Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၃)

၂၀၁၁ အမေရိက က 'ဝေါလမ်းမသိမ်းပိုက်ရေး' လှုပ်ရှားမှု

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၃)

(မိုးမခ) မေ ၁၃ ၊ ၂၀၂၄

စက်မှုတော်လှန်ရေးသစ်

လူသားများဟာ မိမိတို့ဘဝရှင်သန်တည်မြဲရေးအတွက် လိုအပ်တဲ့ရုပ်ဝတ္ထုပစ္စည်းများကိုထုတ်လုပ်ကြရပါတယ်။ ရှေးဦးခေတ်ကစလို့ သဘာဝရုပ်ဝတ္ထုများကို နည်းလမ်းပေါင်းစုံနဲ့ ပြုပြင်ထုတ်လုပ်ခဲ့ကြတာပါ။ ဒီလိုနဲ့ လက်မှုကိရိယာတွေကနေတဆင့် စက်မှုကိရိယာများ ဖြစ်လာပြီး ဒီဖြစ်စဉ်ကို စက်မှုတော်လှန်ရေးများလို့ ခေါ်ဆိုကြပါတယ်။ ထုတ်လုပ်ရေးများကို စက်မှုတပ်ဆင်လိုက်ပြီး ရှေ့ကို အဆင့်ဆင့် တိုးလာကြရာမှာ အခု ၂၁ ရာစုမှာတော့ စက်မှုတော်လှန်ရေးသစ် (စတုတ္ထအကြိမ် စက်မှုတော်လှန်ရေး) ခေတ်ကို ရောက်လာပါတော့တယ်။ ဒီလိုနဲ့ ထုတ်လုပ်ရေးအင်အားစုသစ်များ အဆက်မပြတ် ပေါ်ထွက်လာပြီး ထုတ်လုပ်ရေးဆက်ဆံမှု ပုံစံများလည်း အပြောင်းအလဲတွေ ဖြစ် လာခဲ့ပါတယ်။

ဒါကြောင့်ပဲ အဆင့်ဆင့်သော စက်မှုတော်လှန်ရေးများဟာ၊ အရင်းရှင်စနစ်အတွက် အလွန်များ ပြားတဲ့ အကျိုးအမြတ်များကို ရရှိစေကြီး အရင်းရှင်စနစ်ရဲ့ အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလိုနဲ့ အရင်းရှင်စနစ်ကြီးဟာ အခုအချိန်မှာ နိုင်ငံစုံကော်ပိုရေးရှင်းများကတဆင့် လက်ဝါး ကြီးအုပ် အရင်းရှင်စနစ်ကို ရောက်ရှိလာပါတယ်။

ထို့အတူ ဒီစက်မှုတော်လှန်ရေးများဟာ တဖက်မှာလည်း ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးများကို အပြန်အလှန် တွန်းဆော်ပေးခြင်းများနဲ့ အပြန်အလှန် တွန်းတင်ပေးခဲ့ခြင်းများတလျှောက်လုံးရှိနေခဲ့ပါတယ်။

ဒီတော့ ၂၀ ရာစုမှာ စပေါ်ပေါက်လာတဲ့ စက်မှုတော်လှန်ရေးသစ်ကာလမှာ အရင်းရှင်စနစ်ကိုရော၊ဆိုရှယ်လစ်စနစ်ကိုရော ဘယ်လို အပြောင်းအလဲတွေ ဖြစ်စေခဲ့သလဲ။ ကြည့်ရအောင်ပါ။

စက်မှုတော်လှန်ရေးသစ်က ပေါ်ပေါက်လာတဲ့ ဒီဂျစ်တယ်နည်းပညာများကို ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများက လက်ဝါးကြီးအုပ်ပြီး အကျိုးရလဒ်များကို အများဆုံးရယူလိုက်ပြီး 'ဒီဂျစ်တယ် ကွာဟမှု' ကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေပြီး ဆင်းရဲ ချမ်းသာ ကွာဟမှုတွေကိုလည်း ကိုယ့်နိုင်ငံတွင်းမှာရော၊တခြားဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံများကြားနဲ့ရော မမျှမတ ပိုမိုကျယ်ပြန့်သွားစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံတွင်း အဖြစ်အပျက်များကို ကြည့်ရအောင်ပါ။

အမေရိကန်ရဲ့ (အချမ်းသာဆုံးသော)လူဦးရေရဲ့ ၁% အိမ်ထောင်စုရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်လူ့ အဖွဲ့အစည်းတရပ်လုံးပိုင်ဆိုင်မှုဥစ္စာဓနရဲ့ (၄၀%) ဖြစ်ပြီး အောက်ခြေ (၈၀%)ရဲ့ ပိုင်ဆိုင်မှုကတော့ (၁၆%) သာ ဖြစ်ပါတယ်။ လူလတ်တန်းစားများနဲ့ အောက်လွှာလူတန်းစားများအကြားပိုမိုပြီး ဆင်း ရဲချို့တဲ့မှုတွေ များလာပါတယ်။

သတင်းနည်းပညာခေတ်မှာ အစဉ်အလာစက်မှုလုပ်ငန်း အလုပ်သမားတပ်ဖွဲ့ဟာ ပညာရေချိန်မြင့်မားတဲ့ ဒီဂျစ်တယ်အလုပ်သမားများရဲ့ အစားထိုးခြင်း ခံလိုက်ရပါတယ်။ ဒီလိုနည်းတွေနဲ့အလုပ် လက်မဲ့ပြဿနာများ ပိုများလာပြီး လူတန်းစားတိုက်ပွဲများ ပိုမိုပြင်းထန်သည်းသန်လာပါတယ်။

ဥပမာ— အမေရိက က ဝေါလမ်းမသိမ်းပိုက်ရေးလှုပ်ရှားမှု၊ ပြင်သစ်က -အဝါရောင်အင်္ကျီလှုပ် ရှားမှု၊ အိန္ဒိယက-အလုပ်သမား လယ်သမားများ ဆန္ဒပြသပိတ်မှောက်မှု စတာများ တွေ့လာရပါတယ်။

ဒါတွေဟာ အရင်းရှင်နိုင်ငံများအတွင်း အလုပ်ရှင်နဲ့ အလုပ်သမားများအကြား ပေါ်ပေါက်လာတဲ့ အဆောက်အအုံဆိုင်ရာ ပဋိပက္ခများ ဖြစ်ပါတယ်။ ဒါတွေကို (အရင်းရှင်ကြီးများရဲ့ မျက်နှာကိုထောက်ထားနေရလို့) မဖြေရှင်းနိုင်တဲ့ အုပ်စိုးသူများက မိမိတို့ရဲ့ အားနည်းချက်များကို တခြားသူတွေအပေါ် ပုံချလိုက်ပါတယ်။

ဒါကြောင့်ပဲ အခုတလော အနောက်နိုင်ငံများက တရုတ်ပြည်အပေါ် 'အများအပြားထုတ်လုပ်မှု'

(overcapacity) ဆိုတဲ့ ပြစ်မှုနဲ့ စွပ်စွဲတာတွေ လုပ်လာပါတယ်။

တကယ်တော့ တရုတ်ပြည်မှာလည်း စက်မှုတော်လှန်ရေးသစ်က ပေါ်ထွက်လာတဲ့ ထုတ်လုပ်နည်းသစ်များကြောင့် ထွက်လာတဲ့ ပြဿနာများလည်း အများအပြားရှိပါတယ်။ ဒါပေမဲ့ တရုတ်တွေဟာ တချို့ပြဿနာတွေကို လက်ဦးမှုရှိရှိဖြေရှင်းထားတာပါ။ ထောက်ထားစရာအကျိုးစီးပွားလည်း မရှိပါဘူး။

တရုတ်တွေအနေနဲ့ စီးပွားရေးပုံစံကို ပြောင်းတော့မယ်လို့ စီမံကတည်းက အလုပ်သမားတွေကို တခြားလုပ်ငန်းခွင်တွေ ဝင်နိုင်အောင် အဆင့်မြှင့်ပညာပေးလုပ်ငန်းတွေ၊ မွမ်းမံသင်တန်းတွေ ပေးထားတာပါ။

ကျေးလက်ဒေသတွေမှာ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းတွေ ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုတိုးတက်လာအောင် အစိုးရက ဘက်စုံက မူဝါဒအမျိုးမျိုးနဲ့ အကူအညီပေးထားတာပါ။(အသေးစားငွေချေးအဖွဲ့တွေ၊ ပညာတတ်တွေ-စိုက်ပျိုးရေးသမားတွေ၊ မွေးမြူရေးသမားတွေ ကျေးလက်ဆင်းခိုင်းပြီး မိမိတို့ရဲ့ နည်းပညာကျွမ်းကျင်မှုများ၊ သုတေသနလုပ်ငန်းများကတဆင့်ကျေးလက်ဒေသ ဝင်ငွေတိုးလာရေးများအတွက် ကျေးလက်လူထုကို ပညာပေး မြှင့်တင်ပေးတာများ၊ လိုအပ်တဲ့ အကူအညီများပေးတာ၊ တချို့ကျေးလက်ဒေသများမှာ ခရီးသွားလုပ်ငန်းတွေတိုးတက်လာရေး စသဖြင့်)။ 

အဲဒီတော့ စက်ရုံတွေက တချို့(ကျေးလက်က) ပညာရေချိန်နိမ့်သူများ မြို့က စက်ရုံတွေကို ပြန်စရာ မလိုတော့ဘဲ၊ ကိုယ့်မွေးရပ်မြေမှာပဲ ကိုယ်ပြန်အလုပ်လုပ်နိုင်သွားပါတော့တယ်။ ဒါ့အပြင်အစောပိုင်းကတည်းက စက်ရုံများရဲ့ ပိုင်ဆိုင်မှုကိုလည်း သဏ္ဌာန်မျိုးစုံ ပြောင်းထားပြီးပါပြီ။ နိုင်ငံပိုင်အဓိကဖြစ်ပေမယ့်၊ တခြားပိုင်ဆိုင်မှုများ၊ (ရှယ်ယာစနစ် အမျိုးမျိုးနဲ့) အထူးသဖြင့် အလုပ် သမားများကိုလည်း ရှယ်ယာပိုင်ဆိုင်ခွင့်တွေပေးထားလို့ အလုပ်သမားများအနေနဲ့ မိမိတို့ကိုယ်မိမိတို့ ပိုင်ဆိုင်သူများအနေနဲ့ အကျိုးအမြတ်ကို ခွဲဝေရာမှာလည်း ပြောရေးဆိုခွင့်များ ရှိနေပါတယ်။ 

ဒီတော့ အချင်းချင်းကြား ပဋိပက္ခများဖြေရှင်းရာမှာ လွယ်ကူချောမွေ့စေပါတယ်။ (ပြည်သူအချင်း ချင်းကြားက ပြဿနာများဖြစ်လို့ ဖြေရှင်းရလွယ်ကူပါတယ်။ လူတန်းစားပဋိပက္ခ အသွင်မဆောင်ဘူး။)

ဒါ့အပြင် အခုကာလမှာ တီထွင်ဖန်တီးမှုများကို အားပေးပြီး အဆင့်မြင့် ထုတ်လုပ်ရေးအင်အားစုများ ပေါ်ထွက်ရေးကို လုပ်ဆောင်လာရာမှာ အစိမ်းရောင် ထုတ်ကုန်များ(Green products)ဆိုတာတွေကို တရုတ်က ထုတ်လာပါတယ်။(စက်မှုတော်လှန်ရေးသစ်ရဲ့ ထွက်ကုန်သစ်များ။)

၁။ စွမ်းအင်သစ်များ (နေရောင်ခြည်မှ၊ လေမှ၊ ရေလှိုင်းမှ)ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများ။

၂။ မျိုးစပ် ဓာတ်ခဲများ၊(lithium-ion battery)

၃။ လျှပ်စစ်သုံးကားများ။(Electric vehicles)

ဒါတွေကို တရုတ်က အစောပိုင်းကတည်းက သုတေသနတွေလုပ်ပြီး သူ့နိုင်ငံတွင်းမှာ သုံးနေတာပါ။ (ဥပမာ— နေရောင်ခြည်စွမ်းအင်ထုတ်နေတာ အနှစ် (၂၀) ကျော်နေပါပီ။ ဆိုလာပြားလုပ်ငန်းတွေကို သူ့နိုင်ငံတွင်းသာမက အဲဒီအတတ်ပညာတွေကို တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေကို မျှဝေပေးနေတာ (ပိုးလမ်းမစီမံကိန်းများမှတဆင့်)လည်း ၁၀ နှစ် ကျော်နေပါပြီ။)

အဲဒါတွေရဲ့ ထုတ်လုပ်ရေးစနစ်တွေကို တဖြည်းဖြည်းမြှင့်တင်ပေးနေလို့ အခုအခါ ထုတ်လုပ်ရေးစရိတ်တွေကလည်း အတော်နိမ့်သွားပြီဖြစ်တော့ တခြားနိုင်ငံထုတ်ပစ္စည်းများနဲ့ယှဉ်ရင် ပိုရောင်းကောင်းနေပါတယ်။

(ဥပမာ— အမေရိကန်က ထုတ်တဲ့လျှပ်စစ်ကားများဟာ ဒေါ်လာ(ငါးသောင်း)ပေးရပေမယ့် တရုတ်ကားများက ဒေါ်လာ(တသောင်း)ပဲ ရောင်းဈေးရှိပါတယ်။)

ဒီတော့ တရုတ်ရဲ့ ထွက်ကုန်များဟာ အလွန်အကျွံဖြစ်နေပြီး သူတို့ဈေးကွက်တွေမှာ ပြည့်လျှံနေပါပြီ။ သူတို့နိုင်ငံက ဈေးကွက်တွေ ပျက်ကုန်ပါပြီ'လို့ အဲဒီအရင်းရှင်နိုင်ငံက (အရင်းရှင်ကြီးများရဲ့အလှူငွေနဲ့ ရွေးကောက်ခံထားရတဲ့)အစိုးရဝန်ကြီးများက ပြောဆိုဝေဖန်လာတာပါ။ 

တရုတ်က 'ဒီလိုအပြောတွေဟာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူတွေ (protectionism) သာဖြစ်တယ်'လို့ ပြန်ပြောလာနေပါတယ်။

တကယ်တော့ အရင်းရှင်စနစ်ဆိုတာ အရင်းအနှီးရဲ့အမြတ်အစွန်းနောက်ကိုသာလိုက်ပြီးရသမျှအမြတ်ကို လက်ဝါးကြီးအုပ်ထားရေးသာ ရည်မှန်းတာပါ။ ဒီအရင်းရှင်ကြီးများရဲ့ အကျိုးစီးပွားကိုသာ အဲဒီနိုင်ငံအစိုးရများ ကာကွယ်ပေးထားတာပါ။

ဆိုရှယ်လစ်စနစ်ရဲ့အနှစ်သာရက အတူတကွ မျှဝေစံစားရရေး ဖြစ်လေတော့ စက်မှုတော်လှန်ရေးများ (သို့မဟုတ်) သိပွံနဲ့ နည်းပညာသစ်များက သယ်ဆောင်လာတဲ့ ထုတ်လုပ်ရေးအင်အားသစ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်များနဲ့ အကျိုးကျေးဇူးများကို ပိုမိုကျယ်ပြန့်တဲ့လူများကို စံစားစေပါတယ်။

ဒါကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်းသွားစေပြီး လူ့အဖွဲ့အစည်းအနေနဲ့ ပိုမိုတရားမျှတပြီး သမာသမတ်ကျရေးကို တွန်းဆော်ပေးရုံမက နောက်ဆုံးမှာ အတူတကွ ချမ်းသာကြွယ်ဝရေးဟာ အကောင်အထည်ပေါ်လာမှာပါ။ ဒါဟာ ဆိုရှယ်လစ်စနစ်ရဲ့ သာလွန်မှုပါ။

ဒါကြောင့်ပဲ စက်မှုတော်လှန်ရေးများဟာ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးများကို တွန်းဆော်ပေးတယ်လို့ ဆိုကြတာ ဖြစ်ပါတယ်။

ကိုးကား။ ရဲဘော်ဗလူ - ဘာသာပြန်ဆောင်းပါး။

စက်မှုတော်လှန်ရေးသစ်နဲ့ (၂၁) ရာစု ဆိုရှယ်လစ်စနစ် ဖြစ်ထွန်းတိုးတက်မှု။

World Socialist Studies,No6,2023.

လှကျော်ဇော

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar