Breaking News

ဝင်းတင့်ထွန်း - ဦးလှချို (သို့မဟုတ် ) လေးစားအပ်တဲ့ ကျွန်းပြန်တဦး

Photo- Credit
ဦးလှချို (သို့မဟုတ် ) လေးစားအပ်တဲ့ ကျွန်းပြန်တဦး
 ဝင်းတင့်ထွန်း
(မိုးမခ) မေ ၁၀၊ ၂၀၂၄

               ( ၁ )

       ၂၀၂၁-  ခုနှစ် ဖေဖေါ်ဝါရီလဟာ ကျွန်တော်တို့ဗမာပြည်အတွက်ကတော့ တကယ်ကို အမှောင်ဖုံးခဲ့ရတဲ့ လ၊ သွေးမြေကျခဲ့ရတဲ့ လ၊ အနိဋ္ဌာရုံသတင်းတွေ အဆက်မပြတ်လိုလိုထွက်ပေါ်လာခဲ့ရတဲ့ လ..လို့တောင်ဆိုလိုက်ချင်ပါတယ်။ စစ်အာဏာ ရှင်စနစ်ကို ပြန်လည်တွန်းလှန် ဆန့်ကျင်ကြရင်း- အကြမ်းဖက်ခံရ၊ ညှဉ်းပန်းနှိပ်ကွပ်မှုပေါင်းစုံကို ခံကြရတဲ့၊ ရင်နာစရာ ကြေကွဲစရာသတင်းမျိုးစုံကို ဆက်တိုက်လိုလိုကြားကြရသလို၊ ချစ်ရ ခင်ရ သံယောဇဉ်ရှိရသူတွေတော်တော်များများ အဖမ်းအဆီးခံကြရ၊ ထောင်ထဲရောက်ကြရ၊ ဒုက္ခမျိုးစုံ တွေ့ကြရတဲ့ စိတ်မကောင်းစရာသတင်းတွေကိုလဲ နေရာအနှံ့ကနေ ကြားကြရပါတယ်။ ဒီကြားထဲမှာ.. ဒီလိုအခါဆိုး ကပ်ဆိုးကြီးထဲမှာ အသက် အရွယ်အရ၊ ကျန်းမာရေးအရ၊ မလွှဲမရှောင်သာ ကွယ်လွန်ဆုံးပါး အနိစ္စရောက်သွားရရှာသူတွေရဲ့ သတင်းမျိုးတွေကလဲ စိတ်ထိခိုက်စရာ ထပ်မံရှိနေရပြန်ပါတယ်။ အဲဒါကတော့-အစ်ကိုကြီး ကိုလှချိုတယောက် တကယ်ကို ကွယ်လွန်ဆုံးပါးသွားရရှာပြီ..ဆိုတဲ့သတင်းပါပဲ။ တကယ်ကို ကွယ်လွန်ဆုံးပါးသွားရရှာပြီ.. လို့ဆိုလိုက်ရတာကတော့- သည့်အရင် (၆)လ အကွာလောက်ကပဲ၊ အစ်ကိုကြီးကိုလှချို ဆုံးပါးသွားရှာပြီ..ဆိုတဲ့သတင်း တခါ ကြားလိုက်ရဖူးသေးတဲ့အတွက် (အဲဒီသတင်းဟာ မမှန်တဲ့သတင်းဖြစ်ခဲ့တဲ့အတွက်) ဖြစ်ပါတယ်။ အဲဒီပထမဆုံးသတင်း-မမှန်သတင်းက ပြီးခဲ့တဲ့ (၂၀၂၀ ပြည့် သြဂုတ်လ-၁၂ ရက်နေ့မှာ ထွက်ခဲ့တာဆိုတော့၊ အခု တကယ်သတင်းနဲ့ဆိုရင် (၆)လတိတိ ကွာပါတယ်။ အဲဒီတုန်းက ပထမအကြိမ်သတင်းထွက်တုန်းက ဒီသတင်းကို စိတ်မကောင်းသံကြီးနဲ့လှမ်းပြောခဲ့သူကလဲ တခြားသူမဟုတ်ဘဲ၊ အစ်ကိုကြီးနဲ့ရင်းနှီးတဲ့၊ အစ်ကိုကြီးလို ကျွန်းပြန်ရဲဘော်တဦးဖြစ်နေခဲ့ပါတယ်။ အဲဒီတုန်းက သူက ကျွန်တော့်ဆီကို တယ်လီဖုန်းနဲ့လှမ်းဆက်ရင်း- “ မဲချိုကြီးတော့ ဆုံးရှာပြီ..” လို့ဆိုလာတဲ့အတွက် ကျွန်တော့်မှာ ဟိုက်ခနဲဖြစ်သွားရပါတယ်။

အသက်အရွယ်တွေက (၈၀)ကျော်အရွယ်တွေဆိုတော့- အချိန်မရွေး ဆုံးပါးနိုင်တဲ့အနေအထားတွေဆိုတာ သိထား နားလည်ထားပြီးသားဖြစ်ပေမဲ့၊ ပြီးခဲ့တဲ့ (၁၀)ရက်ကျော်လောက်ကပဲ သူတို့ကိုကိုကျွန်းရဲဘော်များရဲ့ “ ကိုကိုးကျွန်းသူရဲကောင်းများနေ့” နဲ့ပတ်သက်တဲ့ အထိမ်းအမှတ်လှုပ်ရှားမှုသတင်းလေးတွေကို သူ့ဆီကနေ ကြားနေ ဖတ်နေခဲ့ရသေးတဲ့အတွက် အံ့သြသွားခဲ့ရတာဖြစ်ပါတယ်။ ကိုကိုကျွန်းပြည်သူ့သူရဲ ကောင်းများနေ့က ဇူလိုင်(၃၁)ရက်နေ့မဟုတ်လား။ ဆုံးပြီ..လို့သတင်းကြားလိုက်ရတာက သြဂုတ် (၁၂)ရက်နေ့မှာဆိုတော့- အဲဒီတုန်းက တခြားဘယ်သူတွေဆီကများ သတင်းပတင်းလေးတွေလာဦးမလဲ-ဆိုတဲ့ စိတ်နဲ့ ကွန်ပြူတာပေါ်က အီးမေးလ်စာတွေကို ဖွင့်ကြည့်လိုက်မိတော့လဲ တွေ့လိုက်ရတဲ့သတင်းတခုက- “ ဦးလှချို (ကိုကိုးကျွန်းပြန်)-အသက်(၈၅)နှစ်-” ဆိုတာဖြစ်နေလေတော့- ပုံစံက ဆုံးပါးသွားသူတွေကို ဖေါ်ပြလေ့ရှိတဲ့ ခေါင်းစဉ်သဖွယ်ဖြစ်နေလေတော့- အစ်ကိုကြီးကိုလှချိုတယောက် ဆုံးပါးသွားတာ သေချာပြီ..လို့ပဲ စိတ်ထဲ ကောက်ချက်ဆွဲလိုက်မိပါတယ်။ အီးမေးလ်ထဲမှာ ပါတဲ့သတင်းက အစ်ကိုကြီးကိုလှချိုရဲ့ဓါတ်ပုံလေးနဲ့ဖြစ်ပြီး၊ အစ်ကိုကြီးဟာ အိမ်ခန်းလေးထဲမှာ ကုလားထိုင်တလုံးပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ပုံ၊ လူရော ခန္ဒာကိုယ်ပါ တော်တော်လေးကို ကျနေ ပါးလျားလွန်းနေပြီး မျက်နှာပြင်ပေါ်က မျက်လုံးတွေကလဲ တော်တော်လေးကို ဖျော့တော့မှိုင်းလျလွန်းနေတာမြင်လိုက်ရရင်း၊ စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။

“ ဦးလှချို (ကိုကိုးကျွန်းပြန်)- အသက်(၈၅)နှစ်” ဆိုတဲ့ ခေါင်းစည်းနဲ့ယှဉ်တွဲဖော်ပြထားတဲ့ ဓါတ်ပုံလေးကိုသုံးလေးငါးခါမက ပြန်ကြည့်မိရင်း၊ ဟိုတုန်းက အစ်ကိုကြီးရဲ့ရုပ်ပုံတွေကိုပါ ပြန်မြင်ယောင်ရင်း၊ အစ်ကိုကြီးအ
တွက် အမှတ်တရကဗျာတပုဒ်ကိုပါ စတင်ဖွဲ့သီနေခဲ့မိပါတယ်။

     နောက်တော့- အခိုင်အမာထပ်မံ ကြားသိလာရတာက ‘အစ်ကိုကြီးဆုံးပါးသွားပြီဆိုတာ- မဟုတ်ပါ’ တဲ့။
“ ဦးလှချို (ကိုကိုကျွန်းပြန်)-အသက်(၈၅)နှစ်” ဆိုပြီး တင်လာတဲ့ဓာတ်ပုံဟာ အမှန်ပဲဖြစ်ပေမဲ့၊ သူတင်လာတဲ့သတင်းထဲမှာ ‘ကွယ်လွန်’ ဆိုတဲ့ ဝေါဟာရမှ မပါတာ..တဲ့။ ကိုယ့်ထဲကိုယ့်ဟာတွေထဲက သက်ကြီးဝါကြီးတွေမို့ အလေးထားဖွယ် လေးစားဖွယ်အဖြစ်နဲ့ပဲ တင်လိုက်တာ..တဲ့။ ဘာပဲဖြစ်ဖြစ်- ဒီတော့လဲ အစ်ကိုကြီးကိုလှချိုတယောက်ကွယ်လွန်ဆုံးပါးသွားရတာမဟုတ်ဘူးဆိုတော့လဲ ဝမ်းနည်းနေခဲ့မိရာမှ ဝမ်းသာသွားခဲ့ရပြန်ပါတယ်။ မိရိုး ဖလာ ပြောရိုးဆိုရိုးအရဆိုရင်- ‘သေဆုံးသွားပြီ..ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးမှ အမှန်တကယ်သေဆုံးသွားမှု မရှိဘူးဆိုရင်-’ “ တုံကျော်သွားပြီ- ကပ်ကျော်သွားပြီ- ယတြာကျေသွားပြီ ” လို့တောင် ပြောကြ ဆိုကြ သုံးနှုန်းကြကာ၊ ဝမ်းသာဖွယ်ရာကိစ္စတခုအဖြစ်- ပျော်ပျော်ရွှင်ရွှင်သဘောထားကြ၊ ယူဆကြလေ့ရှိတယ်မဟုတ်လား။ ဒါပေမဲ့ - ဝမ်းသာလိုက်ရမှုက ကာလ သိပ်ကြာကြာ မရှိလိုက်ရပါ။

နောက်ထပ် (၆)လတိတိအကွာမှာတော့၊ စစ်တပ်က အာဏာသိမ်းပြီး (၁၂) ရက်တိတိအကွာ..၂၀၂၁ ဖေဖေါ်ဝါရီ (၁၃) ရက်နေ့မှာတော့- အစ်ကိုကြီးကိုလှချို ဆုံးပါးကွယ်လွန်သွားရရှာပြီ..ဆိုတဲ့သတင်းဟာ ထပ်မံထွက်ပေါ် လာခဲ့ပါတယ်။ ဒီတခါ ထွက်ပေါ်လာတဲ့သတင်းကတော့- တကယ်လဲ အစစ်အမှန်သတင်း၊ အတိအကျသတင်းလဲ ဖြစ်နေခဲ့ပါတယ်။

      ဒီ ဝမ်းနည်းစရာသတင်းကို ထပ်မံကြားလိုက်ရရင်း၊ ရင်ထဲမှာ ဖျတ်ခနဲ ပေါ်လာမိပြန်တာကတော့...
အစ်ကိုကြီးကွယ်လွန်သွားခဲ့ရတဲ့ ဒီနေ့ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁၃)ရက်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်က တခြားသောနိုင်ငံရေးအကျဉ်းသားပေါင်း (၂၃၀) ကျော်နဲ့အတူ အစ်ကိုကြီးတို့တွေ ကိုကိုးကျွန်းကို အပို့ခံခဲ့ရတဲ့နေ့ဟာလဲ ဖေဖော်ဝါရီ (၁၃) ရက်။

တိတိကျကျ ပြောရရင်- လွန်ခဲတဲ့ (၅၂) နှစ်- ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့ဟာ ဗိုလ်နေဝင်းဆိုတဲ့ ဗမာပြည်စစ်အာဏာရှင် လူယုတ်မာကြီးရဲ့လက်ချက်နဲ့အစ်ကိုကြီးအပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၃၀) ကျော် ကိုကိုးကျွန်းဆိုတဲ့ လူသူမနီးတဲ့ပင်လယ်ထဲက ကျွန်းကလေးတခုဆီ အပို့ခံခဲ့ရတဲ့နေ့ဖြစ်ခဲ့ပြီး၊ အခု ဖေဖော်ဝါရီ (၁၃)ရက်နေ့ကတော့- နေဝင်းမျိုးဆက်လို့ဆိုရမှာဖြစ်တဲ့ နောက်တပ်စစ်အာဏာရှင်လက်သစ် လေးရဲ့မတော်မတရား အာဏာသိမ်းမှုအောက်မှာ အစ်ကိုကြီးတယောက် လူ့လောကကြီးထဲကနေ- သက်ရှိထင်ရှားဘဝတခုကနေ ကွယ်လွန်ချုပ်ငြိမ်းသွားခဲ့ရတဲ့နေ့-သဘာဝတရားရဲ့ခေါ်သံနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့ရတဲ့နေ့လို့ဆိုရမှာဖြစ်လေရာ၊ ဒီ ဖေဖေါ်ဝါရီ (၁၃)ဟာ အစ်ကိုကြီးရဲ့ဘဝအတွက်ကတော့ တကယ်ကို ကြံကြံဖန်ဖန်တိုက်တိုက်ဆိုင်ဆိုင် ရက်စွဲဆိုးတခုပါကလား..လို့လဲ ခံစားလိုက်ရပါတယ်။ ဖျတ်ခနဲ အတွေးဝင်လိုက်မိပါတယ်။ တဆက်တည်းမှာပဲ အစ်ကိုကြီးနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေတချို့လဲ ကျွန်တော့်ရင်ထဲ တရိပ်ရိပ် စီးမျော ဝင်ရောက်လာခဲ့ပါလေတယ်။

                   ( ၂ )

       အစ်ကိုကြီးကိုလှချိုဟာ ရေစကြို- တောင်ဦးဇာတိ၊ အညာသားစစ်စစ် တယောက်ဖြစ်ပါတယ်။
အညာသားဖြစ်တဲ့အတွက် အသားအရောင်က တကယ်ကို ညိုရုံ ကြေးညိုရောင်ပေါက်ရုံမက၊ မဲတဲ့ဖက်ပါ သိသိသာသာလုနေလေရာ၊ သူနဲ့အင်မတန်ချစ်ခင်ရင်းနှီးကြသူတွေက ‘ဗိုလ်မဲ’ ‘ မဲချိုကြီး’ လို့တောင် ချစ်စနိုးခေါ်ကြ အမှတ်အသားပြု ကြပါတယ်။သူဟာ အမှုထမ်းပေါင်းစုံသမ၈္ဂမှာ ပါဝင်ခဲ့ဖူးသူဖြစ်သလို၊ မြေပေါ်နိုင်ငံရေးပါတီဖြစ်တဲ့ ‘ပြည်သူ့တိုးတက်ရေးပါတီ’ မှာလဲ ပါဝင်လှုပ်ရှားခဲ့ဖူးသူ ဖြစ်ပါတယ်။ အစ်ကိုကြီးကိုလှချိုတို့ပါဝင်လှုပ်ရှားခဲ့ကြဖူးတဲ့ ပြည်သူ့တိုးတက်ရေးပါတီခေတ်ကတော့- ဥက္ကဋ္ဌသခင်ခင်အောင်၊ အတွင်းရေးမှူးဦးခင်မောင်မြင့်တို့တွေ ခေါင်းဆောင်ခဲ့ကြတဲ့ ပထမအကြိမ် ပြည်သူ့တိုးတက်ရေးပါတီခေတ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အဲသလို- မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာ- တိုးတက်တဲ့အမြင် အသိ ရပ်တည်ချက်တွေနဲ့ပါဝင်ခဲ့ဖူးရုံမက၊ (ဗိုလ်နေဝင်းရဲ့ မဆလတပါတီအာဏာရှင်စနစ် စတင်အစပျိုးလာချိန်မှာတော့-) လက်နက်ကိုင်တော် လှန်ရေးနဲ့ဆက်စပ်တဲ့ မြေအောက်ယူဂျီလုပ်ငန်းတွေထဲမှာလဲ ယူဂျီရဲဘော်တဦးအဖြစ် တက်တက်ကြွကြွနဲ့တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ခဲ့ပြန်ပါတယ်။ နောက်တော့ နိုင်ငံရေးကိစ္စတွေနဲ့ပဲ အဖမ်းခံလိုက်ရပြီး၊ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ (၁၃)ရက်နေ့မှာတော့- စစ်အာဏာရှင်ကြီးဗိုလ်နေဝင်းရဲ့ယုတ်မာကောက်ကျစ်မှုအောက်မှာ ကိုကိုးကျွန်းအထိ လျှို့ ဝှက်ပို့ဆောင်ခြင်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်သွားခဲ့ရပါတယ်။ အစ်ကိုကြီးဟာ ကျွန်းမှာ အလုပ်သမားလူတန်းစားစိတ်ဓါတ်အပြည့်နဲ့ အလုပ်ကြမ်းမျိုးစုံတွေထဲမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သလို၊ အနုပညာလုပ်ငန်းလို့ဆိုရမယ့် ကိုကိုးကျွန်းရဲ့ဂီတတီးဝိုင်းထဲမှာလဲ တယောသမားတဦးအဖြစ် လှလှပပပါဝင်လှုပ်ရှားပြနိုင်ခဲ့သူဖြစ်ခဲ့ရာ၊ အကြမ်းရော-အနုပါ ပိုင်ပိုင်နိုင်နိုင် စွမ်းဆောင်ပြနိုင်ခဲ့သူတဦးလို့ဆိုရပါလိမ့်မယ်။ လူသူမနီးရာ ပင်လယ်ပြင်ထဲက ကိုကိုးကျွန်းအထိ ကောက်ကောက်ကျစ်ကျစ်နဲ့ရက်စက်ယုတ်မာစွာ ဗိုလ်နေဝင်းက ပို့ဆောင်နှိပ်ကွပ်ပြခဲ့ပေမဲ့၊ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓါတ်အပြည့်၊ တော်လှန်တဲ့ နိုင်ငံရေးရပ်တည်ချက်အတိနဲ့အစ်ကိုကြီးတို့တတွေဟာ နိုင်ငံရေးအရ ဦးချိုးမခံဘဲ၊ ရောက်ရာနေရာကနေ သတ္တိပြောင်ပြောင်နဲ့ပြန်လည်တွန်းလှန် တိုက်ပွဲဆင်ခဲ့ကြပါတယ်။ ပထမဆုံးတိုက်ပွဲအဖြစ်- ငံပိပုပ်တိုက်ပွဲ-လို့ခေါ်ကြတဲ့ (၇)ရက်ကြာ အစာငတ်ခံတိုက်ပွဲကြီး စတင်ပေါ်ခဲ့ရပြီး၊ ဒုတိယအကြိမ်အစာငတ်ခံတိုက်ပွဲကြီး-လို့ကမ္ဖည်းတင်ရမယ့် ( ၁၉၇၁ မတ်လ ၂၁ ရက်နေ့မှ ဧပြီ ၃၀ရက်နေ့အထိကြာမြင့်တဲ့) ‘ရက်လေးဆယ် အစာ ငတ်ခံတိုက်ပွဲကြီး’ နဲ့လဲ မဆလစစ်အစိုးအပေါ် ပြန်လည်တုန့်ပြန်တိုက်ပွဲဆင်ခဲ့ကြပါတယ်။

(၁) နာမကျန်းဖြစ်တဲ့ အကျဉ်းသားတွေကို ပြည်မပြန်ပို့ ဆေးကုသပေးရေး (၂) မိသားစုနဲ့စာရေးဆက်သွယ်ခွင့်ရရေး (၃) စာအုပ်စာတန်းများအပါအဝင် ပစ္စည်းများ ပို့ခွင့်ရရေး (၄) စည်သွပ်ဗူးအစား အသားစို ရရေး- ဆိုတဲ့ တောင်းဆိုချက်(၄)ခုနဲ့အတူ၊ တောင်းဆိုချက်တွေမရမချင်း အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ အသေခံစိတ်ဓါတ်နဲ့ ပိုင်းဖြတ်ချက်ရှိရှိ၊ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီသမိုင်းဝင် ‘ရက်(၄၀)အစာငတ်ခံတိုက်ပွဲကြီး’ အတွင်းမှာ ကျွန်တော်တို့ရဲ့အစ်ကိုကြီးကိုလှချို (ခေါ်) ရဲဘော်မဲချိုကြီးဟာ ပထမအသုတ်ကတည်းက ရှေ့ဆုံးတန်းကနေ ပါဝင်တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ခဲ့ပါတယ်။ဆရာဗန်းမော်
တင်အောင်၊ ဆရာမြသန်းတင့်၊ ဦးထင်ရှိန် (ရန်ကုန်သတင်းစာအယ်ဒီ တာ)၊ ဘိုကလေးကိုလှကြည်၊ ဘိုကလေးကိုလှတင်အောင်၊ ကိုအုံးမြင့်လှိုင် (မန္တလေး)၊ ကိုဗဖူးညွန့်(ပဲခူး)၊ ကိုအောင်ငြိမ်း ( မြင်းခြံ )၊ ဦးတင်ရီ (ဝါးခယ်
မ ) စတဲ့ စတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ တောင်းဆိုချက်တွေ ရရှိကာ၊ အောင်ပွဲခံနိုင်တဲ့အထိ၊ ရက်(၄၀)တိတိတိုင်တိုင် တောက်လျောက်ပါဝင်ဆင်နွဲခဲ့ရာ၊ တောင်းဆိုချက်တွေ ရရှိတဲ့အခါမှာတော့-
အစ်ကိုကြီးကိုလှချိုတယောက်လဲ ခန္ဒာကိုယ်အောက်ပိုင်း ခြေထောက်တွေအကြောဆိုင်းသွားခဲ့ရတဲ့အထိ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသူဖြစ်ခဲ့ပါတယ်။ ဒီ ရက်(၄၀)တိုက်ပွဲကြီးအတွင်း-သူ့လိုပဲ (တချို့- သူ့ထက်ပြင်း ထန်စွာ ) ကျန်းမာရေး ထိခိုက်ခဲ့ရသူ(၃)ဦးကတော့- ဘိုကလေးကိုလှကြည်၊ ဝါးခယ်မဦးတင်ရီ ၊ ရဲဘော်အောင်ငြိမ်း( မြင်းခြံ )တို့ပဲ ဖြစ်ကြပါတယ်။ ဒီ ရက်(၄၀)အစာငတ်ခံတိုက်ပွဲကြီးအတွင်းမှာ အစ်ကိုကြီးကိုလှချိုဟာ ဂုဏ်ပြောင်တဲ့အခန်းကနေ မှတ်ကျောက်တင်နိုင်ခဲ့သူတဦး ဖြစ်ခဲ့ပါတယ်။

                   ( ၃ )

အစ်ကိုကြီးကိုလှချိုကို ကျွန်တော် ပထမဆုံးအကြိမ် စတွေ့ဖူးတာက တော့- ၁၉၇၈ ခုနှစ်ဝန်ကျင်လောက်ကလို့ပဲ ဆိုရပါမယ်။ အချိန်ကာလတွေ တိတိကျကျ မမှတ်မိတော့ပေမဲ့၊ တွေ့မိတဲ့နေရာကတော့- ရန်ကုန်မြို့လည်ခေါင် ပန်းဆိုးတန်းထဲက လမ်းဘေးစာအုပ်အဟောင်းဆိုင်တန်းလေးထဲမှာဆိုတာတော့ ကောင်းကောင်းမှတ်မိနေပါတယ်။ အဲဒီကာလက ရန်ကုန်မြို့လည်ခေါင်မှာ စာအုပ်အဟောင်းဆိုင်တန်းလေးတွေဟာ နေရာတော် တော်များများမှာ ပေါ်ပေါက်နေခဲ့ရာ၊ လမ်းဘေးဆိုင်လေးတွေအဖြစ် ကြုံသလို ဖြစ်သလို ဖြန့်ခင်းရောင်းချနေကြရတဲ့အနေအထားပါ။ အထူးသဖြင့်ကတော့- ရန်ကုန်-ပန်းဆိုးတန်း-ကောက်ပဲသီးနှံရုံးကြီးတဝိုက်နဲ့ရေ
နံရုံး ကြီးဘေး၊ ခြောက်ထပ်ရုံးကြီးဘေးက စာအုပ်အဟောင်းတန်းလေးတွေဟာ ပိုမိုလူသိများကြသလို၊ စာအုပ်ဟောင်းလေးတွေလဲ ပိုမိုများပြားစုံလင်တာကြောင့်၊ စာပေသမားတွေ စာအုပ်စာပေမြတ်နိုးသူတွေတော်တော်များများ ဝင်ကြထွက်ကြ ကျင်လည်ကျက်စားကြရာ နေရာလေးတွေသဖွယ်ဖြစ်ခဲ့ပါတယ်။ ဒီလိုစာအုပ်ဟောင်းလေးတွေကို ပလတ်စတစ်စကြီးကြီးပေါ်မှာ ဖြန့်ကျင်းပြီး၊ ဈေးဗန်းခင်းသလို ချခင်းရောင်းချ အသက် မွေးဝမ်းကျောင်းပြုနေကြရသူတွေကို လှမ်းကြည့်လိုက်မယ်ဆိုရင်တော့- အများစုဟာ စာပေသမားတွေ (တချို့ဆိုရင်- စာရေးနေတဲ့ ကလောင်ရှင်တွေတောင် ရှိနေပြီး) တချို့က နိုင်ငံရေးသမားဟောင်းတွေ ( ထောင်ထွက်၊ တောပြန်တွေအပါ၊ နိုင်ငံရေးအဖွဲ့အစည်းအမျိုးမျိုးက နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ဖြတ်သန်းခဲ့ဖူးသူမျိုးတွေ-)ဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော်က ကျွန်တော်နဲ့ရင်းနှီးတဲ့၊ တရပ်ကွက်တည်းနေလဲဖြစ်တဲ့ ကိုကြည်နိုင်( စာရေးဆရာ အက်ဆေးကြည်နိုင်)ရဲ့စာအုပ်ဆိုင်လေးနဲ့ မန္တလေးဘက်ကဆင်းချလာတဲ့ ကိုစိန်းဝင်း( ဝင်းထက်)ရဲ့စာအုပ်ဟောင်းဆိုင်လေးနားမှာ မကြာခဏဆိုသလို ရောက်လေ့ ဝင်လေ့ ထိုင်လေ့ရှိပါတယ်။ အဲဒီတုန်းက ကိုကြည်နိုင်က မဂ္ဂဇင်းတွေမှာ ကလောင်သွေးနေချိန်ဖြစ်ပြီး၊ ဝင်းထက်- ကိုစိန်ဝင်းကြီးကတော့ အဲဒီကာလက မန္တလေးမှာ (မန္တလေးခင်မောင်သိန်းက ဖေါက်ချလိုက်တဲ့) မန္တလေးယူဂျီပေါက်မှုကြီးတခု ဖြစ်ပေါ်နေတဲ့အတွက်၊ အဲဒီကိစ္စနဲ့ပတ် သက်ပြီး အဖျားခတ်မှာစိုးရိမ်တဲ့အတွက် ရန်ကုန်ဆီ တိမ်းရှောင်လာရင်းက ထမင်းလေး နပ်မှန်အောင်စာရဖို့ စာအုပ်ဟောင်းသည်လေး လုပ်နေတာဖြစ်ပါတယ်။ အဲဒီနားမှာပဲ- လူရင်း မိတ်ရင်းတွေက ‘သမတကြီး’ လို့နောက်ပြောင်ခေါ်ဝေါ်ကြတဲ့ လူပျိုကြီးကိုနေဝင်းရဲ့စာအုပ်ဟောင်းဆိုင်လေးလဲ ရှိသလို၊ တကယ့်စာအုပ်သမား- ကုလားကိုတင်မြင့်တို့ ကိုဝင်းတင်ကြီးတို့တွေလဲ ပန်းဆိုးတန်းမှာ ရှိနေကြကာ၊ ကိုနေဝင်းကြီးရဲ့မလှမ် းမကမ်းလောက်မှာတော့ အစ်ကိုကြီးကိုလှချိုတယောက် ရှိနေခဲ့ပါတယ်။ အဲဒီစာအုပ်အဟောင်းဆိုင်လေးတွေထဲမှာ ထပ်မံ လှည့်လည်ကြည့်လိုက်မယ်ဆိုရင်- အမြဲလိုလို စာအုပ်အင်အား ကျဲပါးနေတာကတော့ အစ်ကိုကြီးကိုလှချိုရဲ့စာအုပ်ဗန်းလေးလို့ပဲ ဆိုရမှာပါ။ အဲဒီတုန်းက အစ်ကိုကြီးနဲ့ကျွန်တော်ဟာ သိပ်ပြီး ထဲထဲဝင်ဝင်မသိလှသေး မရင်းနှီးလှသေးပေမဲ့၊ လူချင်းကတော့ တော်တော်ကို မျက်မှန်းတန်းမိနေခဲ့ကြပြီလို့ ဆိုရမှာပါ။ ပလတ်စတစ်အခင်းစလေးပေါ်မှာ ဖြစ်သလို ကပ်ကပ်ညပ်ညပ် ဖြန့်ခင်းပြသထားရတဲ့ အစ်ကိုကြီးရဲ့စာအုပ်ဟောင်းပုံလေးထဲက စာအုပ်ဟောင်းလေးတအုပ်ကိုတောင် ကျွန်တော် ရွေးချယ်ဝယ်ယူခဲ့ဖူးပါတယ်။ လူချင်း ပိုမိုရင်းနှီးလာရတာကတော့- ဆရာရာဂျန်၊ ရခိုင်ကိုကျော်လှိုင်ကြီးတို့နဲ့အတူ၊ အတူတွဲအတူသွားလာရင်း၊ အစ်ကိုကြီးရဲ့ဆိုင်ရှေ့လဲ ရံဖန်ရံခါ ဖြတ်သွားမိကြတော့မှလို့ပဲ ဆိုရပါမယ်။ တခါတော့- ဆရာရာဂျန်၊ ကိုကျော်လှိုင်ကြီးနဲ့ကျွန်တော်ဟာ အစ်ကိုကြီးရဲ့စာအုပ်ဆိုင်လေးနားဆီ ရောက်လာစဉ်၊ အစ်ကိုကြီးက ဆရာရာဂျန်ကို ‘ဆရာ..’ လို့ လေးလေးစားစားလှမ်းနှုတ်ဆက်လိုက်တာ တွေ့လိုက်ရသလို၊ ဆရာကလဲ ‘ ဟာ..ကိုလှချို- မဲချိုကြီး..’ လို့အားပါးတရ ပြန်နှုတ်ဆက်တာ တွေ့လိုက်ရပါတယ်။ အဲဒီနေ့က လမ်းမှာ ကိုကျော်လှိုင်ကြီးကလဲ ‘ မဲချိုကြီးက ကျွန်းပြန်ကွ..’ လို့ ကျွန်တော့်ကို ပြောပြလာတဲ့အတွက် အစ်ကိုကြီးရဲ့အကြောင်း တစေ့တစောင်း စတင်သိရှိလာရပါတယ်။ အစ်ကိုကြီးရဲ့အသားမဲမဲ မျက်နှာပြည့်ပြည့်ကြီးပေါ်က ပါးချိုင့်ရိပ်အပြည့်နဲ့ အပြုံးမြမြကြီးကို စာအုပ်တန်းမှာ မကြာမကြာတွေ့နေရရင်း၊ ‘ မဲချိုကြီး’ ဆိုတဲ့ နာမည်ဟာ ‘ကိုလှချို’ ဆိုတဲ့ အမည်ရင်းထက်တောင် ကျွန်တော့်စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်နေခဲ့မိပါတယ်။ နာမည်နဲ့အပြုံးဟာ တကယ်ကို လိုက်ဖက်ညီနေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အစ်ကိုကြီးကလဲ ကျွန်တော့်အပေါ်ပိုမို မှတ်မှတ်ထင်ထင်ဖြစ်လာခဲ့ပုံ ရပါတယ်။ တွေ့မိကြရင်- အပြန်အလှန်ပြုံးပြမိကြရင်း၊ တစထက်တစ သိသိသာသာ ပိုမိုရင်းနှီးလာတယ်လို့လဲ ခံစားရပါတယ်။

     တကယ်ကို အရင်းနှီးဆုံးသဖွယ်ဖြစ်လာခဲ့ရတာကတော့- ကျွန်တော်ထောင်ကနေထွက်လာရပြီးတဲ့ နောက် ပိုင်းမှာလို့ဆိုချင်ပါတယ်။ ဦးလေးဦးခင်မောင်မြင့်ရဲ့ ပုဇွန်တောင်ဈေးထဲက ဆေးလိပ်ဆိုင်လေးမှာ၊ ကိုကိုလှတင်အောင်ရဲ့သင်္ကန်းကျွန်းကြက်ခြံလေးထဲမှာ-ဟိုမှာ သည်မှာ ဆုံဆည်းမိရတာတွေလဲ ပိုမိုများပြားလာခဲ့ရင်း၊ လူချင်းလဲ ပိုမိုရင်းနှီး နားလည်လာခဲ့ရပါတယ်။ ကျွန်းပြန် မြင်းခြံဦးဖေတင်ရဲ့ ဈာပနအထိမ်းအမှတ် ပြု လုပ်ခဲ့တဲ့၊ သရက်တောကျောင်းတိုက်ဝင်းထဲက ဘုန်းကြီးကျောင်းလေးတခုထဲမှာဆိုရင်- အစ်ကိုကြီးကိုလှချိုနဲ့ တဝိုင်းတည်းဆုံခဲ့ရ၊ စကားစမြည် တော်တော်များများ ပြောဆိုဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းကဆိုရင်- ဦးလေးဦးခင်မောင်မြင့်အပါအဝင်၊ ကျွန်းပြန်တော်တော်များများ၊ရဲဘော်ဟောင်းတော်တော်များများနဲ့တောင် စုစုစည်းစည်း ဆုံဆည်းခဲ့ရပါတယ်။ နောက်ပိုင်းမှာလဲ ရံဖန်ရံခါ အမှတ်မထင်ဆုံဆည်းဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းနဲ့ အရေးတော်ပုံကြီးပြီးစ- နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းစတင်ပေါ်လာစကာလတွေတဝိုက်မှာလဲ အမှတ်မထင်ဆုံဆည်းဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

     နောက်ဆုံးမှာ- ကျွန်တော် နယ်စပ်မျဉ်းကို ကျော်လာခဲ့ရတဲ့အတွက်၊ လူချင်း ဝေးကွာသွားခဲ့ရတာတောင် အစ်ကိုကြီးနဲ့ကျွန်တော့်အကြားမှာ ကံကြမ္မာရေစက်က မကုန်နိုင်အောင် ရှိနေခဲ့ပါသေးတယ်။ ကြံကြံဖန်ဖန်
ဆုံဆည်းနိုင်ခွင့်လေးတွေကတော့ ရှားရှားပါးပါး ရှိနေခဲ့သေးတယ်လို့ဆိုချင်ပါတယ်။ ဂန္ဒာလရာဇ်ဖက်ခြမ်းမှာ (၂)ခါ တိတိ၊ ကြုံလိုက်ရ ဆုံလိုက်ရပါသေးတယ်။ ပထမဆုံးတခါ စတင်ဆုံရတော့- အစ်ကိုကြီးက ကျွန်တော့်
မျက်နှာကို အပြုံးလဲ့လဲ့နဲ့ကြည့်ရင်း- “ ကဗျာကြီး..မောင်ရင်တောင် တော်တော်ကြီးပြီ- လူကြီးတယောက်ဖြစ်သွားပြီနော်..” တဲ့။ ကျွန်တော်ကလဲ ပြန်လည်ပြုံးပြမိရင်း- “အစ်ကိုကြီး ကျွန်တော်လဲ နောက်နှစ်ထဲ အသက် (၆၀) တိတိပြည့်တော့မှာ၊ အခုက (၅၉) လေ..” လို့ဖြေလိုက်ရပါတယ်။ အဲဒီတော့-အဲဒီတုန်းက အစ်ကိုကြီးက “ ကိုယ်လဲ ရှစ်ဆယ်နား ကပ်လာပြီ၊ အခုက (၇၈) နှစ်..” လို့ပြန်ပြောရင်း ကျွန်တော့်ပုံကို ခြေဆုံး ခေါင်းဆုံးကြည့်နေခဲ့ပါတယ်။ အခုလိုဆုံဆည်းခွင့်ရလိုက်တာအပေါ်၊ သူလဲ ဝမ်းသာနေသလို၊ ကျွန်တော်လဲ ဝမ်းသာနေမိခဲ့ပါတယ်။ နောက်ဆုံးအကြိမ် လူချင်းတွေ့ခွင့်ရလိုက်တာလို့ဆိုရမယ့် ဒုတိယအကြိမ်မြောက်တွေ့ရခြင်းကတော့- နောက်ထပ် (၂)နှစ်ကျော်-(၃)နှစ်ခန့်အကြာမှာ ဖြစ်ပါတယ်။ အစ်ကိုကြီး အသက်(၈၀)ကျော်စလို့ဆိုရမယ်ထင်ပါတယ်။ ဗန်းမော်ဘက်ဆီရောက်ရင်း၊ ဗန်းမော်ဘက်ကနေ ဒီဘက်နယ်စပ်ဆီအထိ ကွေ့ပတ်ပြီးဝင်ရောက်လာတာဖြစ်ပါတယ်။ သင်္ကြန်အတွင်း အလည် အပတ်ခရီးစဉ်ကနေ လှည့်လည်ဝင်ရောက်လာခဲ့တဲ့ခရီး-လို့ထင်ပါတယ်။ အစ်ကိုကြီးကို ကျွန်တော်က ကျန်းဖုန်းဖက်အပေါက်အထိ သွားကြိုဖြစ်ခဲ့ရင်း၊ ကြုံတောင့်ကြုံခဲ ပြန် လည်တွေ့ဆုံလိုက်ရတာဖြစ်ပါတယ်။ အဲဒါဟာ အစ်ကိုကြီးရဲ့ ဒီဘက်ကမ်းနောက်ဆုံးခရီး-လို့ဆိုရမှာဖြစ်သလို၊ ကျွန်တော်နဲ့လူချင်း တွေ့ဆုံဖြစ်လိုက်ရတဲ့ အစ်ကိုကြီးနဲ့နောက်ဆုံးတွေ့ဆုံလိုက်ရခြင်း-လို့ပဲဆိုရတော့မှာဖြစ်ပါတယ်။ တကယ်ကို အမှတ်ရစရာ၊ လွမ်းမောစရာတွေပါပဲ။

            ( ၄ )

      အခုတော့ အစ်ကိုကြီးကိုလှချိုတယောက် ဆုံးပါးကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက်(၈၆) နှစ်အရွယ် ရှိပါပြီ။ အစ်ကိုကြီးရဲ့ပါးချိုင့်ရိပ်လွင်လွင်နဲ့ အပြုံးချိုချို မျက်နှာကြီးကို ကြိမ်ဖန်များစွာ ပြန်လည်မြင်ယောင်နေမိရင်း၊ အစ်ကိုကြီးအတွက် ကျွန်တော် သီဖွဲ့စပ်ဆိုဖြစ်ခဲ့တဲ့ ဒီအမှတ်တရကဗျာလေးနဲ့ပဲ နောက်ဆုံးဦးညွှတ်အပ်ပါတယ်။

ရဲဘော်ကြီး သို့ အလေးနီ ..
  ---------------------------------
ကိုကိုးကျွန်း.. တဲ့
ကျွန်း… တဲ့
ထွန်းတောက်ခဲ့ သမိုင်းစာမျက်နှာတွေပေါ်မှာ
ညွှန်းလောက်တဲ့ ရုပ်ပုံလွှာတွေလဲ ရှိခဲ့တယ်။

ဒီ ကျွန်းမှာ
အာဇာနည်အဖြစ် မော်ကွန်းတင်
ထားဝစဉ် ဂုဏ်ပြုအပ်
လေးစားအပ်တဲ့ ကြယ်စင်အစစ်
ကြယ်နီ (၈)ပွင့် ပေါ်ခဲ့ဖူးသလို..

ငပိပုပ် တိုက်ပွဲ..
ရက် (၄၀)တိုက်ပွဲ..
ကျွန်းဖျက်သိမ်းရေးတိုက်ပွဲ..တဲ့
အစာငတ်ခံတိုက်ပွဲတွေ အလီလီကြားမှာ
ပြတ်သားလှတဲ့ သန္နိဋ္ဌာန် နဲ့
စံထားရမယ့် ရဲဘော်တွေ -
အမှန်တရားဘက်က ရဲဘော်တွေ -
တိုက်ရဲခဲ့တဲ့ ရဲဘော်တွေ -
သူရဲကောင်းတွေလဲ ပေါ်ခဲ့တယ်။

အဲဒီအထဲ .. အဲဒီထဲမှာ
ရဲဘော်လှချို ဆိုတဲ့ ‘ဗိုလ်မဲကြီး’
ရေစကြိုသားကြီးလဲ ပါပါတယ်။

ရက် (၄၀)တိုက်ပွဲ ရဲ့
တိုက်ပွဲဝင်သူရဲကောင်းတွေထဲမှာ
ဆရာဗန်းမော်တင်အောင် ၊ မြသန်းတင့်
ဦးခင်မောင်မြင့်တို့နဲ့အတူ
ဂုဏ်ယူစွာ မှတ်တမ်းတင်
မှတ်ကျောက်တင်နိုင်ခဲ့သူ ဖြစ်ခဲ့တယ်။

      ( ၂ )

ရဲဘော်ကြီးဟာ
ကျွန်းမှာ..
ကျရာတာဝန်မှန်သမျှ အကုန်ထမ်း
ရေထမ်း ထင်းထမ်း အလုပ်မျိုးတွေအပြင်
ဆန်စင်ရာမှာ ပါရမလား-
ဖိုကြီးထဲဝင်ရာမှာ ပါရမလား-
လုပ်အားကို စိုက်ထုတ်
အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့ဖူးသူ ဖြစ်ရုံမက
ဂီတ နှလုံးသားကလဲ အလွန်နက်ရှိုင်း
ကျွန်းတီးဝိုင်း ရဲ့ဝိုင်းတော်သာမှာ
တယောဆရာတဦးလဲပဲ ဖြစ်ခဲ့တယ်။

အာဇာနည်တဦး ကျဆုံးသွားလေတိုင်း
မျက်ရည်ဝိုင်းခဲ့ရရုံမက
ရင်လှိုင်းခုန်ခုန် ကြေကွဲမှု နဲ့
ဂုဏ်ပြုသီချင်းတွေ ပေါ်လာပြီး
ကျွန်းတီးဝိုင်းရဲ့သံစဉ်တွေအကြားမှာ
အစ်ကိုကြီး ရဲ့တယောပြားလေးလဲ ပါခဲ့တယ်
တယောသံစဉ် မြမြလေးနဲ့
ဂုဏ်ပြုတေးတွေ သီခဲ့တယ်။

( ၃ )

အခုတော့လဲ
ဗိုလ်မဲကြီး ဆိုတဲ့ အစ်ကိုကြီးဟာ
စိန်ခေါ်စရာမလိုတဲ့ တိုက်ပွဲကြားမှာ
သဘာဝတရားရဲ့ခေါ်သံအောက်
နောက်ဆုံး နောက်ဆုံး..လိုက်သွားရှာ
ပါသွားခဲ့ပါ ပြီ…

အာဇာနည်တွေ ကျဆုံးတိုင်း
အတိုင်းမသိ ကြေကွဲမှု နဲ့
ဂုဏ်ပြု နောက်ဆုံး နှုတ်ဆက်တေးတွေကို
တယောပြားလေးနဲ့ သီဖွဲ့
ဖေါ်ကျူးပေးခဲ့ရဖူးတဲ့
တောင်ဦး - ရေစကြို က
ရဲဘော် လှချို ဆိုတဲ့ အစ်ကိုကြီးကိုလဲ
အစ်ကိုကြီးကို လဲ …

ဟို..အဝေးတနေရာကနေ
‘ စိတ်ပန်းခွေ ’ မှာ
သစ္စာပန်းတွေ.. နှင်းဆီတွေအပြင်
သံစဉ်လှိုက်မော  တရံရောမှ
တယောပြားလေးပေါ် အာရုံဖေါ်ကာ
အင်တာနေရှင်နယ်…
အင်တာနေရှင်နယ်..
ရင်ဝယ်လှိုက်ဖို  ရင်ဖြင့်ဆိုမိ
ဦးညွှတ်မိ လိုက် .. ဦးခိုက်လိုက်ပေါ့
ကြားထိုက်သူတို့ ကြားစေသောဝ် -
သိထိုက်သူတို့ သိစေသောဝ် - ။     ။

                       ဝင်းတင့်ထွန်း
                       ၁၈- ၂- ၂၀၂၁
( ၁၃-၂-၂၀၂၁ နေ့က ဆုံးပါးကွယ်လွန်သွားရှာတဲ့ အစ်ကိုကြီး- ကျွန်းပြန်ကြီး- ရဲဘော်လှချို- သို့   အမှတ်တရ ဦးညွှတ်ခြင်း)

* မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar