Breaking News

သတင်းမီဒီယာများနဲ့ နောက်ကွယ်က နှောင်ကြိုး

မြန်မာနွေဦး ခရိုနီကယ် - မေ ၄ မြင်ကွင်း

(မိုးမခ) မေ ၅၊ ၂၀၂၄

သတင်းမီဒီယာများနဲ့ နောက်ကွယ်က နှောင်ကြိုး

ယမန်နေ့ မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့နှင့်ဆက်နွှယ်၍ သတင်းမီဒီယာ လွတ်လပ်ခွင့် အရေးကြီးသည့် နည်းတူ သတင်းဌာနတိုင်း သမာသမတ်ကျစွာနဲ့ အချက်အလက်အရတိကျ မှန်ကန်ပြီး အများသိသင့်သိထိုက်တဲ့ အကြောင်းအရာ၊ ဆီလျော်တဲ့ ရှုထောင့်တွေကနေ အများပြည်သူ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်အောင် အလုပ်အကျွေးပြုနေကြပါသလားလို့ မေးလာခဲ့ရင် အားလုံးတော့ ဟုတ်မနေဘူးလို့သာ ဖြေရမှာ ဖြစ်ပါတယ်။ 

အားလုံးသော သတင်းမီဒီယာတွေ စံပြုစရာ ကောင်းပြီး ပညာသည်ပီသစွာ ဖော်ပြမနေကြတာကတပိုင်း သတင်းလွတ်လပ်ခွင့် အရေးကြီးခြင်းက တပိုင်း သီးခြားစီ ပြောဆိုကြရမယ်လို့လည်း မြင်ပါတယ်။ သတင်းမီဒီယာတွေထဲမှာလည်း ဘက်လိုက်သည့် သတင်းမီဒီယာ၊ အသုံးချခံသည့် သတင်းမီဒီယာ၊ အုပ်ချုပ်သည့် အစိုးရ၊ အထောက်အပံ့ပေးသည့် ကုမ္ပဏီအဖွဲ့အစည်း၊ နိုင်ငံတွေကို အကောင်းမြင်ရှုထောင့်က ဖော်ပြတင်ဆက်ပေးပြီး မလိုလားသည့် အဖွဲ့အစည်း၊ နိုင်ငံ၊ ပါတီတို့နှင့်ပတ်သက်လျှင် မကောင်းသတင်းတွေကိုသာ အသားပေးဖော်ပြတာ၊ မကောင်းသည့် ရှုထောင့်မှ တင်ဆက်တာတွေ ရှိနေသည်ကလည်း အမှန်ပင်ဖြစ်ပါတယ်။ 

သတင်းမီဒီယာ၏ ဘက်မလိုက်သော စံနှုန်း၊ အများပြည်သူ၏ အကျိုးစီးပွားတို့ကို ပထမဦးထိပ်ထားကာ သတင်းအလုပ်လုပ်ကိုင်ကြသည့် သတင်းဌာနတွေ မရှိမဟုတ် ရှိကြသော်ငြား ဒီနေ့ခေတ်ကာလမှာ အများစုမဟုတ်ဘဲ အနည်းစုသော အရေအတွက် ဖြစ်နေကြတာတွေ့ရပါလိမ့်မယ်။ 

သတင်းစာ၊ ရေဒီယို၊ ရုပ်သံသတင်းဌာန၊ အင်တာနက် ဒစ်ဂျစ်တယ်အွန်လိုင်း သတင်းဌာနတွေရဲ့ ရပ်တည်ရေး၊ ဘဏ္ဍာငွေ လုံလောက်စွာ လည်ပတ်နိုင်ရေးတွေ အတွက်သော်လည်းကောင်း၊ သတင်းဌာနကို ဦးဆောင်သူတွေရဲ့ ငွေကြေး မျှော်မှန်းမှုတွေအတွက် သတင်းဌာနတွေရဲ့  လွတ်လပ်မှု၊ ဘက်မလိုက်မှုတွေကို ချရောင်းလိုက်ကြရတာမျိုးလည်း ရှိနေသလို တချို့သော နောက်ခံအခြေအနေမှာ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ရည်မှန်းချက်၊ အာဏာရ အစိုးရရဲ့ ပုံရိပ်ကောင်းထွက်ဖို့ အလို့ငှာ သတင်းဌာနရဲ့ ရပ်တည်ချက်၊ ပညာသည် စံနှုန်း တန်ဖိုးတွေကို ချရောင်းလိုက်ကြတာလည်း ဖြစ်ပါတယ်။ 

လတ်တလော အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်တွေရဲ့ ဆန္ဒပြမှုသတင်းတွေကို လေ့လာကြည့်တဲ့အခါ ဒီဆန္ဒပြမှု သတင်းတွေကို အထူးသဖြင့် ရုပ်သံသတင်းဌာနတွေက တင်ဆက် ပုံဖေါ်ကြရာမှာ ဆန္ဒပြမှုရဲ့ အကြောင်းရင်းခံကို တင်ပြတာထက် အပေါ်ယံ ဖြစ်စဥ်တွေကို အသားပေး ဖေါ်ပြကြပြီး မီဒီယာရဲ့ အနှစ်သာရကို တန်ဖိုးကျဆင်းစေခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။  

 အထက်က ဖြစ်စဥ် ဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်နေတာ ကြားသိကြရမှာ ဖြစ်ပါတယ်။ သတင်းစာပညာ သင်ကြားတဲ့အရာမှာ ထင်ရှားတဲ့ တက္ကသိုလ်တခုဖြစ်တဲ့ ကိုလမ်ဘီယာ တက္ကသိုလ်မှာ ဂါဇာဒေသမှာ အစ္စရေးလ်နိုင်ငံရဲ့ ဟားမားစ် စစ်သွေးကြွတွေကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့တဲ့ အရပ်သား၊ ကလေးငယ်၊ အမျိးသမီး၊ သက်ကြီးရွယ်အိုတွေ သောင်းဂဏန်းနဲ့ချီ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ် အပေါ် အမေရိကန် ရဲ့ လက်နက်၊ ငွေကြေး ကူညီမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ 

ဆန္ဒပြမှုရဲ့ အရင်းခံ အကြောင်းက လူမျိုးတုံး သတ်ဖြတ်မှုမှာ အမေရိကန်နိုင်ငံရဲ့ လက်နက် ငွေကြေး သံတမန်ရေး အကူအညီတွေကို ရပ်ဆိုင်းဖို့နဲ့ ဒုတိယအနေနဲ့ တက္ကသိုလ်တွေ ကိုယ်၌က လက်ရှိ စစ်ပွဲမှာ အစ္စရေးလ်နိုင်ငံ အစိုးရကို ကူညီပံ့ပိုးနေတဲ့ ကုမ္ပဏီတွေရဲ့ အထောက်အပံ့၊ သို့မဟုတ် စစ်ပွဲအပေါ်မှာ အကျိုးအမြတ်ရရှိနေတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ရဲ့ အကူအညီ၊ အဲဒီလိုကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေ အကျိုးခံစားခွင့်တွေ တက္ကသိုလ်တွေအနေနဲ့ ဖြတ်တောက်ဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ အမေရိကန်နိုင်ငံက လူကြည့်များတဲ့ သတင်းဌာနတွေ၊ ရုပ်သံချယ်နယ်တွေက ဒီအဖြစ်အပျက်ကို တင်ဆက်ရာမှာ Anti-semitism, ဂျူးလူမျိုးတွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းစကား ဖြစ် မဖြစ်၊ ပါလစ္စတိုင်း လိုလားတဲ့ သပိတ်ကျောင်းသားတွေက ဂျူးလူမျိုး ကျောင်းသားတွေအပေါ် ခြိမ်းခြောက်မှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ ရှုထောင့်တွေကို ပိုပြီးဦးစားပေး တင်ဆက်ကြတာ တွေ့ရပါတယ်။ သပိတ်မှောက်ခြင်းရဲ့ အကြောင်းရင်းထက် သပိတ်မှောက်တဲ့ ဖြစ်ရပ်နဲ့ ဆက်နွှယ်တဲ့ အကျိုးဆက်တွေ၊ လုပ်ပုံကိုင်ပုံတွေကို ပိုပြီးဇောင်းပေး တင်ဆက်ကြတာဖြစ်ပါတယ်။ 

အမေရိကန် ပြည်ထောင်စုမှာ လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေ လုပ်ငန်းကြီးတွေ အနေနဲ့ ကမ္ဘာရဲ့ အခြားနေရာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ပွဲ၊ အစ္စရေးလ် ရဲ့ ဟားမားစ် ရှင်းလင်းရေး ခေါင်းစဥ်တပ်ထားတဲ့ ဂါဇာကမ်းမြောင် ဒေသတခုလုံးကို မြေလှန်တဲ့ စစ်ဆင်ရေးတွေ မှာ လက်နက်ရောင်းချရရာက ကြီးမားတဲ့ ငွေကြေး အကျိုးအမြတ်တွေ ရှိနေတာကြောင့် ဒီလိုလုပ်ငန်းကြီးတွေက အမေရိကန် အစိုးရရဲ့ ပေါ်လစီတွေ၊ တက္ကသိုလ်တွေရဲ့ မူဝါဒတွေကို လွှမ်းမိုးရုံသာမက သတင်းမီဒီယာတွေရဲ့ သတင်းတင်ပြပုံတွေ အထိ လွှမ်းမိုးနိုင်ကြတာ ဖြစ်ပါတယ်။ အမေရိကန် မီဒီယာတွေက တူနီးရှား၊ အီဂျစ်နိုင်ငံတွေမှာ အာရပ်နွေဦးလှုပ်ရှားမှုတုန်းက သပိတ်မှောက်ကြတဲ့ အခါ တင်ပြခဲ့စဥ်က သပိတ်မှောက်သူတွေရဲ့ လှုပ်ရှားမှုတွေကို စိတ်လှုပ်ရှားဖွယ်ရာအဖြစ်နဲ့ တင်ပြခဲ့ပေမယ့် အခု ကိုလံဘီယာ တက္ကသိုလ်မှာ ဟယ်မီလ်တန်ခန်းမကို သိမ်းယူရာမှာတော့ ပြစ်မှုတခု ကျူးလွန်တာသဘောမျိုး တင်ပြကြတယ်လို့ ဝေဖန်နေကြတာပါ။ 

တက္ကသိုလ်ကျောင်းတွေမှာ ဆန္ဒပြမှုက သတင်းမီဒီယာတွေရဲ့ မလွတ်လပ်တဲ့ နှောင်ကြိုးတွေကို ဖေါ်ထုတ်လိုက်သလို ဖြစ်လာပါတယ်။ 

သတင်းမီဒီယာတွေအနေနဲ့ ချုပ်ချယ်တဲ့ ဥပဒေတွေ အစိုးရတွေရဲ့ ချုပ်ကိုင်မှုတွေကနေ လွတ်လပ်ဖို့ အရေးကြီးသလို သတင်းမီဒီယာအနေနဲ့ အခြားသော နှောင်ကြိုးတွေကနေလည်း လွတ်ကင်းဖို့အရေးကြီးတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar