Breaking News

ခွန်ချိုသာ - ပအိုဝ်းတို့ရဲ့ယခင် ယခု

ခွန်ချိုသာ - ပအိုဝ်းတို့ရဲ့ ယခင် ယခု

(မိုးမခ) မေ ၅ ၊ ၂၀၂၄

လွတ်လပ်ရေးမရခင်က ပအိုဝ်းနဲ့ ကရင်နီဟာ ကရင်မျိုးနွယ်စုအောက်မှာ စာရင်းဝင်ခဲ့သည်။

ကရင်မျိုးနွယ်စုထဲက ခွဲထွက်ဖို့အတူ ကြိုးပမ်းခဲ့ကြပြီး အတူ ကိုယ့်လူမျိုးဝိသေသနဲ့ကို သီးခြားဖြစ်တည်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသည် ပအိုဝ်းတို့၏ အမျိုးသားနိုင်ငံရေးခြေလှမ်းအစဟု ဆိုနိုင်သည်။

ယနေ့ခေါင်းစည်းမျိုးစုံဖြင့် အခွန်အမျိုးမျိုးတောင်းခံနေတဲ့ PNO များသည် ပအိုဝ်းတို့ရဲ့ပဒေသ ရာဇ်တော်လှန်ရေးဟာ ရှမ်းစော်ဘွားတွေ အခွန်ကောက်လွန်းအားကြီးလို့ ပေါ်လာရသည်ဆိုသည့်အချက်ကို ပြန်သတိရသင့်သည်။ ယနေ့စစ်ကာလတွင် PNOခေါင်ပိုင်းက လူမျိုးနာမည်နဲ့ရယူထားသည့် မဟာစီးပွားရေးလုပ်ငန်းကြီးတွေထဲက တပြားမှမထုတ်ဘဲ ပအိုဝ်းပြည်သူထံက လူရောငွေရော မဟားဒဟားကောက်ခံနေမှုသည် ရှမ်းစော်ဘွားများလူလည်ကျပုံနဲ့ မကွာတော့ပေ။ ကိုယ်အမြဲဂုဏ်ယူနေသည့် ပဒေသရာဇ်တော်လှန်ရေးကို အားနာသင့်လှပေသည်။

ပအိုဝ်းဒုတိယတော်လှန်ရေး အားကောင်းလာခြင်းမှာ စစ်တပ်က ပအိုဝ်းခေါင်းဆောင်များကို မလိမ့်တပတ်ခေါ်ပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးလိုက်ခြင်းကြောင့် ဖြစ်သည်။ စစ်တပ်ရဲ့ ယုတ် ကန်းပုံကို ပအိုဝ်းခေါင်းဆောင်ပိုင်းက ကောင်းကောင်းသိသည်။ သိလျက်နဲ့ပေါင်းနေသည့်အကြောင်းတရားများထဲတွင် ကိုယ်ကျိုးစီးပွားကိစ္စက ရှေ့တန်းမှ ပါဝင်သည်။

နောက်တခုက ရှမ်းအဖွဲ့တွေက ပအိုဝ်းတွေအပေါ် တဆင့်နိမ့်အမြင်နဲ့ ဆက်ဆံခဲ့သလိုမျိုး ကနေ့ အင်းလူမျိုး ဓနုလူမျိုး စတဲ့လူမျိုးငယ်လေးတွေအပေါ်  PNO ရဲ့ မောက်မာအနိုင်ကျင့် ဗိုလ်ကျမှုကို လည်း ပြန်သုံးသပ်ဆင်ခြင်သင့်သည်။

မူလပအိုဝ်းခေါင်းဆောင်ကြီးများက ကိုယ့်လူမျိုး တိုးတက်ရေးအတွက် အကြီးအကျယ် အဟန့်အတားဖြစ်တဲ့ ရှမ်းတပြည်လုံး နွံနစ်နေတဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းလည်း လုံးဝကျဆုံးသွားပြီး PNO ကိုယ်တိုင် ဘိန်းစိုက် ဘိန်းခွန်ကောက် ဆေးပြားရောင်းချမှုအားပေး စစ်သားစုဆောင်းရေးစခန်းမှာ ဆေးပြားပါ အဝကျွေးထားရသည့်အလုပ်ကို လုပ်နေပြီ။

ပအိုဝ်းတွေအပေါ်မှာ ဘုန်းကြီးတွေရဲ့ ဩဇာကြီးမှုက ဘာသာရေးသက်သက်ကြောင့် မဟုတ်ဘဲ ဗကပအောက်က ရုန်းထွက်နိုင်ပြီး အမျိုးသားရေးအသားပေးနိုင်မှုမှာ ဘုန်းကြီးတချို့ရဲ့ဦးဆောင်နိုင်မှုကြောင့် ဖြစ်သည်။ ယခုအခါတွင် ပအိုဝ်းလူမျိုးအတွက် လမ်းကောင်းပြနိုင်သည့် ဘုန်းကြီး မတွေ့ရဘဲ စစ်တပ်ကို ရိုကျိုး တန်ခိုးထွားအောင် စစ်မှုတော်ထမ်းနေသည့် ဘုန်းကြီးများသာ တွေ့ရသည်။

ပအိုဝ်းကလေးတွေအဝေးကို ပညာသင်လွှတ်သည့်ဓလေ့သည်လည်း ပညာသင်မပေးလျှင် မိဘကိုအရေးယူရမည်ဆိုသည့်အချက်အပြင် ဘာစာတတ်တတ် တတ်ဖို့အရေးကြီးသည့်အတွက် ပညာ ရေးလုပ်သည့် ကျောင်းအားလုံးကို ထောက်ပံ့ကူညီရေးမူချနိုင်ခဲ့သည်။ ဘယ်တောင်ကြိုတောင် ကြားရှိရှိ ပအိုဝ်းမှန်သမျှ မြို့ကြီးပြကြီးမနေဖူးသူ မရှိသလောက်ပင်။ ပအိုဝ်းနယ်ရှိ အစိုးရကျောင်းဖြစ်ဖြစ်၊ ဘကဖြစ်ဖြစ်၊ အလွတ်သင်ကျောင်းဖြစ်ဖြစ်၊ ပရိယတ္တိစာသင်တိုက်ဖြစ်ဖြစ်၊ ကောလိပ်ဖြစ်ဖြစ်၊ တက္ကသိုလ်ဖြစ်ဖြစ် လုံလုံလောက်လောက် အားပေးကူညီထောက်ပံ့ကြသည်။ ချို့ငဲ့သည့် ကျောင်းရှားသည်။ သို့ပေမဲ့ အမျိုးသားရေးဇောင်းပေးလွန်းသဖြင့် ယင်းကျောင်းများတွင် နိုင်ငံရေးစနစ်အကြောင်း ပြောဆိုမှုမရှိသလို လေ့လာသင်ကြားခွင့်လည်း မပေးသဖြင့် လူတော်များ ဆုံးရှုံးကြသည်။ လူတော်တော်များက ယင်းအသိုင်းအဝိုင်းထဲတွင် ဆက်လက်ဖွံ့ဖြိုးခွင့်ပျောက်ဆုံးနေသည့်အတွက်စွန့်ထွက်သွားကြသည်။ ပြန်လာလို့လည်း မရ၊ နေရာလည်း မပေးကြချေ။ ယင်းအချက် က အနာဂတ်ခေါင်းဆောင်လောင်း မျိုးတုံးလုနီးနီးထိ ဖြစ်လာပြီး PNO ခေါင်းဆောင်ပိုင်းရဲ့ သား သမီးများက မင်းမျိုးမင်းနွယ်ဆန်ဆန် ရာထူးအလိုအလျောက် ဆက်ခံလာကြသည်။ ယခုတော့ ပအိုဝ်းလူငယ်မှန်သမျှ ပညာရေးကိုပစ် ထိုင်းအလုပ်သမားဖြစ်နေကြပြီး ကျန်လူငယ်များကိုအထက် တန်းကျောင်းတက်ဖို့ အားမပေးတော့ဘဲ စစ်ထဲ ချောင်ပိတ် မောင်းသွင်းနေကြသည်။

ဗကပအောက် လုံးလုံးလျားလျား မရောက်ခဲ့သည့်တိုင် ပအိုဝ်းတွေအပေါ် ဗကပရဲ့ လွှမ်းမိုးလာပုံက စာပေးစာယူလုပ်ရင် အောက်နားမှာ “အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမည်” လို့ရေးနေကြကို “ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်”၊ “လေးစားစွာဖြင့်” ကို “အလေးနီဖြင့်”၊ နာမည်ရှေ့တွင် “ခွန်၊ ဗိုလ်ကြီး၊ ဆရာ” ကို “ရဲဘော်” လို့ ရေးသားရပြီး ပခုံးမှာ ရလလဖတံဆိပ်တပ်ပြီး ဦးထုပ်မှာတော့ ကြယ်နီအမှတ်အသား တပ်ဆင်ရသည်။ စာဆိုလျှင်လည်း ဥက္ကဋ္ဌကြီး မော်စီတုန်း၏ဩဝါဒစာအုပ်နီများကိုသာ ဖတ်ရပြီး ရင်ဘတ်တွင်လည်း မော်စီတုန်းပုံရင်ထိုးများ လူတိုင်းထိုးရသည်အထိ ဖြစ်ခဲ့သည်။

ယင်းအခြေအနေကို ပအိုဝ်းများက တွန်းလှန်ရှင်းထုတ်ခဲ့သည်မှာ ၁၉၇၅ လောက်မှာ ရှင်းရှင်းပြတ်သွားသည်။ ၁၉၇၆ တွင် ဗကပ ဝင်ရောက်လွှမ်းမိုးနိုင်ခဲ့သော ရလလဖမှ ဗကပအနံ့အသက်ကင်းသော PNO ပြောင်းလဲဖြစ်ပေါ်သည်။ ထို့ကြောင့် ဗမာပြည်တွင် ဗကပကြီးစိုးမှုကို ပထမဆုံးလှန်ချနိုင်သော တိုင်းရင်းသားအုပ်စုမှာ ပအိုဝ်းဖြစ်သည်ဟုဆိုရမည်။ ပအိုဝ်းတို့၏နိုင်ငံရေးကို အထင် သေးလို့မရသည်ကို ယင်းအချက်က ပြနေပေသည်။ ယင်းတော်လှန်ရေးကို ဦးဆောင်သူမှာ ယနေ့ PNO ခေါင်းဆောင်ကြီးဦးအောင်ခမ်းထီနှင့် သူ့ဆရာတော်ဦးနေမိပင်။ ရလလဖရဲ့ နောက်ဆုံးသဘာ ပတိညီလာခံတွင် “ဗကပဩဇာခံတို့ထက် အင်အားသာလွန်ပြီ၊ ဗကပ သိမ်းပိုက်နယ်မြေအားလုံး ပြန်ရပြီ” လို့ တင်ပြပြီး တဆက်တည်းမှာ ”စစ်ရေးနဲ့ပတ်သက်လို့ သူတပါးကို နယ်မချဲ့၊ အာဏာ တည်မြဲရေးအတွက် သူတပါး ဒေါက်တိုင်မလုပ်” လို့ ပအိုဝ်းလူထုကို အစီရင်ခံခဲ့မှုကို ဦးအောင်ခမ်းထီ အနေဖြင့် ပြန်ပြောင်းသတိရသင့်သည်။ 

အခုအချိန်မှာ အာဏာအတွက် စစ်တပ်ရဲ့ ဒေါက်တိုင်လုပ်နေသည့်အပြင် သူတပါးနယ်မြေတွေဆီ စစ်ရေးမဝသည့် ပအိုဝ်းလူငယ်တွေကို လွှတ်ပြီး သူတပါးကိုလည်း စော်ကားရင်း ကိုယ့်လူမျိုးကိုလဲ အသေခံခိုင်းနေသည်မှာ ပအိုဝ်းအမျိုးသားရေးဝါဒနှင့် လုံးဝဆန့်ကျင်နေပေသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar