Breaking News

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ တရားစီရင်မှု

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၃ မြင်ကွင်း

(မိုးမခ) မေ ၁၄၊ ၂၀၂၄

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ တရားစီရင်မှု 

ခုသီတင်းပတ်တွေအတွင်းမှာကို လေကြောင်း တိုက်ခိုက်မှုတွေ၊ ကျေးရွာတရွာလုံးကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ် သတ်ဖြတ်မှုတွေ မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းဒေသတွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ မြင်းခြံ၊ မြင်းမူ၊ ဒီပဲယင်း၊ ဂန့်ဂေါ မြို့နယ်တွေထဲက ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်မှာ ကျေးရွာတွေဝင်စီးနင်းမှုတွေ ဖြစ်ပွားပြီး လူတရာနီးပါး အသက်ဆုံးရှုံးခဲ့ကြရတာကို သတင်းတွေ စောင့်ကြည့် နားထောင်နေသူတွေ ကြားသိကြပြီး ဖြစ်ပါလိမ့်မယ်။ စစ်ကိုင်းတိုင်းက ကျေးရွာတွေကိုစစ်ကြောင်းထိုးတာ နေအိမ်မီးရှို့တာ၊ အရပ်သားတွေကို လက် နက်ကိုင်အဖွဲ့ဝင်လို့ စွပ်စွဲသတ်ဖြတ် တာမျိုးတွေက ပြီးခဲ့တဲ့ ၂ နှစ်ခွဲကြာ ကာလအတွင်း မထူးဆန်းဘူးလို့တောင် ဆိုရမလို ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

သို့ပေမဲ့လည်း အခုလပိုင်းတွေမှာတော့ စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေက အရပ်သားတွေ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၂၀/၃၀ ကျော် တနေရာထည်း သတ်ဖြတ်ခံရတဲ့ အဖြစ် အပျက်တွေက လက်နက်ကိုင်တိုက်ပွဲတွေ စစ်ရေးတိုက်ခိုက်မှုတွေ နယ်မြေအနေအထားအရ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာကြောင့် မဟုတ်ဘဲ ကျေးရွာလူထုကို ပစ်မှတ်ထား တိုက်ခိုက်ပြီး လက်နက်ကိုင် အဖွဲ့တွေကို ထောက်ခံခြင်း မပြုအောင်၊ နေရာပေးခြင်းမပြုအောင် ရည်ရွယ်ပြီး သတ်ဖြတ်တာမျိုးတွေလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ မြင်းခြံမြို့နယ်ထဲက ဆုံရွာနဲ့ မြင်းမူမြို့နယ်ထဲက လက်ထုတ္တောရွာ ဖြစ်ရပ် ၂ ခုမှာတင် အရပ်သား ၆၀ ကျော် သေဆုံးကြရတာ ဖြစ်ပါတယ်။ ပထမဖြစ်ရပ် ဖြစ်တဲ့ မြင်းခြံမြို့နယ်ထဲက ဆုံရွာမှာတော့ PDF အဖွဲ့ တဒါဇင်နီးပါး စုပေါင်းပြီး စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်တွေ အခြေစိုက်တဲ့ ကျေးရွာအနေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၃ နာရီကြာ တိုက်ခိုက်မှုအပြီးမှာတော့ ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေအပြင် ဆယ်ဂဏန်းနဲ့ ချီတဲ့ နေအိမ်မီးရှို့ရာမှာ အသက်ဆုံးရှုံးရတာလို့ ယူဆကောင်းယူဆရမယ့် မီးလောင်ကျွမ်းသေဆုံးနေသူတွေ စုစု ပေါင်း ၃၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့သတ်ဖြတ်တာလဲ သို့မဟုတ် သေဆုံးတာလဲဆိုတာ သတင်းမီဒီယာတွေမှာ ရှင်းရှင်းလင်း လင်းဖေါ်ပြကြတာမတွေ့ရသော်လည်း ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်က အခြေစိုက်တဲ့ကျေးရွာဖြစ်လို့ ကျေးရွာနေသူတွေကိုပါ ပြည်သူ့စစ်ကိုထောက်ခံသူတွေအဖြစ် ကောက်ချက်ချ အပြစ်ပေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက် ဖြစ်ရပ်တခုဖြစ်တဲ့ မြင်းမူမြို့နယ် လက်ထုတ္ဝတောကျေးရွာ ဖြစ်စဥ်မှာ သေဆုံးရသူတွေအနက် အမျိုးသမီး ၁ ဦးပါဝင်ပြီး ကျူးလွန်သူတွေက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ ၄င်းတို့နဲ့ ပူးပေါင်းပါဝင်တဲ့ အဲဒီဒေသက ပြည်သူ့စစ်တွေ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာလည်း ကျေးရွာက အရပ်သား ၃၂ ဦးအထိ အသက်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ 

အခုလို စစ်ပွဲတွေဖြစ်ပွားနေပြီး ဒေသအသီးသီးမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အချိန်ကာလမျိုးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေကိုတားဆီးဖို့ သို့မဟုတ် ကာကွယ်နိုင်ဖို့ နည်းလမ်းရှာမလား သို့မဟုတ် စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့တွေက တာဝန်ရှိသူတွေ ကျူးလွန်သူတွေကို တရား ဥပဒေအရ တရားစီရင်ဖို့ ကြိုးစားမလား ဆိုတဲ့ မတူတဲ့နည်းလမ်းတွေ ရှိနေကြတာ ဖြစ်ပါတယ်။  အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ ကာကွယ်ရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန စသဖြင့် ဖွဲ့စည်းထားကြရာမှာ အထက်က ဖြစ်စဥ်မျိုးတွေ ထပ်မံမဖြစ်ပွားနိုင်အောင် သို့မဟုတ် တတ်နိုင်သမျှ လျှော့ချနိုင်အောင် ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာဖွေဖို့ က ပိုလက်တွေ့ကျတယ်လို့ ထင်မြင်ပါတယ်။ တရားစီရင်ရေး ဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနတို့က လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ရင် အဲဒီဖြစ်ရပ်မှာ အမိန့်ပေးသူ၊ ကျူးလွန်သူ တာဝန်ရှိသူတွေကို စုံစမ်းမှတ်တမ်းတင်ထားတာ မမှားယွင်းသော်လည်း လက်ရှိအခြေအနေမှာ တရားစီရင်ဖို့ ယန္တရားတွေ၊ လူအင်အားနဲ့ ဖြစ်ပွားတဲ့နယ်မြေတွေကို တဖက်ထည်းက စိုးမိုးထားနိုင်တဲ့အနေအထားလည်း မဟုတ်လို့ စုံစမ်း မေးမြန်းပြီး မှတ်တမ်းတင်ထားခြင်းဟာ ရေရှည်တရားမျှတမှုအတွက် ရည်ရွယ်တာလို့သာ ပြော ဆိုတာက သဘာဝကျပါလိမ့်မယ်။ စစ်ကောင်စီတပ်တွေက သုံ့ပန်းအဖြစ်ဖမ်းမိတဲ့အခါ အထက်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမှာ ကျူးလွန်ခဲ့တဲ့သူတွေပါရှိသလားဆိုတာစိစစ်ပြီး ပြစ် ဒဏ်ပေးတာလည်း မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပေမယ့် ဒီနည်းလမ်းက တခုထည်းသော အဖြေမဟုတ်ဘူးဆိုတာ တော့နားလည်သဘောပေါက်သင့်ပါတယ်။ 

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမဖြစ်ပွားအောင် သို့မဟုတ် လျော့ကျသွားအောင် တုံ့ပြန်ဆောင်ရွက်မှုနည်းလမ်းတွေအထဲမှာ ကျေးရွာတွေမှာ အခြေစိုက်ကြတဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အဲဒီကျေးရွာတွေကို စစ်ကောင်စီတပ်တွေ၊ စစ်ကြောင်းတွေနဲ့ ပြည် သူ့စစ်အဖွဲ့တွေ ဝင်ရောက်စီးနင်းခြင်းမပြုနိုင်အောင် စုပေါင်းကာကွယ်နိုင်တဲ့အနေအထားရှိနေပြီလား။ အဲလိုမှမဟုတ်ရင်  ကျေးရွာလူထုကို ဘယ်လိုကာကွယ်နိုင်မလဲ သို့မဟုတ် အရပ်သားတွေ နေထိုင်ကြတဲ့ကျေးရွာတွေမှာ လက်နက်ကိုင်တွေရောနှောနေထိုင်ပြီး ကြားဖြတ်တိုက်ခိုက်မှု၊အလစ်အငိုက်တိုက်ခိုက်မှုတွေကို ကျေးရွာတွေကနေ ထွက်ပြီး လုပ်ဆောင်ကြတာမျိုးကို ရှောင်ပြီး လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ သီးသီးသန့်သန့် အခြေချ တိုက်ခိုက်တာမျိုးတွေ လုပ်ကြမလားဆိုတာတွေ လည်း စဥ်းစား ဆုံးဖြတ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

စစ်ရာဇဝတ်မှု ကျူးလွန်သူတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့လက်နက်ကိုင်အဖွဲ့က တာဝန်အရှိဆုံးသူတွေကို တရားဥပဒေအရ စီရင်မယ်၊ နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ လုပ်ဆောင်မှုတွေက လတ်တလော ဖြစ်ရပ်လိုမျိုး ဆိုးရွားတဲ့ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် မြန်မြန်ဆန်ဆန် တားဆီးခြင်းမျိုးမဟုတ်ပဲ ဒီတရားစီရင်မှုတွေကလည်း နှစ်နဲ့ချီကြာမြင့်နိုင်ပြီး ကျူးလွန်သူတွေကိုလည်း လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အခါ နောက်ကွယ်မှာ တရားစီရင်ခြင်းမျိုးဖြစ်မှာမို့ ဒီလုပ်ဆောင်မှုတွေကို ဒုတိယဦးစားပေး အနေနဲ့သာ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် မြန်မာနိုင်ငံက စစ်တပ်နဲ့ အစိုးရကို တရားစွဲဆိုမှုဟာ ၅ နှစ်ကြာမြင့်တဲ့အထိ မပြီးဆုံးနိုင်သေးတာလည်း သတိပြုရမယ့်အချက်တချက်ဖြစ်ပါတယ်။ တရားမျှတမှုရရှိရေး၊ အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု transitional justice ဆိုတဲ့ သဘောတရား၊ ဖေါ်ဆောင်မှုတွေက ကောင်းမွန်တဲ့အရာတွေဖြစ်သော်လည်း လတ်တလော ဖြစ်ပွားနေတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ချက်ချင်း ရပ်တန့်သွားအောင် တားဆီးတဲ့ နည်းနာမဟုတ်တာကိုတော့ သတိ ပြုနိုင်ဖို့ အရေးကြီးပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar