စစ်ကောင်စီအဖို့ စစ်သားစုဆောင်းမှုက အားလုံးထက်အရေးကြီးတဲ့အကြောင်းအရာဖြစ်နေ
မြန်မာနွေဦး ခရိုနီကယ် - မေ ၂ မြင်ကွင်း
(မိုးမခ) မေ ၃၊ ၂၀၂၄မေလ ၂ ရက်
စစ်ကောင်စီအဖို့ စစ်သားစုဆောင်းမှုက အားလုံးထက်အရေးကြီးတဲ့အကြောင်းအရာဖြစ်နေ
ပြည်ပမှာအလုပ်လုပ်ကိုင်ဖို့ တရားဝင်လျှောက်ထားပြီး နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ကုမ္ပဏီ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ကြားခံကာ လုပ်ဆောင်နေကြရာမှာ မေလ ၂ ရက်နေ့က စပြီး ပြည်ပကို အလုပ်အကိုင်နဲ့ သွားရောက်ဖို့ လျှောက်လွှာတွေ လက်ခံရာမှာ အမျိုးသားတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
မြန်မာနိုင်ငံက လူငယ်၊ လူလတ်ပိုင်းတွေ အနေနဲ့ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားပြည်ထောင်စု၊ ကာတာ စတဲ့နိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထွက်ခွာနေကြတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြောင့် ၂၀၂၀ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်တွေအထိ ကန့်သတ်ချက်တွေ ရှိခဲ့ချိန်မှာ အတိုင်းအတာတခုထိ လျော့နည်းခဲ့ပေမယ့် ၂၀၂၂ နောက်ပိုင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေက မြန်မာနိုင်ငံသားအများအပြား ပြည်ပကိုအလုပ်လုပ်ဖို့ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေ အနည်း ငယ်ဖြေလျှော့လိုက်ပြီးနောက်မှာ မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်မှာ နေ့စဥ်လိုလို ပြည်ပကိုအလုပ်လုပ်ဖို့ ထွက်ခွာသူတွေနဲ့ စည်ကားနေတဲ့ မြင်ကွင်းတွေ မြင်နေရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ ကိုးရီးယားနိုင်ငံတွေကို အများဆုံးသွားကြာတာ ဖြစ်ပြီး စစ်ကောင်စီက ပြည်ပထွက်ခွာသူတွေထံက မိသားစုဆီပြန်ပို့မယ့် နိုင်ငံခြားငွေကို မျှော်လင့်ပြီး အားပေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အထူးသဖြင့် အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ စစ်အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှု တွေကြောင့် နိုင်ငံတကာ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့သလို နိုင်ငံခြားငွေ ရရှိမှုလည်း လျော့နည်းလာတဲ့ အနေအထားကို ကျားကန်ဖို့ စစ်ကောင်စီအနေနဲ့ ပြည်ပကိုသွားရောက် အလုပ် လုပ်ကိုင်တာကို အားပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေသူတွေ အနေနဲ့ မိသားစုဆီ ငွေပြန်လည်ပေးပို့ရာမှာ တရားဝင်နည်းလမ်းနဲ့ ပေးပို့ဖို့လည်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘယ်လို အကြောင်းကိစ္စနဲ့ မဆို သံရုံးရဲ့ ထောက်ခံချက်လိုမျိုးတောင်းခံလာခဲ့ရင် ဝင်ငွေခွန်ဆောင်ဖို့ အချက်နဲ့ဆက်စပ်ထားပြီး နိုင်ငံခြားငွေ ရဖို့ကြိုးစားတာတွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ စစ်ကောင်စီအနေနဲ့ စစ်ပွဲတွေ ဆင်နွှဲနေရချိန်မှာ လိုအပ်ချက်ဖြစ်တဲ့ လက်နက်ခဲယမ်းတွေ၊ တိုက်လေယာဥ်၊ စစ်ရဟတ်ယာဥ်တွေ အတွက် လိုအပ်တဲ့ လေယာဥ်ဆီတွေဝယ်ယူဖို့ရာမှာ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာတာနဲ့ အမျှ နိုင်ငံခြားငွေရရှိနိုင်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေခဲ့ရာမှာ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေထံက ဝင်ငွေခွန်ကောက်ခံဖို့ကိုလည်း အဓိကကျတဲ့ ဝင်ငွေရလမ်း တခုအဖြစ် ရှုမြင်ပြီး ကြိုးစားခဲ့ရာက မကြာခင်လပိုင်းက စစ်မှုထမ်းဥပဒေကို အသက်သွင်းရာမှာတော့ လူငယ် အမျိုးသားတွေကို ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ဖို့ လုပ် ဆောင်လာတာလို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်မှုထမ်း အကျုံးဝင်တဲ့အသက်အရွယ်ထဲက အမျိုးသားတွေကို ပြည်ပမှာ တရားဝင် အလုပ်လုပ်မယ့် လုပ်ဆောင်မှုတွေကို ပိတ်ပင်လိုက်ခြင်းက ပြည်တွင်းမှာရှိတဲ့ စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်သူ အမျိုးသားတွေကို ပြည်ပမှာ အလုပ်သွားရောက်မလုပ်ကိုင်နိုင်အောင် တားဆီးလိုက်တာဖြစ်ပြီး စစ်ကောင်စီအဖို့ တခုနဲ့တခုဝိရောဓိ ဖြစ်နေတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လာတာလို့ပြောရင်လည်း မမှားပါဘူး။ တဖက်မှာ နိုင်ငံခြားငွေလိုအပ်တာ၊ တခြားတဖက်မှာတော့ စစ်သားအင်အားကို အဓမ္မဥပဒေမျိုးနဲ့ စုဆောင်းလိုတာ ဖြစ်ပါတယ်။
လက်ရှိအနေအထားမှာ စစ်ကောင်စီအနေနဲ့နိုင်ငံခြားငွေထက်ကို စစ်သားစုဆောင်းရရှိဖို့က အဓိကဖြစ်နေပြီး နိုင်ငံအနှံ့အပြားဖွင့်ထားရတဲ့ ခုခံတိုက်ခိုက်နေရတဲ့စစ်မျက်နှာတွေမှာ လူအင်အားဖြည့်ဖို့ကို အခြားအရာတွေအားလုံးကို စတေးပြီးလုပ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခုလိုဖြစ်ပျက်နေတဲ့ အခြေအနေတွေက ဘာနဲ့ တူသလဲဆိုရင် ပြည်တွင်းထဲမှာ ရှိနေတဲ့မြန်မာနိုင်ငံက အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်အရွယ်တွေကို စစ်ထဲဝင်ဖို့ အတင်းအဓမ္မ ခြိမ်း ခြောက်သိမ်းသွင်းနေသလို လူငယ်တွေကလည်း ပြည်ပကို ရတဲ့နည်းနဲ့ထွက်ခွာဖို့ မိဘတွေ၊ မိသား စုဝင်တွေကိုယ်၌ကတိုက်တွန်းပြီး နယ်စပ်ကဖြစ်စေ၊ လေယာဥ်နဲ့ တရားဝင်ဖြစ်စေ၊ အလည် အပတ်ဗီဇာနဲ့ထွက်ခွာပြီး နိုင်ငံရပ်ခြားမှာ တနည်းနည်းနဲ့ ရပ်တည်နေထိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဘဝမျိုး၊ ရှိသမျှ ငွေကြေးအရင်းအမြစ်တွေ ထုတ်သုံးကြရပြီး သားသမီးတွေ၊ မောင်နှမတွေ နာ မည်ဆိုးလှတဲ့ စစ်ကောင်စီစစ်တပ်ထဲ ဆွဲသွင်းမခံရအောင် ကြိုးစားနေကြရတဲ့သဘောမျိုးဖြစ်နေတာပါ။
မြန်မာနိုင်ငံကနေ ထိုင်းနယ်စပ်ကို တရားမဝင်ဖြတ်ကူးပြီး မလေးရှားကို တရားမဝင်သွားရောက်ကြတဲ့သူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူကုန်ကူးလုပ်ငန်း လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းလိုမျိုးကို ငွေကြေးပေးပြီး ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ မလေးရှားနယ်စပ်ကနေဝင်ရောက်ဖို့ ကြိုးစားကြတာ နေ့စဥ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေက လူသိမများတဲ့ဖြစ်ရပ်တွေဖြစ်ပြီး လူကုန်ကူးသူတွေက တခါတရံ ပိုက်ဆံမပေးနိုင်ရင်ဖြစ်စေ၊ အာ ဏာပိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးတာကို ခုခံတိုက်ခိုက်ကြတဲ့အခါဖြစ်စေ အခုလို တရားမဝင်သွားရောက်တဲ့ လူငယ်တွေ လူမသိသူမသိနဲ့ အသက်ဆုံးရှုံးကြရတာ ဖြစ်ပါတယ်။ ဒီလိုကြုံတွေ့ကြရတဲ့ အဖြစ်အပျက်တွေက အသက်ဆုံးရှုံးမှုတွေထိ ဖြစ်ပျက်နေပေမယ့် သတင်းမီဒီယာတွေမှာ ဖော်ပြတာ သိပ်မတွေ့ရပါဘူး။
ဒီဖြစ်ရပ်တွေ ဖြစ်နေဆဲ၊ ဆက်လက်ပြီးလည်းဖြစ်နေဦးမယ့် စိတ်မကောင်းစရာဖြစ်ရပ်တွေဖြစ်ပြီး လူထုအနေနဲ့ ဒီလိုဖြစ်ရပ်တွေကို ယေဘုယျအားဖြင့်သိရှိရင်တောင်မှ ရှောင်လွှဲနိုင်တဲ့အနေအထားမဟုတ်ကြပါဘူး။ ဘာကြောင့်လဲလို့ဆိုရင် နီးရာဓားကိုသာ မြင်ပြီး နောက်တဆင့်မှာကြုံရနိုင်တဲ့ အန္တရာယ်တွေ စိမ်ခေါ်မှုကို ကြိုမမြင်နိုင်ကြလို့သာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar