Breaking News

ဝင်းတင့်ထွန်း - ကိုမြင့်ဦးသစ် ( သို့မဟုတ် ) ရိုးသားမှုအတိ - ထူးခြားမှုအပြည့် နဲ့ ကျွန်းပြန်တဦး

Photo - Credit

ကိုမြင့်ဦးသစ် ( သို့မဟုတ် )
ရိုးသားမှုအတိ - ထူးခြားမှုအပြည့် နဲ့ ကျွန်းပြန်တဦး 
ဝင်းတင့်ထွန်း
(မိုးမခ) မေ ၁၃၊ ၂၀၂၄

                      ( ၁ ) 

         ကိုမြင့်ဦးသစ်ရဲ့နာမည်ကို ကျွန်းပြန်တွေတချို့ဆီကနေ အကြောင်းအားလျော်စွာ ကြား ကြားနေခဲ့ရတာကတော့ တော်တော်ကို ကြာခဲ့ပါပြီ။ သူတို့တွေက ကိုမြင့်ဦးသစ်ကြီးကို ‘ပါမောက္ခကြီး‘  ‘ပါမောက္ခကြပ်ခိုး’ လို့ချစ်စနိုးခေါ်ဝေါ်နေကြတာကိုလဲ ကျွန်တော် နားရည်ဝနေခဲ့တာတော် တော်လေးကို ကြာမြင့်ခဲ့ပါပြီ။ လူချင်းမဆုံရဖူးသေးခင်ကတည်းက နာ မည်ကို အရင်ရင်းနှီးခဲ့ရသူတွေထဲမှာ ကိုမြင့်ဦးသစ်ကိုလဲ ထိပ်ဆုံးတနေရာကနေ စာရင်းသွင်းထားရမှာ ဖြစ်ပါတယ်။
     ပထမဆုံးအကြိမ် လူချင်း စတင်တွေ့ဖူးဖြစ်တာကတော့ ကျွန်တော် ထောင်က ထွက်လာပြီးတဲ့နောက်မှ၊ ၁၉၈၇ ခုနှစ်ထဲလောက်ကျမှ ဖြစ်ပါတယ်။တွေ့ဖြစ်ခဲ့တဲ့နေရာကလဲ ကိုမြင့်ဦးသစ်ရဲ့နေအိမ်မှာပဲဖြစ်ပါတယ်။
ကျွန်တော့်ကို ကိုမြင့်ဦးသစ်ရဲ့အိမ်ကို ခေါ်သွားသူကတော့ အစ်ကိုကြီးကိုမြစိန် ပါ။ ကိုမြင့်ဦးသစ်တို့နဲ့အတူတူကိုကိုးကျွန်းမှာ နေထိုင်ခဲ့ရဖူးတဲ့၊ သူလဲ ကျွန်းပြန်တဦးဖြစ်တဲ့ ကိုမြစိန်ပါ။ အစ်ကိုကြီးကိုမြစိန်က ကျွန်တော်တို့
နဲ့အတူတူ အင်းစိန်ထောင်မှာ နေထိုင်ခဲ့ရဖူးတဲ့ ဦးထွန်းအောင်ကြီးရဲ့အိမ်ကို အလည်အပတ်အဖြစ် ခေါ်သွားဖြစ်ခဲ့ရာက လမ်းကြောတခုတည်းဖြစ်တဲ့ ကိုမြင့်ဦးသစ်ရဲ့အိမ်ကိုလဲ လမ်းကြုံလို့ဝင်ဖြစ်တဲ့သဘောနဲ့ရောက်
ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
ကိုမြင့်ဦးသစ်ရဲ့နေအိမ်က မရမ်းကုန်း၊ မြောက်ဥက္ကလာနဲ့မင်္ဂလာဒုံမြို့နယ်(၃)ခုရဲ့အစပ်လောက်မှာတည်ရှိနေပြီး၊ တရားဝင်ခေါ်ဆိုသတ်မှတ်ချက်အရကတော့ မရမ်းကုန်းမြို့နယ်ထဲမှာပဲ ရှိတယ်ထင်ပါတယ်။ ဟိုတုန်းက ကျွန်တော်က မရမ်းကုန်းသ/မ ဦးစီးဌာနမှာ သ/မစာရင်းစစ်လေးအဖြစ် လုပ်ဆောင်ခဲ့ဖူးရာ၊ မရမ်းကုန်းမြို့နယ်အပိုင်ထဲက ‘ပြည်သူ့ပန်း တိုင်’ လို့အမည်ခံယူထားတဲ့ သမဝါယမဆိုင်လေးဆီကို စာရင်းအင်းကိစ္စမျိုးနဲ့ ရံဖန်ရံခါဆိုသလို ရောက်ဖူးလာဖူးနေခဲ့ရာ၊ အဲဒီနေရာလေးနဲ့ ကိုမြင့်ဦးသစ်ရဲ့နေရာဟာ သိပ်မဝေးလှဘူးလို့ထင်မှတ်မိရင်း၊ အဲသလို ယူဆမိတာပါ။ တကယ်တော့- မရမ်းကုန်းထဲပဲ ပါသလား၊ မြောက်ဥက္ကလာထဲပဲ ပါသလား- ကျွန်တော့စိတ်ထဲ သိပ်မသဲကွဲလှပါ။ အလွယ်တကူပြောရရင်တော့- ‘ကျောက်ရေတွင်း’ ဘက်လို့ပဲခေါ်ရလိမ့်မယ် ထင်ပါတယ်။ ရပ်ကွက်လေးက ခြံမြေရပ်ကွက်လေးတခုလို့ဆိုရမှာဖြစ်ပြီး၊ ကိုမြင့်ဦးသစ် ရဲ့အိမ်လေးဟာလဲ ခပ်ကျယ်ကျယ်ခြံလေးတခုထဲပေါ်မှာပဲ တည်ရှိနေရာ၊ သစ်ရိပ် ဝါးရိပ်တွေနဲ့တော်တော်လေးအေးအေးချမ်းချမ်းရှိတဲ့နေရာလို့ ခံစားရပါတယ်။
      ကိုမြင့်ဦးသစ်က လူရင်းချင်း ကျွန်းပြန်ချင်းဖြစ်တဲ့ ကိုမြစိန်ကို မြင်တော့- “ ဟာ..ဒူးပါလား- လာ လာ..” လို့အပြုံးနဲ့ကြိုဆိုသလို၊ အခုမှ တွေ့မြင်ဖူးတဲ့ ကျွန်တော့်ကိုလဲ တချက်ဝေ့ကြည့်ပါတယ်။ ကိုမြင့်ဦးသစ် မှာ
ကျွန်းပြန်အချင်းချင်းကြား ‘ပါမောက္ခကြီး’ ဆိုတဲ့ ချစ်စနိုးနာမည်ဝှက် ရှိသလို၊ အစ်ကိုကြီးကိုမြစိန်မှာလဲ ‘ဒူး’ ဆိုတဲ့ နာမည်ဝှက် ချစ်စနိုးနာမည်ရှိနေတဲ့အတွက် အခုလို ပြုံးပြုံးရွှင်ရွှင်နဲ့ခေါ်လိုက်တာမှန်း ကျွန်တော်ချက် ချင်းသဘောပေါက်လိုက်မိပါတယ်။ သူ့အပြုံးက ရိုးရိုးရှင်းရှင်းရှိလှသလို၊ သူ့အကြည့်ကလဲ တည်တည်ငြိမ်ငြိမ်ပါပဲ။ အစ်ကိုကြီးကိုမြစိန်က “ ကျွန်တော်တို့က ကိုထွန်းအောင်အိမ်ဖက်ရောက်ရင်းက အပြန်မှာ ခင်ဗျားဘက်လဲလှည့်ဝင်လာတာ။ ကိုထွန်းအောင်အိမ်ကို ရောက်ဖူးအောင် သူ့ကိုလိုက်ပို့တာလေ..။ သူက ကျွန်တော်တို့နဲ့အင်းစိန်ထောင်မှာ အတူနေခဲ့ရဖူးပြီး၊ တလောလေးကမှ သာယာဝတီထောင်က လွတ်လာတဲ့သူ..” လို့ဆိုကာကျွန်တော့်မျ က်နှာကိုလဲ တချက်ငဲ့ကြည့်လိုက်ရင်းက ကိုမြင့်ဦးသစ်နဲ့မိတ်ဆက်ပေးတဲ့အတွက် အပြန်အလှန်အပြုံးကိုယ်စီနဲ့အသိအမှတ်ပြုပြီး သိရှိပြီးဖြစ်သွားခဲ့ရပါတယ်။ အဲသလိုနည်းအားဖြင့် ကိုမြင့်ဦးသစ်ကို သူ့ရဲ့ခြံဝင်းလေးထဲက သူ့ရဲ့နေအိမ်မှာပဲ လူကိုယ်တိုင် စတင်တွေ့ရှိ သိရှိခဲ့ရခြင်းဖြစ်ပါတယ်။ သစ်ပင်ရိပ်အောက်က စားပွဲဝိုင်းလေးဘေးမှာ ကျွန်တော်တို့ကို ရေနွေးကြမ်းနဲ့ဧည့်ခံစကားပြောဆိုနေစဉ်မှာ သူ့ရဲ့သားနဲ့သမီးဖြစ်ဟန်တူတဲ့ကလေးနှစ်ယောက်ကိုလဲ ခြံဝင်းထဲမှာ ဖျတ်ကနဲတွေ့လိုက်ရပါတယ်။ ကိုမြင့်ဦးသစ်မှာ သားသမီး ဘယ်နှယောက်ရှိသလဲဆိုတာ မသိရပေမဲ့၊ အဲဒီနေ့ကတော့ အဲဒီသားလေးနဲ့သမီးလေးနှစ်ယောက်ကိုပဲ တွေ့လိုက်ရပါတယ်။ သူ့ဇနီးဖြစ်ဟန်တူသူကလဲ အပြုံးအေးအေးလေးနဲ့ပြုံးပြကာ၊ ရေနွေးကြမ်းအိုးလေးကို လာဖြည့်ပေးရင်း၊ အပိုအဆာစကားတခွန်းမှမပြောဘဲ ကလေးနှစ်ယောက်နားဆီကိုပဲ ထွက်သွားတာတွေ့လိုက်ရပါတယ်။ ကရင်သွေး(သို့မဟုတ်) တိုင်းရင်းသားသွေးပါတဲ့ မျက်နှာကျမျိုးနဲ့အသားကတော့ တော်တော်လေးကို လတ်တယ်ဖြူတယ်လို့သတိထားမိလိုက်ပါတယ်။ အဲဒီနေ့က ကိုမြင့်ဦးသစ်ကြီးတို့အိမ်ကနေ ပြန် လာကြတော့ လမ်းမှာ အစ်ကိုကြီးကိုမြစိန်ရဲ့ပြောပြချက်အရ၊အဲဒီကိုမြင့်ဦးသစ်ရဲ့ဇနီးကလဲ ကျွန်းပြန်ကိုလှတင်အောင်ရဲ့ဇနီးလိုပဲ သူနာပြုဆရာမအလုပ်လုပ်နေတဲ့ စပယ်ရှယ်နာ့စ်တယောက်လို့ အကြမ်းဖျင်းသိလိုက်ရပါတယ်။
ထပ်ပြီး သိလိုက်ရတာကတော့- ကိုမြင့်ဦးသစ်ကြီးဟာ သူ့သားသမီးတွေကို အစိုးရကျောင်း-အတန်းကျောင်းတွေမှာ တဦးကိုမှ ကျောင်းထားခြင်းမပြုဘဲ၊ ကိုယ်ပိုင်သင်နည်းသင်ဟန်နဲ့ပဲ သူကိုယ်တိုင်ပဲ စာသင်ပေးတာလုပ်သတဲ့။ စာသင်ပေးတော့လဲ သူ့ရဲ့ကိုယ်ပိုင်သင်ရိုးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းစာမျိုးနဲ့ပဲ သင်ကြားပေးခြင်းလုပ်သတဲ့။ ဒါကြောင့် ထူးခြားတာကတော့ ဒီကလေးလေးတွေဟာ ပြောတာဆိုတာ ဝေါဟာရသုံးစွဲတာတွေကအစ-
တခြားကလေးတွေနဲ့တော့ သိပ်မတူလှဘဲ၊ ကလေးလူကြီးလေးတွေမျိုး ဖြစ်နေတာလဲ ရှိနေသတဲ့။ ကျွန်တော့်မှာ တော်တော်ကြီးကို အံ့ဩသွားရသလို၊ တော်တော်ကြီးကိုလဲ အထူးအဆန်းဖြစ်လိုက်ရပါတယ်။ တပြိုင်နက်တည်းမှာ- “ ဪ…သူ့ရဲဘော်တွေ ကျွန်းပြန်တွေက သူ့ကို ‘ပါမောက္ခကြီး’ လို့ခေါ်ကြတာဟာ ခေါ်မယ်ဆိုလဲခေါ်လောက်ပေသကိုး .” လို့စိတ်ထဲမှာ ဖျတ်ခနဲ မှတ်ချက်ချလိုက်မိပါတယ်။ သူဟာ (ကိုမြင့်ဦးဟာ) ကျွန်းမှာ နေရစဉ်က ‘ပါမောက္ခကြပ်ခိုး’ အဖြစ် စင်တင်ပြဇာတ်တပုဒ်ကို ကိုယ်တိုင်သရုပ်ဆောင်ကာ ပြောင်ပြောင်မြောက်မြောက် တင်ဆက်ကပြခဲ့ဖူးသူဖြစ်တဲ့အတွက် သူ့ကို ကျွန်းပြန်ရဲဘော်တွေက နောက်ပိုင်းမှာ ‘ပါမောက္ခကြီး’ လို့ပဲ ချစ်စနိုးခေါ်ဝေါ်ကြတာ၊ အသိအမှတ်ပြုခဲ့ကြတာဖြစ်ပေမဲ့၊“ သူဟာ တကယ်ကို ‘ပါမောက္ခ’ ဆိုတဲ့နာမည်နဲ့လဲ လိုက်ဖက်ဆီ လျော်အပ်စပ်လှပါကလား..” လို့စိတ်ထဲမှာ ကောက်ချက်ချလိုက်မိပါတယ်။ အရည်မရ အဖတ်မရပညာတတ်နဲ့ ပိဋကတ်အိုးကွဲကြီးတွေကို သရော်ထားတဲ့ တခန်းရပ်ပြဇာတ်တပုဒ်ထဲမှာ ပါမောက္ခကြပ်ခိုးအဖြစ်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင် ကပြနိုင်ခဲ့သူဖြစ်တဲ့အတွက် အသိအမှတ်ပြုသောအားဖြင့်- ချစ်စနိုးအားဖြင့်- ‘ပါမောက္ခကြီး’ လို့ ရဲဘော်အချင်းချင်းကြား Nick name သဖွယ် ခေါ်ဝေါ်ခေါ်ခဲ့ကြခြင်းသာ ဖြစ်ပေမဲ့၊ ကျွန်တော့်တဦးချင်းရဲ့စိတ်ထဲမှာတော့- ‘နာမည် နဲ့လူ - တကယ်ကို ထပ်တူ’ ကျနေခဲ့ပါတယ်။
            
               ( ၂ ) 

      ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးမှာ၊ ပြည်သူ့တိုးတက်ရေးပါတီမှာ အတူတူလက်တွဲပြီး အလုပ်လုပ်ကြရတဲ့အခါမှာတော့ ကိုမြင့်ဦးသစ်နဲ့ကျွန်တော့်အကြား ပိုမို ရင်းနှီးလာခဲ့ပါတယ်။ ထိတွေ့ဆက်ဆံရမှုတွေကလဲ ပိုမိုများပြားလာရပါတယ်။ သူ့ရဲ့အကျင့်စရိုက်နဲ့သဘောသဘာဝတချို့ကိုလဲ ပိုမို နီးနီးကပ်ကပ်တွေ့မြင်လာရပါတယ်။ လူကောင်ကြီးက သိသိသာသာ ကြီးထွားခိုင်ခန့်သလောက်၊ ပြောဟန်ဆိုဟန်နဲ့လေသံကလဲ အင်မတန် အောင်အောင်မြင်မြင်ခန့်ခန့်တည်တည်ရှိသလောက်၊ တခါတရံမှာတော့ တကယ်ကို ကဗျာဆရာတွေထက်တောင် ကဗျာဆန်နေ-အနုပညာဆန်နေတတ်တာမျိုးတွေလဲ ရှိနေခဲ့ပါတယ်။ တခါမှာတော့- ပါတီ ဗဟိုဖွဲ့စည်းပြီးစ ပူပူနွေးနွေးတရက်မှာတော့- ကိုမြင့်ဦးသစ်ကြီးဟာ ပါတီရုံးခန်းလုပ်ထားရာနေရာကို တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ရောက်ချလာပါတယ်။ သူ ရောက်လာတဲ့အချိန်မှာ ပါတီဗဟိုရုံးချုပ်လုပ်ထားရတဲ့ရုံးခန်းလေးထဲမှာ ရုံးတာဝန်ကျတွေအဖြစ် အစ်ကိုကြီးကိုလှရွှေ နဲ့ကျွန်တော်ပဲ ရှိနေပါတယ်။ သူ ရောက်လာတဲ့အကြောင်းရင်းက၊ ပါတီဗဟို ဖွဲ့စည်းပြီးပြီဆိုတော့ ပါတီစတင်လှုပ်ရတော့မယ့်အချိန်မှာ မလွဲမသွေ လိုအပ်တော့မှာဖြစ်တဲ့ ပါတီ ဝင်များလက်ခံရေးအတွက် ‘ပါတီဝင် လျှောက်လွှာပုံစံ မူကြမ်း’ ဆိုတာကြီးကို ကိုယ်တိုင်ရေးသား ပြုစုပြီး အချိန်မီအသုံးပြုနိုင်အောင် လာရောက်ပြသ ပေးအပ်လာခြင်းဖြစ်ပါတယ်။ ရောက်ရောက်ချင်းမှာပဲ သူက....
“ ကဲ- ကိုလှရွှေ.. ခင်ဗျားက GS ၊ ကဗျာဆရာကလဲ အတွင်းရေးမှူးအဖွဲ့ဝင်(၁)ဆိုတော့-ခင်ဗျားတို့ကိုပဲ အရင်ချ ပြရမှာပဲ။ ဥက္ကဋ္ဌရော ကျန်တဲ့သူတွေနဲ့ပါ ညှိနှိုင်းပြီး လိုအပ်သလိုဆုံးဖြတ်ကြ၊ လိုအပ်သလိုအသုံးပြုကြဖို့ပါပဲ။ အခုက နယ်တွေမှာလဲ မြို့နယ်ပီကျုတွေ ဖွဲ့ရတော့မှာဆိုတော့- ပထမဆုံးက ပါတီဝင်သစ်တွေ စုဆောင်းရတော့မှာမဟုတ်လား။ အဲဒီတော့ မုချလိုအပ်လာတော့မယ့် ပါတီ ဝင်လျှောက်လွှာတွေအတွက် ‘ လျှောက်လွှာပုံစံ’ ရှိရတော့မှာလေ..။ အဲဒီအတွက်-မုချလိုအပ်လာတော့မယ့် ပါတီဝင်လျှောက်လွှာအတွက် ‘ပုံစံကြမ်း’ လေးကျွန်တော် ရေးပြီး ယူလာတယ်။ မနေ့က တညလုံးစဉ်းစားပြီး ရေးလာတာပဲ-” လို့လဲ နိဒါန်းရှည်ရှည်ခံလိုက်ရင်း၊ လျှောက်လွှာစက္ကူနဲ့ ဟိုဖက်သည်ဖက် နှစ်မျက်နှာအပြည့်ရေးသားထားတဲ့ သူ့ရဲ့လျှောက်လွှာပုံစံကြမ်းဆိုတာကြီးကို အစ်ကိုကြီးကိုလှရွှေ နဲ့ကျွန်တော့်ရှေ့ကြား အသာအယာချပေးလာပါတယ်။ ကိုလှရွှေက သူ့ရဲ့စက္ကူကို ကောက်ကိုင်လိုက်ပြီး၊ မျက်မှန်ကိုပါ တချက်ဆွဲတင်လိုက်ရင်း ဦးစွာဖတ်ကြည့်ပါလေတယ်။ သူ့မျက်နှာပေါ်မှာ မျက်မှောင်တချက်ကျုံ ့သွားတာကိုလဲ ကျွန်တော်က မြင်မိအောင် မြင်လိုက်မိပါတယ်။ ပြီးတော့ -ကိုလှရွှေက သူ့လက်ထဲကစက္ကူကို ကျွန်တော့်ဆီ ဆက်ပြီးကမ်းပေးလာပါတယ်။ ကျွန်တော်ကလဲ ကိုမြင့်ဦးသစ်ရဲ့လက်ရေးနဲ့ သေသေချာချာသပ်သပ်ရပ်ရပ်ရေးထားတဲ့ အဲဒီပုံစံကြမ်းကို သေချာကြည့်လိုက်မိတော့- ကိုမြင့်ဦးသစ်ရေးလာတဲ့ ကိုမြင့်ဦးသစ်ရဲ့ပါတီဝင်လျှောက် လွှာနမူနာပုံစံကြမ်းက တခြားတခြားသော ဘယ်ပါတီဘယ်အဖွဲ့အစည်းများရဲ့ပါတီဝင်/ အဖွဲ့အစည်းဝင် လျှောက်လွှာပုံစံမျိုးနဲ့မှ မတူပါ။ ထိပ်ဆုံးမှာ ပထမဆုံးစာလုံးကြီးကြီးနဲ့ ခေါင်းစည်းတင်ထားကိုက ‘ ပန်လွှာ ’  တဲ့။
အောက်မှာကတော့- ထုံးစံအတိုင်း- အမည်ရင်း၊ တခြားအမည်၊ မိဘအမည် ၊ မွေးဖွားသက္ကရာဇ်၊ မွေးရာဇာတိ၊ လက်ရှိနေရပ် ၊ ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံရေးလှုပ်ရှားမှုများ.. ဆိုတာမျိုးတွေပါပဲ တခြားသော နိုင်ငံရေးပါတီအဖွဲ့အစည်းများရဲ့ပါတီဝင်လျှောက်လွှာတွေနဲ့ မတိမ်းမယိမ်းလို့ပဲ ဆိုရမှာပါ။ ထူးထူးခြားခြားကွဲပြားနေတာကတော့- ပါတီဝင်လျှောက်လွှာကို ‘ ပန်လွှာ ’ လို့စာလုံးကြီးကြီးနဲ့ခေါင်းစဉ်တပ်ထားမှုပါပဲ။ ဒါဟာ သူ့ရဲ့စိတ်ကူး စိတ်သန်းလှလှနဲ့အနုပညာဆန်မှု- အနုပညာဆန်ချင်မှုတခု-လို့ပဲ ကျွန်တော်ကတော့ ဖျတ်ခနဲသဘောပေါက်လိုက် ယူဆလိုက်မိပါတယ်။
သူက ကျွန်တော်တို့နှစ်ယောက်ရဲ့မျက်နှာကို ဖျတ်ကနဲ တချက်ကြည့်လိုက်ပြီး-“ ကျွန်တော်လဲ နောက်တနာရီလောက်နေမှ တခေါက် ထပ်လာဦးမယ်။ ဦးခင်မောင်မြင့်တို့ ကိုညိုဝင်းတို့ရောက် လာရင်လဲ ပြလိုက်ပါဗျာ.. တခြား COC တွေရောက်လာလဲ ပြလိုက်ပါဗျာ.. ကျွန်တော်က ပစ္စည်းလေးတခု ဝယ်စရာရှိလို့-ဈေးဖက် ခဏသွားလိုက်ဦးမယ်..” လို့ဆိုကာ ရုံးခန်းလေးထဲကနေ ပြန်ထွက်သွားပါတယ်။ သူ ထွက်သွားပြီး တအောင့်လောက်အကြာမှာတော့- ကိုလှရွှေ က “ ပန်လွှာ..တဲ့ကွာ။ သူ့ဟာကလဲ ငါ့ ဘာပြန်ပြောရမယ်မှန်းတောင် မသိတော့ဘူး။ နိုင်ငံရေးပါတီ ပါတီ ဝင်လျှောက်လွှာကိုကွာ..” လို့အသံကို တိုးတိုးပြုရင်း အပြုံးကျဲကျဲနဲ့ ပြောလာပါတယ်။
     “ ခေါင်းစည်းတပ်ထားက သိပ်အနုပညာ ဆန်လွန်းနေသလိုပဲ။ သူဆိုချင်တာက ‘ခွင့်ပန်လွှာ’ တို့၊ ‘တောင်းပန်လွှာ’ တို့လို- ‘ပန်လွှာ’ လို့သုံးထားပြီး၊ ပါတီဝင်ခွင့်အတွက် အဆိုပြုလွှာ လျှောက်လွှာကိုလဲ တိုတိုတုတ်တုတ် နဲ့ပဲ ‘ပန်လွှာ’ လို့လုပ်ထားတာပဲ။ ‘ပန်လွှာ’ ဆိုတာကို သုံးစေချင်နေတဲ့သဘောပဲ..” လို့ကျွန်တော်က အစ်ကိုကြီးကိုလှရွှေကို ပြန်ဖြေလိုက်မိပါတယ်။
      နောက်တော့- အိမ်ရှင်လဲဖြစ်၊ ပါတီဥက္ကဋ္ဌလဲဖြစ်တဲ့ ဦးလေးဦးခင်မောင်မြင့် ပြန်ရောက်လာတော့၊ အဲဒီ ပါတီဝင်လျှောက်လွှာမူကြမ်းကိစ္စကို အသိပေးလိုက်ရင်း၊ ကိုမြင့်ဦးသစ်ရဲ့လက်ရေးနဲ့မူရင်းစက္ကူကိုပါ ကိုလှရွှေက ပေးအပ်လိုက်ပါတယ်။ ဦးခင်မောင်မြင့်က စက္ကူကို သေသေချာချာကြည့်လိုက်ပြီး- “ အင်း..ပါမောက္ခတော့လုပ်ပြီ..” လို့- သူလဲ အပြုံးကျဲကျဲနဲ့ပြောဆိုရင်း- “ ကဲ- ပါတီဝင်အဆိုပြုမယ့် လျှောက်လွှာတင်ကြမယ့်သူတွေလဲ ဘာမှအလုပ်မရှုပ်ရ၊ ဝိဒါဒ မဖြစ်ရ၊ ခေါင်းမစားရအောင်၊ ပါမောက္ခကြီးလဲ သူ အပင်ပန်းခံလုပ်လာတာ တစုံတရာ ကျေနပ်မှုရအောင်- ‘ပန်လွှာ’ တော့ မလုပ်ပါနဲ့၊ ‘ပန်ကြားလွှာ’ လို့ပဲ လုပ်ရအောင်ပါလို့ဆွေးနွေးလိုက်ပြီး၊ ကျန်တဲ့ COC တွေနဲ့ပါ သဘောတူညီချက်ယူပြီး၊ အတည်ပြုချက်ပေးလိုက်-လုပ်လိုက်ကြတာပေါ့ဗျာ” တဲ့။
အဲသလိုနည်းနဲ့ပဲ ဦးခင်မောင်မြင့်ရဲ့ပြောကြားချက်အတိုင်း၊ ကိုမြင့်ဦးသစ်ကြီးရဲ့ ‘ပန်လွှာ’ ကိစ္စကတော့ ပြီးစီးသွားခဲ့ရပါတယ်။
နောက်ပိုင်းမှာလဲ ကိုမြင့်ဦးသစ်ကြီးဟာ ထူးထူးခြားခြားကိစ္စတွေကို ဦးဦး ဖျားဖျားမကြာခဏဆိုသလို အဖွဲ့အစည်းအတွင်းကို ယူယူလာတတ်ပါတယ်။ တကယ်ကို အမှတ်ရစရာကိစ္စတခုက တော့- Pluralism လို့ခေါ်ကြတဲ့ ‘ဗဟုဝါဒ’ ကိစ္စကို သဘောတကျ ယူဆောင်လာခဲ့ပြန်ခြင်းပါပဲ။ သူက အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သူဖြစ်ရုံမက၊ ဂျာမန်လိုလဲ ကောင်းကောင်းတတ်သူဖြစ်လေတော့ နိုင်ငံတကာစာနယ်ဇင်းတွေထဲကနေ ရေပန်းစားစွာတွေ့ရှိလာရတဲ့ အဲဒီ Pluralism ဆိုတဲ့ ‘ ဗဟုဝါဒ ’ အကြောင်းကို သူက ကျွန်တော်တို့နဲ့ မြိန်မြိန်ရှက်ရှက် မိတ်ဆက်ပေးတာ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ပြည်သူ့တိုးတက်ရေးပါတီက COC အားလုံးလောက်စုံညီတဲ့ ပါတီတွင်းအစည်းအဝေးတခုအတွင်းမှာကိုပဲ သူက တက်တက်ကြွကြွနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ မူရင်းဆောင်းပါးကိုပါ ပြသပြီး၊ သူကိုယ်တိုင် ဗမာဘာသာပြန်ဆိုထားတဲ့ဆောင်းပါးကို အား
လုံးရဲ့ရှေ့မှောက်မှာ ဖတ်ကြားပြခဲ့တာဖြစ်ပါတယ်။ ဘယ့်နှယ်လဲ..ဆိုတဲ့သဘောနဲ့တဦးချင်းဆီထံက အဖြေကိုလဲ ရယူလိုဟန်တူပါတယ်။ သူ ဘာသာပြန်ပြလာ ယူဆောင်လာတဲ့ pluralism အပေါ် တဦးချင်းအလိုက်ကြိုက်တာ မကြိုက်တာ-လက်ခံတာ လက်မခံတာ ခဏထား၊ သူ့ရဲ့စိတ်စေတနာနဲ့သူ့ရဲ့နိုင်ငံရေးဆိုင်ရာ၊ သဘောတရားရေးဆိုင်ရာ လေ့လာလိုက်စားမှု မိုးကုပ်စက်ဝိုင်းဟာ တော် တော်ကို ကျယ်ပြန့်လှပြီး၊ တော်တော်ကိုလဲ ဦးဦးဖျားဖျားဖြစ်နေတာ တွေ့လိုက်ရပါတယ်။သူ့ရဲ့ တည်တည်ခန့်ခန့်အသံကြီးနဲ့စာတန်းဆောင်းပါးဖတ်ပြနေသံကို နားဆင်ကြည့်နေမိရင်း၊ ဒါမျိုးတွေကြောင့်-ဒါတွေကြောင့်ပဲ သူ့ရဲ့ရဲဘော်ရဲဘက်အတွင်းသိ အစင်းသိတွေက ‘ပါမောက္ခကြီး’ လို့ တညီတညွတ်တည်း ခေါ်ဝေါ်အတည်ပြုခဲ့ကြလေသလားလို့တောင် အတွန့်တက် အတွေးဝင်လိုက်မိပါသေးတယ်။ (တကယ်ကတော့- ‘ပါမောက္ခကြီး’ ‘ ပါမောက္ခကြပ်ခိုး’ ဆိုတဲ့နာမည်ဟာ ကိုကိုးကျွန်းမှာ နေထိုင်ခဲ့ရစဉ်က သူကိုယ်တိုင် ‘ပါမောက္ခကြပ်ခိုး’ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် စင်တင်ကပြနိုင်ခဲ့ရာက ရရှိလာခဲ့တဲ့ နာမည်တလုံးသာဖြစ်ကြောင်း-ကျွန်တော် ကောင်းစွာ သိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနာမည်ဟာ စင်ပေါ်မှာသာမဟုတ်၊ အပြင်တကယ့်လောကမှာလဲ ကြံကြံဖန်ဖန် လိုက်ဖက်ကိုက်ညီနေသယောင်တွေ့လိုက်ရပါတယ်။) ‘ပါမောက္ခ’ ဆိုတဲ့ အနွတ္တသညာဟာ သူနဲ့ကတော့ တကယ့်ကို ကွက်တိလို့ပဲ ဆိုလိုက်ချင်ပါတယ်။
   ကျွန်တော်တို့တတွေဟာ ပြည်သူ့တိုးတက်ရေးပါတီမှာ အဲသလိုအတူပူးတွဲလှုပ်ရှားနေကြချိန်ဟာ ၁၉၈၈ နှစ်ကုန်-၁၉၈၉ နှစ်ဦးပိုင်းကာလတွေမှာပါ။ဆိုဗီယက်က ‘ဂိုဘာချော့’ ရဲ့နာမည် တော်တော်လေးရေပန်းစားနေဆဲအချိန်ပါ။ ဂိုဘာချော့ ပြုတ်မကျသေးပါ။ အဲဒီအချိန်တွေမှာ ဆိုဗီယက်ကနေထွက်ပေါ်လာတဲ့ ‘ဂလပ်စနော့’ တို့ ‘ ပီရက်ထရွိုက်ကာ’ တို့ကိုလဲ ကိုမြင့်ဦးသစ်ကြီးဆီကနေပဲ ဦးဦးဖျားဖျား ကျယ်ကျယ်ပြန့်ပြန့်ကြားသိနေခဲ့ရပါတယ်။ စဉ်းစားစရာ သုံးသပ်စရာ ဝေဖန်ထောက်ရှုစရာတွေ ဖြစ်ခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ် အချက်အလက်သစ် ရှုဒေါင့်သစ်တွေကနေ ထွက်ပေါ်လာနေတဲ့ လှိုင်းလုံးသစ် ပလုံစီသံတွေကို အချိန်နဲ့တပြေးညီလိုလို ကျွန်တော်တို့တတွေအကြား ဦးဦးဖျားဖျား သိခွင့်ရနေခဲ့ရတာကိုက ကိုမြင့်ဦးသစ်ရဲ့ကျေးဇူးပြုချက်လို့ ဆိုရမှာပါ။
ကိုယ်လုံးကိုယ်ပေါက်က ထွားထွားကျိုင်းကျိုင်း၊ လေသံကတည်တည် ကြည်ကြည်၊ မျက်နှာ ပေါက်ကတော့ (ကျွန်တော့်အမြင်မှာ) ကုလားဆင်လိုလိုဖြစ်နေရာ၊ အိန္ဒိယသွေးများ ပါလေသလားလို့တောင် စိတ်ထဲမှာ ထင်မြင်ပေမဲ့၊ ဒီလိုအကြောင်းတွေကို တခါမှ စကားမစပ်မိဖူး၊ မေးမြန်းမကြည့်ခဲ့ဖူးတော့ သေချာမပြောနိုင်ပါ။ သူ့ကိုမြင်လိုက်ရရင်- ကျွန်တော့်စိတ်ထဲမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတဦးဖြစ်တဲ့ ‘ရာဟုလာသံကိစ္စည်း’ ရဲ့ရုပ်သွင်နဲ့ပုံပန်းဟန်ပန်ကိုပဲ ဖျတ်ခနဲ ပြေးပြေးမြင်မိပါတယ်။ တကယ်ကို ခန့်ခန့်ညားညားပုံသဏ္ဍာန်ဟာ အတိုင်းသားပေါ်လွင်နေပါတယ်။
ဒီလို ပုံပန်းသဏ္ဍာန်နဲ့သွင်ပြင်လက္ခဏာရှိတဲ့ ကိုမြင့်ဦးသစ်ကြီးဟာ ရယ် မောစရာ ဟာသလုပ်စရာရှိတဲ့အခါမှာလဲ ပွင့်ပွင့်လင်းလင်းနဲ့ စတတ် နောက်တတ်ရင်း၊ ဟက်ဟက်ပက်ပက်ရယ်မောတတ်သူ-ဟာသဓါတ်မချောက်သွေ့သူ ဖြစ်နေပြန်ပါတယ်။ သူက ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်မောင်မြင့်ကိုရော၊ အသားက ခပ်မဲမဲဖြစ်တဲ့ကျွန်တော့်ကိုပါ တခါက လူပုံအလယ်မှာ အားရပါးရ ရယ်မောနောက်ပြောင်ခဲ့ဖူးတာ ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက လူပုံအကြားမှာ သူ့ဇနီးသည်လဲ ရှိနေခဲ့ပါတယ်။ ဦးခင်မောင်အိမ်မှာဖြစ်တာကြောင့် ဦးခင်မောင်မြင့်ရဲ့ဇနီးသည် ဒေါ်လေးဒေါ်တင်တင်လဲ ရှိနေခဲ့ပါတယ်။ ဦးခင်မောင်မြင့်ရဲ့နေအိမ်လဲဖြစ်၊ ပါတီဌာနချုပ်လဲဖြစ်တဲ့ ခပ်ကျဉ်းကျဉ်းရုံးခန်းလေးထဲမှာ ရန်ကုန်မှာရှိနေတဲ့ COC ဝင်အားလုံးလဲ ရှိနေခဲ့ပါတယ်။ အကြောင်းကတော့-ဒီရုံးခန်းလေးထဲမှာ ဗီဒီယိုအခွေကြည့်ဖို့ လူစုံတက်စုံနီးပါး ရောက်နေကြလို့ဖြစ်ပါတယ်။ အခွေကလဲ တခြားအခွေ မဟုတ်၊ (ဒီရက်ပိုင်းအတွင်းကမှ ပူပူနွေးနွေးပြီးသွားခဲ့တဲ့- ၁၉၈၉ခုနှစ် မတ်လ(၁၃)ရက်နေ့မှာ RIT မှာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ ‘ဖုန်းမော်ကျဆုံးခြင်း တနှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်း အနား’ အခွေလေးပဲ ဖြစ်ပါတယ်။ ဖုန်းမော်ကျဆုံးခဲ့ရာ နေရာအနားမှာပဲ စင်ထိုးပြီး ကျင်းပခဲ့တဲ့ အဲဒီအခွေကို ဘယ်အဖွဲ့အစည်းက ဘယ်ပုဂ္ဂိုလ်က တာဝန်ယူ မှတ်တမ်းတင်ရိုက်ကူးယူခဲ့သလဲတော့ မသိပါ။ အဲဒီပွဲမှာ ကျွန်တော်တို့ဆီက ဦးလေးဦးခင်မောင်မြင့်၊ ကိုလှရွှေ နဲ့ကျွန်တော်- သုံးဦးသားတက်ရောက်ခဲ့ကြပြီး၊ ဦးလေး ဦးခင်မောင်မြင့်ကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့တဲ့အခန်းလဲ ပါပါတယ်။ မိုးသီးဇွန်၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တော်ဘုရားလေး၊ ဝိဓူရသခင်ချစ်မောင်တို့အပါ ပုဂ္ဂိုလ်တော်တော်များများလဲ တက်ရောက်စကားပြောခဲ့ကြပုံတွေ ပါပါတယ်။ အဲဒီအခွေလေးကို ကျွန်တော်တို့အဖွဲ့က အတွင်းရေးမှူးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုမိုးမြင့်က (ဘယ်က ရယူလာနိုင်ခဲ့သလဲ မသိ) ရှာဖွေ ရယူလာခဲ့ပြီး၊ သူ့အိမ်က ဗီဒီယိုပြစက်လေးကိုပါ ဆွဲယူလာခဲ့ပြီး၊ ကိုယ့်လူတွေအားလုံး ကြည့်ရအောင် စီစဉ် ပြသပေးခဲ့တာဖြစ်ပါတယ်။ ကိုမြင့်ဦးသစ်က အဲဒီအခွေကို သူ့ဇနီးပါ ကြည့်ရအောင် ခေါ်လာခဲ့ခြင်းဖြစ်သလို၊ အိမ်ရှင်ဒေါ်လေးဒေါ်တင်တင်ပါ စိတ်ဝင်စားစွာ ပါဝင်ကြည့်ရှုလေတော့- ရုံးခန်းကျဉ်းကျဉ်းလေးထဲမှာ တကယ်ကို လူစုံတက်စုံလို့ဆိုရမှာပါ။ ကိုမိုးမြင့်က အခွေကို ထည့်သွင်း ပြသပေးချိန်မှာ၊ တနေရာအရောက်မှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်-စတဲ့သူတွေရဲ့နောက်နားမှာ ဦးခင်မောင်မြင့်၊ ကိုလှရွှေ နဲ့ကျွန်တော့်ရဲ့ရုပ်ပုံတွေလဲ ဗီဒီယိုရိုက်ချက် ပြကွက်ထဲမှာ မလွှဲမရှောင်သာ ပါလာခဲ့ပါတယ်။ နေပူကျဲကျဲကြီးရဲ့အောက်မှာ ကျွန်တော့်ရဲ့ရုပ်ပုံကတော့ သိသိသာသာကြီးကို မဲပြောင်နေလေရာ ...
“ ဟာ.. ဒို့လူ ကဗျာဆရာကတော့ မဲပြောင်လို့၊ တန်ဇန်နီးယားက ကိုယ် စားလှယ်လား၊ အာဖရိကကကိုယ်စားလှယ်လားလို့တောင် မှတ်ရတယ်ကွာ..” ဆိုတဲ့ ကိုမြင့်ဦးသစ်ရဲ့ထောပနာသံ စလိုက်သံ ထွက်ပေါ်လာရုံမက၊ နောက်ဆက်တွဲ သဘောတကျရယ်မောလိုက်သံကြီးပါ ထွက်ပေါ်လာပါတယ်။ ကိုမြင့်ဦးသစ်တို့လင်မယားနှစ်ဦးစလုံးက ကျွန်တော်နဲ့ခပ်နီးနီးမှာ ထိုင်နေတာဖြစ်တာကြောင့်၊ သူ့ရဲ့အောင်မြင်တဲ့အသံကြီးကို ကျယ်ကျယ်လောင်လောင်ကြားရရုံမက၊ နောက်ဆက်တွဲ ရယ်မောသံ တဟဲဟဲကိုပါ ကြားနေရတဲ့အပြင်၊ သူက ကျွန်တော်မျက်နှာကိုလဲ လှမ်းကြည့်ရင်း ပြုံးစေ့ စေ့လုပ်နေပါတယ်။ နောက်တော့- ဦးလေးဦးခင်မောင်မြင့်ကို ကျွန် တော်ကပဲ တွဲခေါ်ကာ စင်ပေါ်အထိ လိုက်ပို့ခန်းမှာလဲ ကျွန်တော်ရော ဦးခင်မောင်မြင့်ရဲ့ရုပ်ပုံတွေဟာ အသားအရေတွေက ပုံမှန်ထက်ကို မဲသဲနေရာ၊ သူက တခွိခွိ နဲ့သဘောတကျ ရယ်ပါတယ်။ စင်ပေါ်ရောက်သွားတဲ့ ဦးခင်မောင်မြင့်က ဖုန်းမော်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သူ့ရဲ့မိန့်ခွန်းကို စလိုက်တဲ့အခါ- ‘ ရဲဘော်တို့…’လို့နိဒါန်းချီကာ အားနဲ့မာန်နဲ့တက် တက်ကြွကြွ ဖွင့်လိုက်ပါတယ်။ ခန္ဒာကိုယ်က ပိန်ပိန်လှီလှီဖြစ်ပေမဲ့၊ ခန္ဓာနဲ့မလိုက်အောင် အသံကတော့ ပြတ်သားလှပါတယ်။ စစ်အစိုးရကို ဦးတည်တိုက် ခိုက်တဲ့မိန့်ခွန်းစကားကို ဋ္ဌာန်နဲ့မာန်နဲ့ပြောကြားနေရင်းက ဦးလေးရဲ့ပါးစပ်ထဲက (သွားမရှိလို့တပ်ထားရတဲ့) အံကပ်ကြီးက ပြုတ်ထွက်ကျလာတဲ့အတွက် ကဗျာကသီကောက်တပ်ပြီး ပြောလိုက်ရတဲ့အခန်းကလဲ ပီပီသသကြီးကို ထွက်ပေါ်လာလေရာ၊ ကြည့်နေကြသူအားလုံး ပြုံးမိရပါတယ်။ “ ဟာ..ဒို့ဥက္ကဋ္ဌကတော့ လုပ်ချလိုက်ပြီ၊ အံကပ်ကြီးတောင် ပြုတ်ကျလို့ဗျာ..” လို့ ထောပနာလိုက်တဲ့ ကိုမြင့်ဦးသစ်ကြီးရဲ့ရယ်မောသံကြီးကလဲ သဘောတကျထွက်ပေါ်လာခဲ့ပြန်ရာ၊ ကာယကံရှင်ဦးလေးဦးခင်မောင်မြင့်သာမက၊ ဒေါ်လေးဒေါ်တင်တင်ပါ ပြုံးစေ့စေ့ဖြစ်သွားရပါတယ်။ အဲ
ဒီနေ့က ဗီဒီယိုအခွေ ကြည့်ပြီးကြတဲ့နောက်ပိုင်းမှာလဲ ကိုမြင့်ဦးသစ်က ဦးခင်မောင်မြင့်ကို ဟာသလုပ်လိုက်၊ ကျွန်တော်ကို ဟာသလုပ်လိုက်နဲ့ ကြည်ကြည်နူးနူးဖြစ်ခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်တော့်အဖို့ ပိုပြီးအမှတ်ရစရာတခုလဲ ရှိခဲ့ပါသေးတယ်။ အဲဒါကတော့- အစ်ကိုကြီးကိုမြင့်ဦးသစ်ရဲ့ဇနီးက ကိုမြင့်ဦးသစ်ရဲ့ရှေ့မှာပဲ ကျွန်တော့်ကို ပိုက်ဆံ ဆယ့်ငါးကျပ်တိတိ မုံးဖိုးပေးသလို ပေးခဲ့ခြင်းပါပဲ။ ကျွန်တော့်မှာ ဝင်ငွေ တပြားတချပ်မှ ရှိသူမဟုတ်မှန်းသိတဲ့အတွက်၊အသေးသုံးသဘော-သုံးချင်ရာလေးတွေသုံးနိုင်ဖို့၊သူ တတ်နိုင်သလောက်ပေးကမ်းတဲ့သဘောဖြစ်ပါတယ်။ ကျွန်တော့်ရင်ထဲမှာ အခုချိန်အထိ မှတ်မှတ်သားသားဖြစ်ရပါတယ်။ အစ်မကြီးရဲ့ နာမည်ဟာ ဒေါ်မြကျင်လား-ဒေါ်ကျင်မြလား-ဘယ်သူလဲဆိုတာ (ကျွန်တော်လဲ တခါမှမမေးမိဖူးတဲ့အတွက်) အခုချိန်အထိ တိတိကျကျ မသိရှိ မမှတ်မိပေမဲ့၊ အစ်မကြီးပေးခဲ့ဖူးတဲ့ ငွေလေး-ဆယ့်ငါးကျပ်ကိုကတော့-ကျွန်တော် အမြဲလိုလို သတိရနေ မှတ်မိနေဆဲဖြစ်ပါတယ်။ အဲဒီနေ့ဟာ ပါတီရုံးချုပ်မှာ ‘ဖုန်းမော် နှစ်ပတ်လည်အထိမ်းအမှတ်ဗီဒီယိုခွေလေး’ ကြည့်ဖြစ်ကြတဲ့နေ့က ပြန်ခါနီးမှာ ပေးခဲ့တာဆိုတာကိုလဲ အခုချိန်အထိ မှတ်မိနေဆဲဖြစ်ရပါတယ်။ အဲဒီတုန်းက ‘ဆယ့်ငါးကျပ်’ ဆိုတဲ့ငွေကြေးပမာဏဟာ အခုလက်ရှိငွေကြေး- ငါးထောင်-တစ်သောင်းထက်တောင် တန်ဖိုးရှိခဲ့ အသုံးခံခဲ့တာဟာလဲ မမေ့စရာလို့ပဲ ဆိုရပါလိမ့်မယ်။

              ( ၃ )

       အစ်ကိုကြီးကိုမြင့်ဦးသစ်နဲ့ ကျွန်တော့်အကြားမှာ တပါတီတည်း အတူပူးတွဲလှုပ်ရှား လုပ်ကိုင်ခဲ့ကြရင်း၊ အဲသလို- မမေ့နိုင်စရာ ပြော စမှတ်ပြုစရာ ချစ်ခင်ရင်းနှီးမှုတွေ ရှိခဲ့ကြသလို၊ တချို့ကိစ္စတွေမှာတော့ အမြင်သဘောထား မတူတာတွေ၊ ကွဲလွဲခဲ့ကြတာတွေလဲ ရှိခဲ့ဖူးပါတယ်။ ‘လွတ်လပ်စွာသဘောထားကွဲလွဲခွင့်’ လို့ပဲဆိုရမှာပါ။ ချစ်ခင်ရင်းနှီးမှုသာမက၊ လွတ်လပ်စွာ အမြင် သဘော ထားကွဲလွဲခွင့်အရ၊ မတူညီမှုတွေကိုလဲဖေါ်ပြမှ ကိုမြင့်ဦးသစ်ကြီးရဲ့ရုပ်ပုံမှန်ဟာ ပိုမိုပီသမှာဖြစ်တဲ့အတွက် အနည်းငယ်လောက်တော့ဖေါ်ပြလိုပါသေးတယ်။ အမှတ်ရစရာတွေထဲက အမှတ်ရစရာတခုအဖြစ် ဖေါ်ပြလိုက်တာလို့ပဲ ဆိုပါရစေ..
အဲဒါက ဘာလဲ ဆိုတော့- ‘ အဖမ်းခံမလား- မခံဘူးလား’ ဆိုတဲ့ကိစ္စအပေါ် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ကြဖူးပါတယ်။ ကျွန်တော်တို့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နဲ့အထွေထွေအတွင်းရေးမှူးကိုလှရွှေတို့အဖမ်းခံရပြီးပြီးချင်း ရက်ပိုင်းလောက်အတွင်းမှာပဲ အဲဒီကိစ္စ ပေါ်ခဲ့တာပါ။ ပါတီရုံးခန်းထဲမှာပဲ ရန်ကုန်ရှိ COC အားလုံးရဲ့ပါတီတွင်းအစည်းအဝေးတခု ကျင်းပခဲ့ပြီး၊-“ နဝတစစ်အစိုးရကတော့ အခု အဖမ်းအဆီးတွေ စလုပ်နေပြီ၊ ဥက္ကဋ္ဌနဲ့ GS ပါ သွားပြီ။ အဲဒီအပေါ် ဘယ်လို တုန့်ပြန်ကြမလဲ၊ ပြီးတော့ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကျော်လွှားကြမလဲ” ဆိုတဲ့ ပြဿနာအပေါ် သဘောထားအမြင်တွေ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ အဲဒီကနေ- “အဖမ်းခံမလား-မခံဘူးလား..” ဆိုတဲ့ကိစ္စ ထွက်ပေါ်လာခဲ့ပါတယ်။ “ဥက္ကဋ္ဌဦးခင်မောင်မြင့်နဲ့အထွေထွေအတွင်းရေးမှူးကိုလှရွှေတို့ မတရားအဖမ်း အဆီးခံရမှုအပေါ် နဝတစစ်အစိုးရကို ရှုတ်ချကန့်ကွက်စာ ထုတ်သွားမယ်။ ထုံးစံအတိုင်း-ဒမဖ အပါအဝင်၊ NLD အပါအဝင်၊ မဟာမိတ်ပါတီတွေကိုလဲ အသိပေးပြီး၊ အဲဒီတွေကနေလဲ နဝတစစ်အစိုးရကို ရှုတ်ချကန့်ကွက်စာတွေထွက်ပေါ်လာအောင်လုပ်ဆောင်သွားမယ်-” ဆိုတာတွေမှာ တညီတညွတ်တည်းသဘောတူခဲ့ကြ၊ အမြင် ထပ်တူရှိခဲ့ကြပေမဲ့၊ “အဖမ်းခံမလား- အဖမ်းမခံဘူးလား” ဆိုတာအပေါ်မှာတော့ သိသိသာသာ အမြင်သဘောထား ကွဲလွဲခဲ့ကြပါတယ်။
အဲဒီမှာ ကိုမြင့်ဦးသစ်က “ ကျွန်တော်တို့ ဖွဲ့စည်းထားတာဟာ ဒီမိုကရက်တစ်ပါတီပဲ။ မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ဖွဲ့စည်းထားတဲ့- ဒီမိုကရက်တစ်ပါတီတရပ်-ဥပဒေတွင်းပါတီတခုပဲ။ ဒီတော့ အစိုးရက အချိန်မရွေး ဖမ်းတာဆီးတာ လုပ်ချင်လုပ်လာနိုင်တယ်ဆိုတာဟာလဲ ဆန်းတဲ့ကိစ္စမှ မဟုတ်ပဲ။ ကြိုတင်သိမြင်ထားကြပြီးသားကိစ္စမျိုးပဲ။ အဲဒီတော့ လာဖမ်းရင်- ကျွန်တော်ကတော့ လိုက်သွားဖို့အသင့်ပဲ။ အဲသလိုပဲ သဘောထားရှိတယ်။အဲသလိုပဲ ရင်ဆိုင်ရမယ်လို့မြင်တယ်..” လို့ဆွေးနွေးလာခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က သူနဲ့သဘောထား အမြင်မတူပါ။ အဲဒါကြောင့်- “ ကျွန်တော်ကတော့ လာဖမ်းရင် လိုက်သွားရေး၊ ဖမ်းဆီးလာမှာကို အိမ်ကနေအဆင်သင့်စောင့်နေရေးဟာ မမှန်ဘူးလို့ထင်တယ်။ အဲဒါဟာ ခေါင်းငုံ့ခံရေးသက်သက်ကြီးလို ဖြစ်နေတယ်လို့ယူဆတယ်။ ဒါကြောင့် လက်မခံနိုင်ဘူး။ လာဖမ်းတာမှန်းသိနေရင်-ဘာလို့ခေါင်းထိုးခံရမလဲ။ ရှောင် မှာပေါ့။ မလွှဲသာ မရှောင်သာ ပက်ပင်းမိသွားတာမျိုးကတော့ မတတ်နိုင်ဘူးပေါ့။ အဲသလိုမျိုးမဟုတ်လို့ကတော့- သတိကြီးကြီးထားပြီး ရှောင်တာတိမ်းတာ၊ နေရာ လွှဲဖယ်အိပ်တာမျိုးတွေ လုပ်ရမှာပဲ။ ဒါဟာ သတ္တိမရှိလို့မဟုတ်ဘူး။ လွတ်နေရင်- နိုင်ငံရေးကို ရှိတဲ့နေ ရာ ရောက်ရာအရပ်ကနေ နည်းမျိုးစုံနဲ့ဆက်လုပ်နေလို့ ရတယ်။ လုပ်လို့ရသမျှ- တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ဆက်လုပ်လို့ရသေးတယ်လို့ပဲ မြင်ပါတယ်။ အဲဒါကြောင့်- လာဖမ်းရင် တတ်နိုင်သမျှ အဖမ်းမခံရရေး၊ ရှောင်ရေး တိမ်းရေးဟာ မှန်တယ်လို့ပဲ သဘောထားရှိပါတယ်-” လို့ပြန်လည်ဆွေးနွေးခဲ့ရာ၊ သဘောထားအမြင်(၂) ရပ်ဟာ သိသိသာသာကွဲလွဲနေခဲ့ပါတယ်။ ကိုမြင့်ဦးသစ်ရဲ့အမြင်အယူအဆသဘောထားကို လက်ခံသဘောကျသူတွေ ရှိခဲ့သလို၊ ကျွန်တော့်လိုပဲ အမြင်သဘောထား ခံယူထားသူတွေလဲ ရှိခဲ့ပါတယ်။ ဒါ့ကြောင့်- နောက်ဆုံးတော့ “ တဦးချင်းစီရဲ့အမြင်သဘောထားအတိုင်းပဲ- အဖမ်းအဆီးခံရေးအတိုင်း ရပ်တည်လိုက ရပ်တည်နိုင်တယ်။ အဲသလိုရပ်တည်သွားသူတွေကိုလဲ အလျော့ပေး-ခေါင်းငုံ့ခံရေးသမားတွေလို့အပြစ်ပြောစရာမလိုဘူး။ အဖမ်းမခံရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ရှောင်တာတိမ်းတာလုပ်ပြီး ရပ် တည်ချင်သူတွေလဲ သူ့သဘောထားခံယူချက်အတိုင်း ရပ်တည်လုပ် ဆောင်နိုင်တယ်။ အဲသလို ရပ်တည်လုပ်ဆောင်သူတွေကိုလဲ ထွက်ပြေးရေးသမားတွေလို့ မြင်စရာ မလိုဘူး။ လွတ်လပ်စွာ ကွဲလွဲခွင့်၊ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အဖြစ်ပဲ သဘောထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်-နိုင်ငံ ရေးသိက္ခာကို စောင့်ထိန်းရပ်တည် လုပ်ကိုင်သွားကြဖို့ပဲ ဖြစ်တယ်။” ဆိုပြီး သဘောထားချမှတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနေ့က ပြုလုပ်တဲ့ အစည်း အဝေးမှတ်တမ်းထဲမှာလဲ ရှင်းရှင်းလင်းလင်းထည့်သွင်းဖေါ်ပြခဲ့ကြပါတယ်။ အဲသလိုသဘောထားကွဲလွဲမှုမျိုးတော့ ကျွန်တော်တို့ကြားမှာ အထင်အရှားရှိခဲ့ ပေါ်ခဲ့ဖူးပါတယ်။
ထင်ထားတဲ့အတိုင်းပါပဲ။ နဝတစစ်အစိုးရရဲ့အဖမ်းအဆီးတွေကလဲ ကြာလေ ထူထပ်လေ၊ ကြာလေ များလေ ဖြစ်လာခဲ့ရာ၊ ကျွန်တော်တို့ပါတီထဲကလဲ အစ်ကိုကြီးကိုမြစိန်၊ အစ်ကိုကြီးကိုညိုဝင်းနဲ့ ကိုမိုးမြင့်တို့တွေရုတ်တရက် အဖမ်းအဆီးခံသွားရပါတယ်။ ကိုမြစိန်ဆိုရင်- ကျွန်တော်နဲ့အတူ နောက်တရက်မှာ နေရာတခုဆီသွားပြီး ရှောင်တိမ်းကြဖို့အထိ ပြင်ဆင်စဉ်းစားထားကြတုန်းမှာပဲ၊ ညပိုင်းမှာ သူ့အိမ်ကိုထောက်လှမ်းရေးက ဝင်ဖမ်းသွားတာ ခံလိုက်ရတာဖြစ်ပါတယ်။ ကျွန်တော့်ကိုလဲ ကျွန်တော့်နေရာလိပ်စာအဖြစ် ပြထားတဲ့ (ရွေးကောက်ပွဲကော်မရှင်ကို ပါတီဖွဲ့စည်းစဉ်က ပေးထားဖေါ်ပြထားရတဲ့ လိပ်စာဖြစ်တဲ့)သင်္ကန်းကျွန်းက အိမ်အထိ ထောက်လှမ်းရေးက လိုက်လာကာ ညကြီးမင်းကြီး ဖမ်းဖို့ဆီးဖို့ကြိုးစားခဲ့ပါတယ်။ (အဲဒီအိမ်လိပ်စာဟာ-ကိုဌေးအောင် (နောင်- စာနယ် ဇင်းကောင်စီအဖွဲ့ဝင်- ကိုဇင်လင်း) တို့ဇနီးမောင်နှံရဲ့အိမ် ဖြစ်ပါတယ်။) ကျွန်တော်က လိပ် စာပေးထားတဲ့ ကိုဇင်လင်းတို့အိမ်ကို ရံဖန်ရံခါမှသာ အိပ်ခြင်းနေခြင်းလုပ်ပြီး၊ အဲဒီကာလတွေမှာ လိပ်စာရှိရာမှာမနေဘဲ၊ နေရာလွှဲပြောင်းအိပ်နေတဲ့အတွက်သာ လက်မတင်လေး လွတ်သွားခဲ့ရတာဖြစ်ပါတယ်။ ကိုယ့်ကိုလဲ လာရောက်ဖမ်းဆီးဖို့ကြိုးစားနေတာ သေချာနေပြီဆိုတော့- ရန်ကုန်က ခွာခဲ့ရကာ ဟိုဟိုဒီဒီကနေ- မန္တလေးကဘုန်းကြီး ကျောင်းတွေထဲအထိ နေရာအနှံ့လှည့်လည်တိမ်းရှောင်ခဲ့ရရင်း၊ နောက်ဆုံးမှာ ပြည်ပအထိ ထွက်ခဲ့ရပါတော့တယ်။
ကိုမြင့်ဦးသစ်ကလဲ သူ့ရဲ့ရပ်တည်ချက်အတိုင်း၊ သူ ပြောဆိုထုတ်ဖေါ်ခဲ့ဖူးတဲ့ သဘောထားအမြင်ခံယူချက်အတိုင်းပဲ၊ သတ္တိရှိရှိ အဖမ်းခံရင်း၊ ထောင်ထဲဝင်သွားရတဲ့သတင်းကို ကာလတော်တော်ကြာလေမှ အဝေးကနေ ကျွန်တော် ကြားလိုက်ရပါလေတော့တယ်။
          ( ၄ ) 

     နောက်ပိုင်းတွေမှာတော့- ကိုမြစိန်တို့ ထောင်ကလွက်လာပြီဆိုတဲ့သတင်းတွေ၊ ကိုမိုးမြင့်၊ ကိုကျော်လှိုင်၊ ကိုမြင့်ဦးသစ်တို့တွေလဲ ထောင်ကလွတ်လာတဲ့သတင်းတွေကို ကာလတော်တော်ကြာမှ ကြားသိလာခဲ့ရရင်းသက်ပြင်းဖွဖွ ချနိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ကျဆုံးသွားခဲ့ရတဲ့ ဦးလေးဦးခင်မောင်မြင့်၊ အစ်ကိုကြီးကိုညိုဝင်း၊ အစ်ကိုကြီးကိုတင်မောင်ဝင်းတို့တွေအတွက် ကြေကွဲဆို့နင့်ခဲ့ရပေမဲ့၊ လွတ်မြောက်လာခဲ့ပြီလို့ ကြားလိုက်ရတဲ့ ကိုမြစိန်၊ ကိုကျော်လှိုင်၊ ကိုမြင့်ဦးသစ်တို့တွေအတွက် ဝမ်းသာမိခဲ့ရပြန်ပါတယ်။ နောက်ပိုင်းမှာ ကိုမြင့်ဦးသစ်တို့ ကိုကျော်လှိုင်တို့တွေ စာ နယ်ဇင်းတွေမှာ စာတွေပေတွေတောင် ရေးသားနေကြပြီလို့ ကြားရတဲ့အခါ ပိုမိုဝမ်းသာမိခဲ့ပါတယ်။ ကိုမြင့်ဦးသစ်ကြီးဆိုရင် စာတွေရေးနေရုံမက ‘အလင်းဒေါင့်’ ဂျာနယ်ကိုပါ ထုတ်ဝေကာ အယ်ဒီတာတောင်လုပ်နေတယ်လို့ကြားလိုက်ရတဲ့အခါ၊ ထပ်ကာထပ်ကာ ပီတိဖြစ်ခဲ့ရရုံမက အဝေးကနေ ဩဘာလက်ခုပ်တီးမိပါတယ်။ ကိုကျော်လှိုင်ရဲ့ကလောင် နာမည် (၂)မျိုးနဲ့လက်ရာတွေကို ဟိုမှာသည်မှာ ဖတ်မိရသလို၊ ကိုမြင့်ဦးသစ်ရဲ့လက်ရာတွေကိုလဲ မဂ္ဂဇင်းတွေ ဂျာနယ်တွေပေါ်မှာ အလျဉ်း သင့်သလို ဖတ်ရှုမိခဲ့ရင်း မုဒိတာဖြစ်ခဲ့ရပါတယ်။ အနုပညာနှလုံးသားအခံရှိတဲ့ ကိုမြင့်ဦးသစ်ရဲ့အက်ဆေးနဲ့လက်ရာအချို့ကိုလဲ (သိပ်မများလှပေမဲ့) မှတ်မှတ်ထင်ထင် ကြုံရဖတ်ရတဲ့အပြင်၊ ကိုမြင့်ဦးသစ်ကြီးဟာ အင်္ဂလိပ်စာ/စကားတတ်လိုသူတွေကို အင်္ဂလိပ်စာ/စကားတွေပါ သင်ကြားပို့ချပေးနေပြန်တယ်ဆိုတဲ့အသံကိုပါ ကြားလိုက်ရပြန်တဲ့အခါ “ ဒို့ပါမောက္ခကြီး’ တော့ အခုမှ တကယ့်ပါမောက္ခကြီး ဖြစ်သွားပြီကိုး..” လို့အတွေးဝင်မိရင်း၊ ပြုံးမိကြည်နူးမိရပါတယ်။ သူက အင်္ဂလိပ်စာ/စကားကို သင်ကြားပို့ချပေးနေရုံမက၊ အင်္ဂလိပ်စကားပြောနဲ့ပတ်သက်တဲ့ဆောင်းပါးတွေကိုပါ ရေး သားလာတာတွေ့လိုက်ရတဲ့အခါမှာတော့ တကယ်ကို အံ့ဩသွားခဲ့ရပါတယ်။ အဲသလို အင်္ဂလိပ်စကားပြောဆောင်းပါးမျိုးတွေ ရေးသားလာတော့လဲ တခြားသူတွေနဲ့မတူ၊ သူ့ရဲ့ပင်ကိုထုံးစံအတိုင်း တမူထူးခြားတဲ့ လေနဲ့ဟန်နဲ့ဖြစ်နေပါတယ်။ ခေါင်းစဉ်တပ်ပြီး ရေးတာကိုက “ အင်္ဂလိပ်စကား ပြောမယ်လို့လား- ရဲရဲမှား ” တဲ့။ ၂၀၀၂ ဝန်းကျင်လောက်က စံပယ်ဖြူမဂ္ဂဇင်းမှာ ဖျတ်ခနဲ တွေ့လိုက်ရမိတာပါ။ အဲဒီဆောင်းပါးတွေကို ရေးတဲ့အခါမှာတော့-သူ့ရဲ့ကလောင်ခွဲနာမည်က ‘ချစ်ဖူး’ ဆိုပါလား။ ဒီကလောင်ခွဲနာမည်ကိုကလဲ သေချာစဉ်းစားကြည့်ရင် ထူးခြားနေတယ်မဟုတ်လား။
     ကိုမြင့်ဦးသစ်ဟာ အင်္ဂလိပ်ဘာသာစကားသာမက ဂျာမန်ဘာသာ စကားပါ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသူဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူ့တိုးတက်ရေးပါတီထဲမှာလဲ နိုင်ငံခြားသာတွေဘာတွေနဲ့ အင်တာဗျူးကိစ္စ၊ အမေးအဖြေကိစ္စမျိုးတွေရှိလာရင် သူ့ကိုပဲ အားကိုးအားထားပြုခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။ ဥပမာအားဖြင့်- ဗြိတိန်က ‘မာတင်စမစ်’ နဲ့အင်တာဗျူးလုပ်ရချိန်မှာဆိုရင်၊ မာတင်စမစ် နဲ့ပါလာတာက ‘မနီတာ (ဒေါ်ရင်ရင်မေ)’ ဖြစ်ပြီး၊ ကျွန်တော်တို့ ပြည်သူ့တိုးတက်ရေးပါတီဖက်ကတော့- ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးကိုလှရွှေ နဲ့ကိုမြင့်ဦးသစ်ကြီးကိုပဲ တာဝန်ပေးခဲ့ရပါတယ်။ လူမှန်နေရာမှန်ဖြစ်အောင် တာဝန်ခွဲဝေခဲ့ရတဲ့သဘော ဖြစ်ပါတယ်။ (တချို့လူတွေထင်သလို- ကိုမြင့်ဦးသစ်ဟာ နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ ဆိုတာတော့မဟုတ်ပါ။ ကျွန်တော်တို့ဆီမှာ အဲဒီလို နေရာမျိုးလဲ ဖွဲ့စည်းထားခြင်းမရှိပါ။)
      ပြီးခဲ့တဲ့ (၈) နှစ်လောက်ကတော့ အစ်ကိုကြီးကိုလှရွှေ နဲ့ကျွန်တော့်အကြား တယ်လီဖုန်းပေါ်ကနေ အဆက်အသွယ်ရပါတယ်။ကိုမြင့်ဦးသစ်တို့ကိုကျော်လှိုင်တို့နဲ့လဲ အဆက်အသွယ်ရချင်ကာ၊ဖုန်းလေးဘာလေးနဲ့ စကားစမြည်ပြောချင်မိပေမဲ့၊ အကြောင်းကြောင်းတွေကို တွက်ဆမိပြီး၊ လုံးဝအဆက်အသွယ်မပြုခဲ့ပါ။ ရိုးရိုးသားသားနဲ့ နေထိုင်ကောင်းရဲ့လား- အဆင်ပြေကြရဲ့လား..ဆိုတာမျိုးလောက်ကိုပဲ မေးမြန်းပြောဆိုမိတာကိုတောင် စစ်အာဏာပိုင်များဘက်က မလိုရင်မလိုသလို၊ တံဆိပ်အမျိုးမျိုးတပ်တတ်တာတွေ၊ရမယ်ရှာတတ်တာတွေကြောင့် ( သူတို့ရဲ့လုံခြုံရေးကိုပဲ အလေးထားပြီး) ဘာဆက်သွယ်ရေးမှ မလုပ်မိခဲ့ပါ။
ဒီလိုကြားထဲကပဲ လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကတော့- (ရွှေလီ-ကျယ်ကောင်ဘက်မှာ နေခဲ့ဖူးပြီး၊ ကျွန်တော်နဲ့လဲ ရင်းနှီးခင်မင်တဲ့) ဘိုကလေးသူ ဒေါ်လေးတယောက်ဆီကတဆင့် ကိုမြင့်ဦးသစ်ကြီးရဲ့ ကျွန်တော့်ထံ သတိတရလှမ်းနှုတ်ဆက်လိုက်မှုကို ဝမ်းနည်းဝမ်းသာ သိလိုက်ရ ကြုံလိုက်ရပါသေးတယ်။ ဝမ်းသာမိတာက သူ့ရဲ့ကျွန်တော့်အပေါ် သတိတရ လှမ်းနှုတ်ဆက်စကားဆိုမှုကြောင့်ဖြစ်ပြီး၊ ဝမ်းနည်းမိတာက ကျွန်တော်က သူတို့ဆီ (သူ့ဆီ)ကို လှမ်းလင့်ဆက်သွယ်ပြီး နှုတ်ခွန်း ဆက်စကားလေးမျိုးတောင် တခါမှ မပြုခဲ့ရဖူးသေးတာကြောင့်ဖြစ်ပါတယ်။ ဘိုကလေးသူဖြစ်တဲ့ အဲဒီဒေါ်လေးဟာ ဘိုကလေးသားဖြစ်တဲ့ (သူတို့က အစ်ကိုကြီးသဖွယ်လဲ လေးစားနေတဲ့) အစ်ကိုကြီးကိုလှရွှေရဲ့ ခြံလေးဆီအလည် အပတ်သွားဖြစ်ခဲ့ရင်းက၊ ဒီရက်ပိုင်းအတွင်း- ရွှေလီ ကျယ်ကောင်ဘက်သွားစရာ ရှိသေးကြောင်း၊ ကဗျာဆရာနဲ့လဲ (ကျွန်တော်နဲ့လဲ)တွေ့ဖြစ်မှာဖြစ်တဲ့အကြောင်း၊ ဘာများ မှာစရာရှိသလဲ-လို့လဲ မေးမြန်းပြောဆိုဖြစ်ခဲ့တယ်ဆိုပါတယ်။ အဲဒီမှာ သူ့လိုပဲ ကိုလှရွှေအိမ်ကို ရောက်နေတဲ့၊ ကိုလှရွှေအနားက ကုလားထိုင်မှာထိုင်နေတဲ့ လူကောင်ထွားထွား၊မျက်မှန်ဝင်းဝင်းနဲ့အသက်ကြီးကြီးလူကြီးတဦးကလဲ ကိုလှရွှေကို စကားတချက် လှမ်းမေးလိုက်ပြီး၊ အဲဒီလူကြီးကပဲ- “ကဗျာဆရာကို ကျွန်တော်က သတိရကြောင်း ပြောလိုက်တယ်လို့ပြောပေးပါဗျာ..” လို့ ဒေါ်လေးကတဆင့် လူကြုံပါးလိုက်တဲ့အတွက် ကျွန်တော် သိလိုက်ရတာဖြစ်ပါတယ်။ ဒေါ်လေးက- “ ကဗျာဆရာကြီးရယ်-အဲဒီလူကြီးက တကယ်ကို ထွားထွားကျိုင်းကျိုင်းကြီး၊ မျက်မှန်ကြီးနဲ့ မျက်နှာကတော့ ကုလားဆင်ပဲ။ အဲ-သူက အစ်ကိုလှရွှေတို့ကဗျာဆရာကြီးတို့နဲ့တပါတီတည်း တဖွဲ့တည်း အတူတူလုပ်ခဲ့ကြဖူးတဲ့သူ..တဲ့လေ။ နာမည်ကတော့-နေပါဦး.. ဒေါ်လေးပါးစပ်ဖျားမှာတင်..” လို့ ဖြည်ဖြန့်ပြောဆိုလာခဲ့လေရာ၊ ဒေါ်လေးစကားမဆုံးသေးခင်မှာပဲ ကျွန်တော့ရင်ထဲ ဒက်ကနဲ သိလိုက်ပြီးပြီဖြစ်ပါတယ်။ အဲဒါ ကျွန်တော်တို့ရဲ့ ‘ ပါမောက္ခကြီး’ ၊ ကိုမြင့်ဦးသစ်ကြီးဆိုတာလေ။ အဲသလိုအားဖြင့်- သင်္ကန်းကျွန်းကကိုလှရွှေအိမ်မှာ အမှတ်မထင်ရောက်ဖြစ် ကြုံဖြစ်ခဲ့တဲ့ ဘိုကလေးသူဒေါ်လေးတယောက်ဆီကနေတဆင့် ကျွန်တော့်ထံ ‘သတိရကြောင်း’ မှတ်မှတ်ထင်ထင်ပြောဆိုခဲ့တာရှိခဲ့ပါတယ်။ ကျွန်တော့်မှာ ဝမ်းသာဝမ်းနည်းဖြစ်ရပေမဲ့၊ အချိန်မီ ပြန်လည်နှုတ်ဆက်နိုင်ခြင်းမရှိခဲ့ဘဲ၊ တာဝန်ပျက်ကွက်သူတဦးပမာ ဖြစ်မြဲဖြစ်ခဲ့ရပါတယ်။
               ( ၅ )

      အခုတော့- ကိုမြင့်ဦးသစ်ကြီးတယောက်လဲ ဆုံးရှာလေပြီ။
      ဘယ်နေ့ကဆုံးသွားသလဲဆိုတာ တိတိကျကျ မသိရပေမဲ့၊ သူဆုံးသွားကြောင်းသတင်းကို တွေ့လိုက်ရတာကတော့ ဩဂုတ်လ(၂၈)ရက်နေ့နေ့စွဲနဲ့အီးမေးလ်ပေးစာတခုထဲမှာ ဖြစ်လေရာ၊ ကျွန်တော့်မှာ တော်တော်ကြီးကို အံ့ဩသွားခဲ့ရပါတယ်။ ကျွန်တော် ဘယ်လိုမှ ထင်မှတ်မထားတဲ့ သတင်းမျိုးလဲ ဖြစ်လေတော့-ရင်ထဲမှာ ဟာခနဲလဲ ဖြစ်သွားရပါတယ်။ ဒီနှစ်ထဲမှာ အစ်ကိုကြီးကျွန်းပြန် ကိုလှချို၊ အစ်ကိုကြီး မြင်းခြံကိုအောင်သူ၊ အစ်ကိုကြီးကိုလှရွှေ ၊ ကိုဝင်းသူ၊ ကိုစိုးမြင့်တို့တွေ ဆုံးပါးသွားရပြီးတဲ့နောက်- ဒီတခါက ကိုမြင့်ဦးသစ်..။
  ဇူလိုင်လလယ်ထဲကပဲ အစ်ကိုကြီးကိုလှရွှေ ဆုံးပါးသွားရစဉ်က ကိုလှရွှေအတွက် အမှတ်တရရုပ်ပုံလွှာလေးကို သူ့ရက်လည်မတိုင်မီမှာပဲ ဇူလိုင်(၂၀)ရက်နေ့မှာပဲ ပြီးအောင်ရေးဖွဲ့ခဲ့မိသေးရာ၊ အစ်ကိုကြီးကိုလှရွှေ၊ ကျွန်တော်နဲ့အတူ၊ ကိုမြင့်ဦးသစ်ကြီးလဲ ပါဝင်တဲ့ ကျွန်တော်တို့ပြည်သူ့တိုးတက်ရေးပါတီကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲလေးဖြစ်ခဲ့ရဖူးတာကို မှတ်မှတ်ရရထည့်သွင်းရေးသားခဲ့မိပါသေးတယ်။ အဲဒီမှာ- “ အတူပါလာခဲ့တဲ့ ကိုမြင့်ဦးသစ်ကြီးလဲ အခုချိန်အထိ မှတ်မိနေလိမ့်ဦးမယ်လို့ထင်ပါတယ်။” လို့တောင် သတိတရ သာဓက ထူမိ ရေးသားခဲ့မိပါသေးတယ်။ အဲဒီ ကိုလှရွှေ အမှတ်တရရုပ်ပုံလွှာလေးကို ရေးပြီးပြီးချင်း၊ လူအများ ဖတ်မိနိုင်အောင် ဝဘ်ဆိုက်တင်ပေးသူများက အချိန်နဲ့တပြေးညီလုပ်ဆောင်ပေးခဲ့ကြလေရာ၊ ကာယကံရှင်တဦးဖြစ်တဲ့ကိုမြင့်ဦးသစ်ကိုယ်တိုင်တောင် ဖတ်မိကောင်းဖတ်မိသွားနိုင်တယ်လို့လဲ ထင်လိုက်မိပါသေးတယ်။ အခုတော့- ကိုလှရွှေ ဆုံးပါးသွားရအပြီး၊ တလကျော်ကျော်အကွာမှာပဲ ကိုမြင့်ဦးသစ်ကြီးလဲ ဆုံးပါးကွယ်လွန်သွားရပြန်ပြီဆိုတော့- ရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီး ခံစားလိုက်ရပါတယ်။ အစ်ကိုကြီးက လူကြုံကတဆင့်တောင် အမှတ်တရ လှမ်းနှုတ်ဆက်ဖြစ်ခဲ့ဖူးသေးပေမဲ့၊ ကျွန်တော့်ဘက်ကတော့ အချိန်မီ ပြန်လည်တုန့်ပြန်နှုတ်မဆက်နိုင်ခဲ့တဲ့အပေါ် (ကွယ်လွန်သွားချိန်အထိတိုင် နှုတ်မဆက်ခဲ့ရတဲ့ ပျက်ကွက်ခဲ့ရမှုတွေအပေါ်) နောင်တဖြစ်ရ၊ စိတ်မကောင်းဖြစ်မိရပါတယ်။
     အခုတော့-အမှတ်ရစရာတွေကို အမှတ်ရရင်း၊ လွမ်းမောစရာတွေကို လွမ်းမောရရင်းနဲ့ပဲ လေးလေးနက်နက်ပြန်လည်နှုတ်ဆက်လိုက်ပါတယ်။
ကျွန်တော့်ဘဝမှာ ကိုကိုးကျွန်းပြန်တွေ တော်တော်များများနဲ့အကြောင်းအားလျော်စွာ ရင်းနှီးခဲ့ရဖူးရာမှာ၊ အဲဒီ ကျွန်တော်သိကျွမ်းခဲ့ရဖူးတဲ့ ကျွန်းပြန်တွေထဲမှာ- ကိုမြင့်ဦးသစ်ဟာ တော်တော်ကို ထူးခြားတဲ့၊ ထူးခြားချက်တွေ အမြောက်အမြားနဲ့ပုဂ္ဂိုလ်တဦး-လို့ဆိုရမှာဖြစ်ပြီး၊ သူဟာ သူ့ရဲ့ပင်ကိုသဘာဝအတိုင်း ရိုးသားစွာ လွတ်လပ်စွာ ပြုမူကျင့်ကြံ နေထိုင် လှုပ်သွားခဲ့သူတဦး- ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်- ကျွန်တော်ကတော့ သူ့ကို “ ကိုမြင့်ဦးသစ် (သို့မဟုတ်) ရိုးသားမှုအတိ- ထူးခြားမှုအပြည့်နဲ့ကျွန်းပြန်တဦး-” လို့ပဲ မှတ်တမ်းတင်ချင်၊ ဝိဂြိုလ်ပြုလိုက်ချင်ပါတယ်။  ။ 

                                                             ဝင်းတင့်ထွန်း
                                                             ၁၅- ၉ - ၂၀၂၁ 
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar