Breaking News

စာနယ်ဇင်း နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဘယ်မှာ တကယ်ရှိလို့လဲ

စာနယ်ဇင်း နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဘယ်မှာ တကယ်ရှိလို့လဲ

မောင်ရစ် ၊ (မိုးမခ)  မေ ၄၊ ၂၀၂၄

မေလ ၃ ရက်နေ့ဟာ ကမ္ဘာသတင်းလွတ်လပ်ခွင့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေက ပွဲတွေ လမ်းတွေ စာတမ်းဖတ်ပွဲတွေ လုပ်ကြတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ဆိတ်သုဉ်းနေတုန်းပဲလို့ ပြောကြတယ်။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကတိုက်တွေမှာ စာနယ်ဇင်းသမားတွေ အခြိမ်းခြောက်ခံနေရတယ်။ အန္တရယ်တွေ ရင်ဆိုင်နေရတယ် လို့ ပြောကြတယ်။

လွတ်လပ်မှုကို အာမခံပါတယ်ဆိုတဲ့ အမေရိကားနဲ့ ဥရောပမှာကတော့ စာနယ်ဇင်း သတင်းမီဒီယာက နေဝင်နေပါပြီ။ သတင်းသမားတွေ အလုပ်ပြုတ်နေပြီး၊ သတင်းလုပ်ငန်းတွေကိုယ်တိုင်က non profit လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းကုန်တယ်။ သဘောကတော့ အများနဲ့ ပြင်ပက အကူအညီ ထောက်ခံ လှူဒါန်းမှု မရှိဘဲ သူတို့ မရပ်တည်နိုင်ကြဘူး ဆိုတဲ့သဘော။ စီးပွားရေးသမားတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြတဲ့ပုံ။

လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်ကို ကျောပိုး တောင့်ခံပေးထားတာက စာနယ်ဇင်းအင်အားတွေ ဖြစ်ပါတယ်။ သူတို့က လူတိုင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုကြဖို့ အားပေးပြီး ဒါကို ပြည်သူတွေထံ တပြေးညီ သတင်းပို့ပေးတယ်။ အပြန်အလှန် ဖြန့်ဝေပေးတယ်။ စာနယ်ဇင်းတွေ မပါဘဲ လူတွေအားလုံး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဘယ်သူတွေက အာမခံမလဲ။ အစိုးရလား၊ ဆိုရှယ်မီဒီယာလား၊ ဖျော်ဖြေရေးအလုပ်တွေက အင်အားစုတွေလား။

အခု ပါလစ္စတိုင်းပြည်သူတွေကို အစ္စရေး စစ်တပ်က သတ်ဖြတ် နှိပ်စက် ညှင်းပန်းနေလို့ ကမ္ဘာတလွှားက ပြည်သူတွေတွေ ကျောင်းသား လူငယ်တွေက ထုတ်ဖော် ဆန္ဒပြ ကန့်ကွက်ကြတယ်။ အစ္စရေးအစိုးရကို အပစ်ရပ်ဖို့ တောင်းဆိုကြတယ်။ စာနယ်ဇင်းတွေဆီက ပါလစ္စတိုင်းအကြောင်း သတင်းစကား မကြားရဘဲနဲ့ ကျောင်းသားလူငယ်တွေက သည်အကျည်းတန်အဖြစ်ဆိုးကို ဘယ်ကနေ သိခွင့်ရကြမှာလဲ။

အခု ကျောင်းသားလူငယ်တွေ ဆန္ဒပြကန့်ကွက်ပွဲတွေကို ကျောင်းအုပ်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ ပုလိပ်တွေ၊ တန်ပြန်သပိတ်သမားတွေ၊ အကြမ်းဖက်တွေက အနုနည်း အကြမ်းနည်းတွေနဲ့ ဖြိုခွဲကြတယ်။ ကျောင်းသားလူငယ်တွေကို သိမ်ဖျင်းတဲ့ ကျူးကျော်သူတွေအဖြစ် စွပ်စွဲကြတယ်။ အမေရိကန်လွှတ်တော်မှာ အစ္စရေးနိုင်ငံတော်ကို မစော်ကားရဆိုတဲ့ အဆိုတင်သွင်းပြီး လက်နက်ကုမ္မဏီတွေ အကျိုးစီးပွားကို ကာကွယ်ပေးကြတယ်။ သည်လို ဖြစ်ရပ်မျိုးကို စာနယ်ဇင်းသမားတွေ စာနယ်ဇင်းတွေ သတင်းမရေးဘဲနဲ့ ပရိသတ်သက ဘယ်လိုလုပ် သိနိုင်ကြပါ့မလဲ။

အခု စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ဆိုတာ ပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ တန်းတူအချိုးကျပါတယ်။ ပြည်သူတွေ အကန့်အသတ်ခံရ ပြောဆို ထုတ်ဖော်ခွင့် ထိန်းသိမ်းခံရတာနဲ့ အဲသည်က စာနယ်ဇင်းတွေလည်း အကန့်အသတ်ခံရတော့တာပဲ။ အဲသည်နေရာမှာ အကျိုးစီးပွားဦးစားပေးတဲ့ အရေခြုံ စာနယ်ဇင်းတွေနဲ့ အစွန်းရောက် လူအုပ်စုတွေ အားကောင်းလာတော့တာပဲ။

အခုကော စာနယ်ဇင်းနဲ့ ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ တကယ် ဘယ်မှာရှိလို့လဲ။ အမေရိကန်ကျောင်းသားတွေ၏ဆန္ဒပြသပိတ်စခန်းတွေ အဖြိုခွဲခံနေရပြီ။ စာနယ်ဇင်းသမားတွေက စွန့်စားပြီး တင်ဆက်တဲ့ သတင်းတွေကို အစိုးရတွေ ကော်ပိုရေးရှင်းတွေ နိုင်ငံရေး သမားတွေ အစွန်းရောက်တွေကကျောခိုင်းဉပေက္ခာပြုကြပြီ။ လူပြိန်းတွေကိုယ်တိုင်လဲ ဆိုရှယ်မီဒီယာ၏ဆူညံသံတွေအောက်မှာ ပိပြားနေကြပြီ။ အမှန်တရားကို ဖော်ထုတ်သူ၊ ရပ်တည်သူ၊ ပြောဆိုသူ၊ တောင်းဆိုသူတွေကို တွန့်ဆုတ်အောင် အားနည်းအောင်လုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ လွတ် လပ်စွာ ထုတ်ဖော်ခွင့် အာမခံချက် တကယ်ရှိလို့လား။

မြန်မာစစ်ကောင်စီနဲ့ အပေါင်းအပါးတွေကို မြန်မာပြည်သူတွေက အာခံဖို့ ခက်ခဲလာနေတယ်။ ပြည်သူတွေမှာ ခေါင်းငုံ့ခံနေရသလို ဖြစ်နေတယ်။ စာနယ်ဇင်သမားတွေက မြေလျိုးပြီးမှ သတင်း ပို့နေရတယ်။ စစ်ကောင်စီထံ အညံ့ခံပြီး တကိုယ်ရေထွက်ပေါက်ရှာနေသူတွေ များသည်ထက် များလာတယ်။ စစ်ကောင်စီ၏ ဥပဒေဘောင်ထဲကနေ တရားတမှုကို ဖော်ဆောင်လို့ မလွယ်ပါ။ သတင်းပို့သူကို အရေးယူ နှုတ်ပိတ်ဖို့ အရင်လုပ်တဲ့ ခေတ်ကို ရောက်နေတယ်။ စာနယ်ဇင်းလုပ်ငန်းတွေကလည်း ပြည်တွင်းမှာ အမှီအခိုကင်းကင်းရပ်ဖို့ မလွယ်လှပါဘူး။

စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ စာနယ်ဇင်းတွေမလွတ်လပ်တဲ့အကြောင်း၊ ပြည်သူတွေ မလွတ် လပ်တဲ့အကြောင်းကိုပြောနေတဲ့လူတွေ အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ဘယ်လိုပူ‌ဖောင်းထဲကနေ ပြောနေတာလဲ၊ ဘယ်လိုပုန်းခိုကျင်းထဲကနေ ပြောနေတာလဲဆိုတာ ပြန်ငဲ့စောင်း ကြည့်မိချင်ပါသေးတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar