Breaking News

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၊ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရဖို့ မျှော်လင့်ချက်

မြန်မာနွေဦး ခရိုနီကယ် - မေ ၃ မြင်ကွင်း

(မိုးမခ) မေ ၄၊ ၂၀၂၄

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၊ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရဖို့ မျှော်လင့်ချက် 

မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day လို့ ကုသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ UNESCO အဖွဲ့ကြီးက ၁၉၉၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ ဒီအထိမ်း အမှတ်နေ့မှာ သက်ဆိုင်ရာနိုင်ငံအလိုက် သတင်းလွတ်လပ်ခွင့်ပိုမိုရရှိဖို့၊ ဖမ်းဆီးခံထားရတဲ့သတင်းသမားတွေလွှတ်ပေးဖို့၊ သတင်းရယူရင်း သို့မဟုတ် သတင်းအလုပ်လုပ်တာကြောင့် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ သတင်းသမားတွေကို ဂုဏ်ပြုအမှတ်ရတဲ့ အခမ်းအနားတွေ ကျင်းပပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မြင့်တက်လာဖို့ နှိုးဆော်ကြတဲ့ နေ့တနေ့ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်အတွက် ယူနက်စကိုက ချီးမြှင့်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆုကိုတော့ ပါလစ္စတိုင်း သတင်းသမား နာဆာအဘူဘေကာ က ရရှိခဲ့ပြီး ဒီတနှစ်တာကာလအတွင်း ဂါဇာကမ်းမြောင်ဒေသက အစ္စရေးလ်ရဲ့ စစ်ဆင်ရေးတွေအတွင်း သတင်းသမား ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်က အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလွတ်လပ်ခွင့် အရေးကိစ္စတွေထက် အာရုံစိုက်စရာ အကြောင်းအရာ တရပ်ဖြစ်နေခဲ့ပါတယ်။ ၇ လတာကြာမြင့်ခဲ့တဲ့ အစ္စရေးလ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ သတင်းအလုပ်လုပ်နေတဲ့သတင်းထောက်တွေ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်သလို ဒါဇင်နဲ့ချီတဲ့သတင်းဌာနတွေရဲ့ ရုံးခန်းတွေလည်း ဗုံးဒဏ်၊ ဒုံး ကျည်ဒဏ်တွေနဲ့ ပျက်စီးခဲ့ကြရပြီ ဖြစ်ပါတယ်။ ဂါဇာဒေသက တချို့သော သတင်းသမားတွေအဖို့ အသက်မသေသည့်တိုင် ၄င်းတို့ရဲ့ မိသားစုဝင်တွေ ဟာ ဒီစစ်ဆင်ရေးတွေအတွင်း ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်တွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း အများအပြား ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အချိန်ကာလ ၇ လတာကာလအတွင်း အစ္စရေးလ်ရဲ့စစ်ဆင်ရေးကြောင့် ဂါဇာဒေသက ပါလစ္စတိုင်း သတင်းသမား ၁၀၀ ကျော်အသက်ဆုံးရှုံးမှုက ကမ္ဘာ့မှာ အခြားသောဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ်စရာ မရှိတဲ့ဖြစ်ရပ်တခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသမှာ အခုလိုသတင်းသမားအသက်ဆုံးရှုံးမှုတွေ ရှိနေသည့်တိုင် ပါလစ္စတိုင်းဂါဇာဒေသက သတင်းသမားတွေသတင်းရယူတာ ပေးပို့တာတွေ ဆက် လက်လုပ်ကိုင်နေကြတဲ့အခြေအနေကလည်း ၄င်းတို့ရဲ့ ကြံ့ကြံ့ခံမှုကို ဖေါ်ညွှန်းနေတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေအန္တရာယ်ကျရောက်နေတဲ့အနေအထားတွေကနေ မြန်မာနိုင်ငံဘက်ပြန်ကြည့်ကြမယ်ဆိုရင် ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း မြန်မာနိုင်ငံက သတင်းသမားတွေဖမ်းဆီးခံနေကြရဆဲ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သတင်းသမားတွေကိုလည်း ကြီး မားတဲ့ပြစ်ဒဏ်ချမှတ်မှုတွေ ရှိနေဆဲဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၅၀ နဲ့ ၆၀ ကြားအရေအတွက် ရှိသူတွေ အကျဥ်းထောင်တွေထဲ ကျန်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီကိုထောက်ခံရေးသားကြတဲ့သတင်းဌာနနဲ့ သတင်းသမားတွေကလွဲရင် သတင်းအလုပ်ကို professional ဆန်ဆန်လုပ်ကိုင်သူတွေလည်း ဖမ်းဆီးခံရမယ့်အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ သတင်းဌာနအများအပြား နဲ့ သတင်းသမားအများအပြားက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ နဲ့ အနည်းငယ်က တတိယနိုင်ငံလိုနိုင်ငံမျိုးတွေမှာ အခြေစိုက်ပြီး သတင်းအလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် သတင်းသမားအလုပ်က ဖမ်းဆီးခံရနိုင်တဲ့ အလုပ်၊ အသက်အန္တရာယ်ထိထိခိုက်နိုင်တဲ့အလုပ်အကိုင်အဖြစ်အများက ရှုမြင်လာကြတာဖြစ်ပါတယ်။  အခုလို စစ်အာ ဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေကိုရယူဖေါ်ပြကြရာက လက်နက် ကိုင်ပဋိပက္ခတွေ၊ တိုက်ပွဲသတင်းတွေ၊ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သတင်းသမားတွေက မေးမြန်းစုံစမ်းကာ တင်ဆက်လာကြရာမှာ သတင်းသမားတွေအနေနဲ့ လက်နက် ကျည်ဆံတွေ ထိခိုက်မယ့် အန္တရာယ်၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်ပြုမှု၊ လူ့အခွင့်အရေးချိုးဖောက်သူတွေရဲ့ နှုတ်ပိတ်လိုတဲ့ အန္တရာယ်တွေ ရင်ဆိုင်လာကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလတွေ တလျောက်လုံး သတင်းသမားတွေကို ဖမ်းဆီးတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်တာ၊ ခြိမ်းခြောက်တာတွေဟာ စစ်တပ်၊ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အများစုဖြစ်ခဲ့ပြီး အခုလက်ရှိကာလမှာ စစ်တပ်ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေ ကျဥ်းလာတာနဲ့အမျှ အဆိုပါနယ်မြေတွေမှာ စိုးမိုးထိန်းချုပ်ထားတဲ့အခြားသော လက်နက်ကိုင်အဖွဲ့တွေကလည်း သတင်းမီဒီယာ သမားတွေကို ၄င်းတို့ မနှစ်သက်တာ၊ မလိုလားတာတွေ ရေးသား တင်ဆက်ခဲ့ရင် အန္တရာယ်ပြုလာနိုင်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေဟာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ လွတ်လပ်တဲ့ ၊ မျှတတဲ့ တရားစီရင်မှု စနစ်တွေ မရှိတဲ့ အနေအထားမျိုးဖြစ်ပြီး သတင်းသမားတွေ အနေနဲ့ ပြောင်းလဲလာတဲ့ အခင်းအကျင်း အသစ်မှာ အန္တရာယ်နဲ့ ရင်မဆိုင်ရအောင် သတိကြီးစွာထားပြီး လုပ်ကိုင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

သတင်းမီဒီယာလို့ဆိုရင် နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းတွေရဲ့သတင်းပြန်ကြားရေးလို၊ အဖွဲ့အစည်း တခုရဲ့ လူထုဆက်ဆံရေး၊ တနည်းဆိုရရင် ဝါဒဖြန့်ချိရေးလိုမျိုးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာဆိုပြီးခွဲခြားကာ အကဲဖြတ်ဖို့ လည်းလိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းတွေမှာ လူ ထုဆက်ဆံရေး၊  မီဒီယာဆက်ဆံရေးပုဂ္ဂိုလ်တွေရှိကြတာ ဘာမှမမှားပေမယ့်လည်း လွတ်လပ်တဲ့သတင်းမီဒီယာလိုမျိုးရှင်သန်အောင် လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရအောင် သက်ဆိုင်တဲ့အဖွဲ့အစည်းအသီးသီးက အားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အနာဂတ်ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဆိုတာနဲ့လည်း လိုက်ဖက်ဖို့လိုအပ်ပါတယ်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမှာ သတင်းလွတ် လပ်ခွင့်ရှိဖို့ နဲ့ လက်ရှိ အခြေအနေအောက်မှာလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံရဲ့ လူထုအဖို့ အရေးတကြီးလိုအပ်ချက်တခုဖြစ်နေတာကြောင့် ဒီအခြေအနေအောက်မှာ အခြေ အနေပေးသမျှ သတင်းလွတ်လပ်ခွင့်ရှိဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar