို့နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ လူ့အဖွဲ့အစည်းအတွင်းမှာ တိုးတက်ပြောင်းလဲမှုများ ရှိလာခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
လူမျိုးကြီးဝါဒနဲ့ လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုတွေ တစထက်တစ ကျဉ်းမြောင်းလာရေးကို ဦးတည်တဲ့ ကောင်းသောအရွေ့ဘက်မှာ ရှိနေတယ်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ ကာလဆီကိုတော့ အလှမ်းဝေးနေသေးတယ် ထင်ရပေမယ့် ‘စမှတ်’ကို ပြန်လှည့်ကြည့်တဲ့အခါ၊ မြင်ရတဲ့ တိုးတက်ပြောင်းလဲမှုတွေကြောင့် ခွန်အားရယူနိုင်တဲ့ အနေအထားပါ။
ဆယ်စုနှစ် ခြောက်ခုအတွင်း ခွဲခြားသတ်မှတ်ဆက်ဆံမှုတွေ နည်းပါးအောင် ဝိုင်းဝန်းကြိုးစားလာကြတာမျိုး၊ ဥပဒေနဲ့ အကာအကွယ်ပေးနိုင်လာခဲ့တာမျိုးတွေက ဒီနေ့လူ့အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဆောင်ပါတယ်။
ယူကေအစိုးရအဖွဲ့တွေရဲ့ ခေါင်းဆောင်ဆိုတာမျိုးက ပါတီတွင်း ရွေးချယ်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ ရွေး ကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပါလီမန်တွင်း အရေးကိစ္စတွေကြောင့်ပဲ ဖြစ်ဖြစ်၊ အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။
အခုရက်ပိုင်းမှာပဲ စကော့တလန်ပါလီမန်မှာ အတိုက်အခံပါတီတွေ စုပေါင်းပြီး အယုံအကြည်မရှိအဆို တင်သွင်းကြဖို့ စိုင်းပြင်းနေကြတဲ့အတွက် ‘ဟမ်ဇာယူဆက်ဖ်’ရဲ့ နိုင်ငံရေးအနာဂတ်ကို မေးခွန်းထုတ်နေကြပါပြီ။ သူကတော့ ဒီအဆိုအောင်မြင်မှာ မဟုတ်ဘူး၊ သူ့မှာ ယုံကြည်မှု အပြည့်အဝရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါး ရေးနေတုန်းမှာပဲ SNP ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်သွားခဲ့ပါပြီ။ ဒီအတွက် SNP ပါတီ ခေါင်းဆောင်သစ်၊ စကော့တလန်ဝန်ကြီးချုပ်သစ်ကို မကြာမီ တွေ့မြင်ကြရပါလိမ့်မယ်။
ပါတီခေါင်းဆောင်သစ်ကို ၂၈ ရက်အတွင်း ရွေးချယ်ကြရမှာဖြစ်ပြီး ဝန်ကြီးချုပ်သစ်ကို ရာထူးမလွှဲအပ်ရသေးခင်မှာတော့၊ ဟမ်ဇာယူဆက်ဖ်ကပဲ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဦးမယ်လို့ နားလည်ရပါတယ်။ SNP ပါတီက ၁၂၉ နေရာရှိတဲ့ စကော့တလန် ပါလီမန်မှာ ၆၃ နေရာ ရရှိထားတဲ့အတွက်၊ SNP ပါတီခေါင်းဆောင်သစ်ကပဲ စကော့တလန် ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ များပါတယ်။
Race Relations Act 1965 ကို ပြဋ္ဌာန်းခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဟယ်ရယ်လ် ဝေလ်ဆင်ရဲ့ နာမည်ကျော် ‘A week is a long time in politics’ ဆိုတဲ့ စကားကို ပြန်အမှတ်ရမိ စေပါတယ်။ နိုင်ငံရေးမှာ ခုနစ်ရက် တပတ် ဆိုတာက အပြောင်းအလဲများစွာ ဖြစ်ပျက်သွားနိုင်လောက်အောင် အကြာကြီး ကြာမြင့်တတ်တယ်လို့ ဆိုလိုချင်တာမို့၊ သွေးထွက်အောင် မှန်တယ်လို့ ပြောရပါလိမ့်မယ်။
လူမျိုး၊ ဘာသာ ကွဲပြားကြသူများက အစိုးရအဖွဲ့ခေါင်းဆောင်တွေ ဖြစ်နေတဲ့အကြောင်းကို၊ တည်ပြီး စရေးသားခဲ့တဲ့ ဆောင်းပါး ဖြစ်တဲ့အတွက် ဖြစ်ပေါ်ပြောင်းလဲမှုများအရ ပြန်ပြီးတော့ ဖြည့်စွက်ပြင်ဆင် ရေးသားစရာတွေ ရှိ လာပါတယ်။
ယူကေနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲကလည်း နှစ်ချီအောင် စောင့်စရာ မလိုတော့တာမို့၊ အခုကောက်ယူနေကြတဲ့ စစ်တမ်းများရဲ့ ရလဒ်ကိုသာ အတည်ယူရရင်တော့၊ သိပ်မကြာခင် လများမှာ ရစ်ရှီဆူးနက်ခ်လည်း ယူကေ ဝန်ကြီးချုပ်နေရာမှာ မရှိတော့ဖို့ သေချာသလောက်ပဲလို့ ဆိုရပါလိမ့်မယ်။ တချိန်တည်းမှာပဲ ဟယ်ရယ်လ် ဝေလ်ဆင်ရဲ့ ပြောကြားချက်ကို မေ့မထားဖို့ လိုအပ်လိမ့်မယ် ထင်ပါတယ်။
ချုပ်ပြောရရင်တော့ ရှေ့မှာ ဘယ်လို အပြောင်းအလဲတွေ ကြုံရကြုံရ၊ ဒီကနေ့လို ရှားရှားပါးပါး အခိုက်အတန့် မျိုး၊ အင်္ဂလိပ်လူမျိုးတွေရဲ့ တိုင်းကြီးပြည်ကြီးမှာ ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုက၊ ခွဲခြားဆက်ဆံမှု လျော့ကျလာခဲ့ပြီး လူလူချင်း လူသားဆန်ဆန် ရှုမြင်ကြည့်တတ်လာကြတဲ့ အရွေ့တရပ်အနေနဲ့ စဥ်းစားနိုင်ပါတယ်။ မကြာမီ ပြောင်းလဲသွားတော့မယ့် ကြုံခေါင့်ကြုံခဲ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို၊ လက်မတင်လေး ဖမ်းဆုပ် ရေးသားခွင့်ရလိုက်တယ်လို့လည်း သဘောထားမိပါတယ်။
လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွဲပြားမှုတွေနဲ့ ဆက်စပ်ပြီး ပဋိပက္ခကြီးငယ် ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတတ်ကြပါတယ်။ မတူ ကွဲပြားတဲ့ နောက်ခံနဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ ပိုတွေ့မြင်လာကြရတာမျိုး၊ လက်တွဲလုပ်ကိုင်လာကြတာမျိုးကို အကောင်းဘက်က ရှုမြင်ကြည့်ပေးကြလို့ ရပါတယ်။
ဒီလိုနိုင်ငံရေး ဖြစ်စဥ်မျိုးကို အပေါ်ယံ အမြင်ကောင်းရုံသက်သက်သာ မဟုတ်ဘဲ၊ လေးလေးနက်နက် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ဖို့ကတော့ နိုင်ငံအသီးသီးက လူ့အဖွဲ့အစည်းတိုင်း၊ အဲဒီလူ့အဖွဲ့အစည်းတိုင်းက တဦး တယောက်စီတိုင်းရဲ့ ဒီလိုအရွေ့မျိုးအပေါ် ဘယ်လောက်အထိ လိုက် ပါလိုစိတ် ပြင်းပြကြသလဲ၊ လက်ခံနိုင်စွမ်း၊ လိုက်ပါနိုင်စွမ်း ရှိကြသလဲ ဆိုတဲ့အပေါ်မှာပဲ အဓိက တည်နေပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar