Breaking News

လင်းလက်နွေဦး - ကျေပါစေ

ကျေပါစေ
လင်းလက်နွေဦး
(မိုးမခ) မေ ၁၀၊ ၂၀၂၄

တနေ့ကပါပဲ၊ ဆိုရှယ်မီဒီယာပေါ်ကနေ အကောင့်တခုက ဆက်သွယ်လာတယ်။ သူက မဘယ်သူပါတဲ့။ ကျနော် မသိဘူး။ မှတ်မိလား မေးတော့ ရိုးရိုးသားသားပဲ ‘မမှတ်မိဘူး’ပေါ့။ ဒါနဲ့ တက္ကသိုလ်တုန်းက ဘယ်သူ့ဆိုင်မှာ ဘယ်သူနဲ့အတူ ခဏ ခဏထိုင်ဖူးတယ်လို့ အစဖော်ပေးပြန်တယ်။ သူ ပြောတဲ့သူကို မှတ်မိတယ်၊ သူ့ကို မမှတ်မိဘူး။ စိတ် မရှည်တော့ဘူး ထင်ပါရဲ့၊ ငယ်ဓာတ်ပုံလေး တစ်ပုံ နှစ်ပုံ ပို့လာတယ်။ မမှတ်မိဘူးက ခေါင်းမာတယ်။ ‘ခင်ညွန့်’ လက်ထက်တုန်းက သတင်းစာ၊ တီဗွီ ဘယ်မှာဖြစ်ဖြစ် ခင်ညွန့်ပုံတွေချည်းပဲ ဖြစ်နေသလို၊ တဖက်လူက ဘာပြော ပြော ‘မသိဘူး’ချည်း ဖြစ်နေတော့တယ်။ အားနာလာတာနဲ့ တောင်းပန်လိုက်တော့ သူက ပြန်ပြောတယ်၊ ‘ရှင် ဒီလောက် ပေါ့ပြက်ပြက်ဖြစ်နေတာကို ဘာလို့ သူများသားသမီး ရည်းစားစာ ပေးခဲ့လဲ’တဲ့။ အဲ ဗျာ။ ‘ရှင် အဖြေ တောင်းဖို့ မေ့ခဲ့တာ မိန်းကလေး ဘယ်နှစ်ယောက်လောက် ရှိလဲ’တဲ့လေ။ 

ရှိကြီးခိုးပါရဲ့၊ မိန်းကလေးတွေကို လိုက်ဖျက်ဆီးနေတဲ့သူတော့ မဟုတ်ရပါဗျာ။ ဒါပေမယ့် ပေါ့ပြက်ပြက် ပေါ့လေ၊ ကောင်မလေး ချောချောမြင် လိုက်ငမ်း၊ ရည်းစားစာ လိုက်ပေး။ လူပျိုပေါက်ဘဝကတည်းက လက် ရေးလှ တဲ့ ကျောင်းသားစာရင်းထဲပါတဲ့အပြင် ရည်းစားစာ အငှားရေးခဲ့တဲ့ကောင်ဆိုတော့၊ ဒီကြားထဲ အိမ်က စာ ရေး ကိရိယာဆိုင်ဖွင့်ခဲ့လေတော့ Writing pad ထဲက စာရွက်ချောချောမွှေးမွှေးလေးတွေ ပေါလေတော့ ရည်းစားစာက လည်း တစ်နေ့တစ်ရွက်လောက်တော့ အပျင်းပြေ ရေးနေတာ ထင်ပါရဲ့။ ဒါကြောင့် ဓာတ်သိတွေက ပြောကြတယ်၊ ‘သူ မကြိုက်ဖူးတဲ့အပျို ရွာထဲ မရှိလောက်တော့ဘူး’တဲ့။ ဒါပေမယ့် လေးလေးနက်နက် မရှိလှပါဘူး။
ကျောင်းပြီးလို့ တာဝန်ကျတဲ့ ဒေသတွေ ရောက်တော့လည်း ‘ဒီအတိုင်း’ပါပဲ။ သူတို့ကလည်း စွတ်အထင် ကြီးလေတော့ မဆွတ်ခင်က ညွတ်ချင်ချင်၊ ကောင်မလေး တစ်ယောက်နဲ့ သမီးရည်းစားဖြစ်တယ်၊ ရွာလူကြီးတွေနဲ့ ထောင်ဖမ်းမယ်ထင်တာနဲ့ (ဘာမှ မပြစ်မရှိဘဲ) အဆက်ဖြတ်ပစ်လိုက်တယ်။ အဲ ကောင်မလေးအရင် မိန်းကလေး တစ်ယောက်နဲ့လည်း ဘာလိုလိုညာလိုလို ဖြစ်လိုက်သေးတယ်။ ပတ်ရှုပ်တာများလာတော့ နောက်တစ်နေရာ ပြောင်း၊ ဒီလိုပါပဲ၊ ပြန်ပြောမကောင်းတဲ့ ပေါ့ပြက်ပြက်ဇာတ်လမ်းတွေချည်းပါပဲ။ 

ကျနော်ဟာလေ မိန်းကလေးတွေအပေါ်မှာ ပေါ့ပြက်ပြက်နိုင်လွန်းတယ်။ စာနာမှုမရှိခဲ့ဘူး။ စာနာသယောင် ယောင် (နေကြာစေ့ အခွံခွာကျွေးတာ၊ ချိန်းတဲ့နေရာ စောစောကြိုရောက်နှင့်တာ၊ ကြိုက်တတ်တဲ့ အစားအစာလေးတွေ မှတ်ထားပြီး ဝယ်ဝယ်သွားတာ) လုပ်ခဲ့ပေမယ့် တကယ်လေးနက်မှု မရှိခဲ့ပါဘူး။ သူတို့ နာမည် တွေတောင် မမှတ်မိတော့တာ ကြည့်လေ။ 

ဆန့်ကျင်ဖက် မိန်းကလေးတွေအပေါ် ပေါ့ပြက်ပြက်နိုင်တာတော့ ထားပါတော့ သူငယ်ချင်း၊ မိတ်ဆွေတွေ အပေါ်မှာကော၊ လေးနက်မှု တစုံတရာ ရှိခဲ့လေသလား။ ဘယ်သူငယ်ချင်း မွေးနေ့မှ မသိဘူး။ ဘယ်ကကောင်မှန်း တောင် မနည်းစဉ်းစားရတယ်။ တနေ့ ဈေးရောင်းနေတုန်း ‘ဟိတ်ကောင်ကြီး’တဲ့၊ အမျိုးသမီးတစ်ယောက်က နှုတ် ဆက်လာတယ်။ မြင်ဖူးသလိုလို။ ရမ်းလည်း မတုန့်ပြန်ရဲ့ဘူး။ ငါ ရည်းစားစာ ပေးခဲ့ဖူးတဲ့ တယောက်လား၊ ဇဝေဇဝါ ဖြစ်နေတုန်း၊ နင်နဲ့ ငါနဲ့က ငါးတန်းကနေ ဆယ်တန်းထိ တစ်ခန်းထဲ ကျောင်းတက်ခဲ့တာလေ မမှတ်မိဘူးလားလို့ ဆိုလာပြန်တယ်။ အော်... အော်... အော် (၃)ခါလောက် အော်လိုက်တော့မှ ငယ်ရုပ်ကို ရေး တေးတေး သတိ ရလာတယ်။ ဝန်ထမ်းဘဝကနေ စီဒီအမ် လုပ်၊ ဈေး ထွက်ရောင်းတော့ ငယ်သူငယ်ချင်းတွေ အားပေးလိုက်ကြတာ၊ ကိုယ် မမှတ်မိတဲ့သူတွေ အများသား။ ကျနော်ကသာ မေ့မေ့လျော့လျော့၊ ပေါ့ပေါ့ ဆ ဆ၊ သူတို့ကတော့ တရေးတယူ။ ဟိုရွာက ကောင်ကြီး ဒီရွာက ကောင်မ၊ ခေါ်လာကြ အတိတ်ပြန်ဖော်ကြ။ 

ငယ်သူငယ်ချင်းတွေကတော့ ထားပါတော့ ကြာပြီဆိုတော့ မေ့မှာပေါ့၊ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ အရေးတယူရှိမှာပါလို့တော့ ဖေးမပြီး ကောက်ချက်မချလိုက်ပါနဲ့။ သူတို့အပေါ်လည်း လေးလေးနက်နက်မရှိလှပါဘူး။ ရင်ဘတ်တူလို့ တူညီလမ်းပေါ် အတူလျှောက်လှမ်းနေကြပေမယ့် လုံခြုံရေးအကြောင်းပြ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အဆက် အသွယ်ဖြတ်ထားမိပါတယ်။ တနေ့ကပဲ လွတ်မြောက်နယ်မြေက ဆရာမတစ်ယောက် ဖုန်းဆက်လာတယ်၊ ‘ဆရာ့ကို သတိရတယ်၊ ဒီကို လာခဲ့ပါ့လား’တဲ့။ အဲဒီမှာ လွတ်လွတ်လပ်လပ်ပဲတဲ့၊ စိတ် လက် ချမ်းသာ နေနိုင်မယ်တဲ့၊ ဆရာတို့ဆီက အနေအထိုင် ဆင်းရဲမှာပေါ့တဲ့လေ။ ဖုန်းနား ထောင်ရင်း ငိုင်ထွက်သွားတယ်။ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရှော့တိုက်ဒုံးစာမိခဲ့တဲ့ မအလတွေလိုပေါ့။ စစ်ကိုင်းက သူ ငယ်ချင်းတွေက လည်း ဖုန်း ခဏခဏ ဆက်တယ်၊ ‘အကိုကြီး နေကောင်းလား၊ လုံခြုံရေး ဂရုစိုက်၊ အဲဘက်က ဒလန်ပေါတယ်’ ဘာ ညာနဲ့။ အော်... ငါဖြင့် အသိမိတ်ဆွေတွေအပေါ်မှာလည်း ပေါ့ပြက်ပြက်ပါလားလို့ သံဝေဂ ရမိတယ်။

ရည်းစားတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအပေါ် မလေးနက်တာတော့ ထားပါတော့၊ မိဘတွေအပေါ်မှာတော့ ကောင်းလောက်ပါတယ်နော်။ တကယ်တော့ မိဘတွေအပေါ်မှာ မူးရူးရမ်းကား၊ ဆဲဆိုရိုက်ပုတ်တာမျိုး မရှိပေ မယ့် လေးလေးနက်နက်တော့ မရှိလှဘူးရယ်။ မြို့ပေါ် ကျောင်းသွားတက်ရာက အပြန်၊ အိမ်တန်းမပြန်ဘဲ လက်ဖက်ရည်ဝင်ထိုင်နေလို့တဲ့၊ လည်ပင်းညောင်ရေအိုးဖြစ်နေတဲ့ အမေက လာငေါက်ခေါ်ရတဲ့အထိ။ သုံးစရာ မရှိ ရင်သာ ‘အမေ နေကောင်း၊ သား ဆုတောင်း၊ ငွေတစ်‌သောင်း အမြန်ပို့’ဆိုတာမျိုး လုပ်တတ်ပေမယ့်၊ ဆီကုန်တဲ့အထိ လည်တဲ့ စက်ရယ်။ တခါက တိုက်နယ်ဆရာဝန်တယောက်၊ Chess ထိုး အတော်ဝါသနာ ထုံသတဲ့။ ဘက်ကောင်းကောင်းနဲ့ချက်ထိုးနေခိုက် ဆရာမလေးတစ်ယောက်က အရေးကြီးသုတ်ပြာ လာခေါ်ရှာတယ်၊ ‘ဆရာ... ဆရာ... လူနာတစ်ယောက် ဓာတ်ဆီတွေ သောက်ပြီး ဆေးရုံပတ်ပြေးနေတယ်’ဆိုတော့၊ ‘ဆီကုန် ရပ်လိမ့်မယ်၊ ချက်...’ လို့ ချက်မိတ်လုပ်နေတယ်တဲ့လေ။ ခုလည်း ဆီမကုန်မချင်း လိမ့်မယ့်ကောင်ပါနော်။

တနေ့ကပဲ အမေတို့အိမ်မှာ သန့်ရှင်းရေးလုပ်တယ် ထင်ပါတယ်၊ အမေက ကျနော့်ကို စာတွေ ပြလာတယ်။ ကျောင်းတက်နေရင်း အမေတို့ဆီ ရေးခဲ့တဲ့ စာတွေ။ အမယ်... စာတစ်ပုဒ်မှာ ဒီလို ရေးခဲ့တာဗျ။ ကျနော်တောင် မမှတ်မိတော့ဘူး။ အမေကလည်း ခုမှ ထုတ်ပြတာကိုး။ ‘မိန်းမမယူဘဲ အမေတို့အနားမှာပဲ နေမှာပါ’တဲ့။ အမေက တော့ ပြုံးပြုံးကြီး လုပ်နေတယ်။ ရည်းစားဆိုတာ အလကားပါဗျာ၊ အမေတို့ အဖေတို့က နားချမှပဲ မိန်းမယူမယ် ဆိုတဲ့ အလောင်းတော်နတ်သားကြီးစတိုင်နဲ့ ရေးခဲ့တဲ့ စာတွေ။ မိဘတွေ ဘယ်လို ရှာဖွေစားသောက်နေရတယ် မသိ ဘဲ၊ ဘာစာအုပ်ကြီး လို ချင်လို့ ဂျူတီကုတ်ကြီး ချုပ်ချင်လို့ ရွှေဘိုပေါ်ဆန်းမွှေး မှာချင်လို့။ ကျူရှင်တက်ရမှာဗျ၊ စာတွေက နားမလည်ဘူး။ အဆောင်ခတွေ ပေးရတော့မှာဗျ။ အော်... ။ 
ကျနော် ဘာများ ကောင်းလို့လဲ။

ဇနီးမယားအပေါ်တော့ ကောင်းရဲ့လား။ ‘နာတာ ကိုက်တာ ခဲတာ အကုန်လာပြောမနေနဲ့လေ၊ ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ’လို့ ကျနော် ပြောထွက်ခဲ့တယ်။ ဝန်ထမ်းဆိုတာ အထက်မီးအောက်မီး အပူပေးခံနေရတယ်။ အထက် လူကြီးတွေက ‘ခု ချက်ချင်း... ခု ချက်ချင်း’။ အောက်က ဝန်ထမ်းတွေက ‘ခဏလေး... ခဏလေး’။ တနေ့ တနေ့ ပြဿနာပေါင်း သောင်း ခြောက်ထောင်မှာ အိမ်က ပြဿနာတွေတော့ ထပ်မပေးပါနဲ့လားကွာလို့ ငေါက်လိုက်တော့ ကျနော့်မျက်နှာ တစ်ရွာထင်နေတဲ့သူမ၊ အော်...။ အသိတယောက်က ပြောတယ်၊ ‘ဟိုနား ဒီနား ဆရာ့ အမျိုးသမီး ခေါ်သွားပါ့လား၊ အပျင်းပြေပေါ့’တဲ့။ အိမ်မှာပဲ ချက်လိုက်ပြုတ်လိုက် လျှော်ဖွက်လိုက်နဲ့ သူခမျာ လူပင်ပန်း စိတ်ပင် ပန်းနဲ့လေ။ ‘သူက အရိပ်ထဲ အိမ်မှုကိစ္စကလေး လုပ်ရတာပါ၊ ဘာပင်ပန်းစရာရှိလဲ’လို့ ခပ်တင်းတင်း ပြန်ပြော ခဲ့ပါသေးတယ်။ 

သားသမီးတွေက ကျနော့်တို့ဘက် လုံးလုံးတူတာ။ သမီးကြီးဆို သူ့အမေကြီးနဲ့ တပုံစံတည်း။ သားသမီး တွေတော့ အလေးထားမှာပေါ့ဆိုရင် ‘ကျနော် အတော်မိုက်တဲ့ကောင်’ ညည်းပြီး ငိုချလိုက်ချင်ပါတယ်။ ကလေး ထိန်းကျောင်းတယ်ဆိုတာ အနုပညာဆန်ရတယ်။ စိတ်ရှည်ရတယ်။ ပညာသားပါရတယ်လို့ ဇနီးဖြစ်သူကို ဆရာကြီး လုပ်နေပေမယ့် ကိုယ်တိုင်ကျတော့ စိတ်မရှည်တဲ့ကောင်။ အော်လိုက် ငေါက်လောက်။ ရိုက်မယ် ပုတ်မယ်နဲ့။ ကလေးတွေခမျာ မျက်ရည်နဲ့ မျက်ခွက်။ သားငယ်လေးဆို လေသံနည်းနည်း မာလိုက်ရင်ကို မျက် ရည် ဝိုင်းလာတော့တယ်။ ကလေးတွေအပေါ်မှာလည်း တာဝန်မကျေတဲ့ အဖေ။ ခပ်ပေါ့ပေါ့လူတစ်ယောက်ပါပဲ။ 
ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့ကနေ ဒီနေ့အထိ မပျက်မကွက် လုပ်နေခဲ့တဲ့ အရာတွေ ရှိပါတယ်။ လေးလေးနက်နက် လုပ်ခဲ့တာပေါ့။ ဘုရားရှိခိုးတယ် ပုတီးစိတ်တယ်၊ ပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ပေါ်ထွန်းပါစေ ဆုတောင်းတယ်။ အိပ်ခါနီးတိုင်း သတင်းတွေ နား ထောင်တယ်၊ ငိုစရာရှိငိုတယ်၊ ဆဲစရာရှိ ဆဲတယ်။ အဲနောက် တော်လှန်ရေးမှာ တတ်နိုင်သလောက်ပါဝင်တွန်း လှန်တယ်။ အားပေးတယ်။ ကူညီတယ်။ အကြမ်းမဖက် အာဏာ ဖီဆန်မှုကို ဦးလည်မသုန် ထမ်းဆောင်နေတယ်။ တခါတလေ စိတ်ပျက်အားလျော့ချင်ပေမယ့် ဒီနေ့အထိ လေးလေးနက်နက်ထမ်းရွက်နေပါတယ်။ 
ဒီလေးနက်မှုတွေကြောင့် အရင်ကပေါ့ပြက်မှုတွေအပေါ် နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်လို့မျှော်လင့်ရင်း....။

လင်းလက်နွေဦး
၉.၅.၂၀၂၄ ညနေ ၅နာရီ ၀၈မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar