Breaking News

ကမ္ဘောဒီယား ခေါင်းဆောင်ရဲ့ ကြိုးပမ်းမှု ရလဒ်ထွက်နိုင်မလား

မြန်မာနွေဦး ခရိုနီကယ် - မေ ၇ မြင်ကွင်း

(မိုးမခ) မေ ၈၊ ၂၀၂၄

ကမ္ဘောဒီယား ခေါင်းဆောင်ရဲ့ ကြိုးပမ်းမှု ရလဒ်ထွက်နိုင်မလား 

ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသူ ဟွန်ဆန်က မေလ ၇ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ အွန်လိုင်းမှာ တွေ့ဆုံစကားပြောဆိုပြီး အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌနဲ့ ယခင်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့်ရဖို့ တောင်းဆိုလိုက်ကြောင်း ဟွန်ဆန်က ၄င်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့တာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့တနှစ်ကျော်က ကမ္ဘောဒီယားနိုင်ငံက အာဆီယံအလှည့်ကျတာဝန်ယူစဥ်ကလည်း မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းပြဿနာကို စစ်ကောင်စီကို ဖျောင်းဖျပြောဆိုမှုတွေ မအောင်မြင်ခဲ့ပေမယ့်လည်း ပြဿနာ ၃ နှစ်ကြာလာတဲ့အထိ မပြေလည်နိုင်သေးတဲ့ အနေအထားမှာ  ဟွန်ဆန် အနေနဲ့ နောက်တကြိမ်ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။ မကြာခင်ကာလမှာ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို ကိုယ်စားလှယ်တဦးစေလွှတ်ဖို့ရှိတယ်လို့လည်း ပြောဆိုထားသလို အကယ်၍ တွေ့ ဆုံစကားပြောခွင့်ရခဲ့ရင် အွန်လိုင်းကနေ ပြောဆိုမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ၄င်းရဲ့ မေတ္တာရပ်ခံမှုကို စဥ်းစားမယ်လို့ အဖြေပေးထားကြောင်းလည်း ဟွန်ဆန်က ထုတ်ဖော်ပြောဆိုပါတယ်။ 

အရှေ့တောင်အာရှမှာ အတိုက်အခံပါတီတွေကိုနည်းအမျိုးမျိုးနဲ့ရွေးကောက်ပွဲမဝင်နိုင်အောင်၊ မနိုင်အောင် အာဏာကိုအသုံးချပြီးပိတ်ပင်တာ အရေးယူတာတွေလုပ်ဆောင်တဲ့ အာဏာရှင်တယောက်အဖြစ် ဟွန်ဆန်ကို သိရှိထားကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဟွန်ဆန်ကို မြန်မာနိုင်ငံက စစ်အာဏာရှင်တွေလို ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ခေါင်းဆောင်တယောက်အဖြစ် မရှုမြင်ကြဘဲ မြန်မာစစ်ခေါင်းဆောင်တွေလို  နိုင်ငံတကာမှာတော့ ပိတ်ဆို့မှုတွေ ကန့်သတ်မှုတွေ ခံရတဲ့ အခြေအနေမျိုးရောက်ရှိနေတဲ့သူ မဟုတ်ပါဘူး။ 

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၄င်းရဲ့သားဖြစ်သူက တာဝန်ယူထားပေမယ့် နောက်ကွယ်က ခေါင်းဆောင်မှုပေးနေတဲ့ သူလို့ အများက နားလည်ထားတဲ့ ဟွန်ဆန်က မြန်မာ့အရေးကို ကြားဝင်ဆောင်ရွက်ဖို့ ထပ်မံကြိုးစားလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခု ကြိုးပမ်းမှုဟာ အာဆီယံအဖွဲ့ နဲ့ ညှိနှိုင်းမှုရှိသလား သို့မဟုတ် သူ့ရဲ့ သဘောနဲ့သူ ကြိုးပမ်းမှုလားတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

ယမန်နှစ် နှစ်လယ်ပိုင်းက အလားတူကြိုးပမ်းမှုမျိုး ထိုင်းနိုင်ငံက ကြိုးစားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးခါစ အစိုးရသစ် မဖွဲ့နိုင်သေးခင်ကြားကာလမှာ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ကြောင်း ဇူလိုင် လ ၉ ရက်နေ့မှာ ထုတ်ပြန် အသိပေးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဘယ်နိုင်ငံတကာက သံတမန်တွေကိုမှ တွေ့ဆုံခွင့်ပေးခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် နှစ်လယ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပထမဆုံးတွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကို ကိုယ်စားပြုတဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့ အထူးကိုယ်စားလှယ်တွေက ကြိုးပမ်းခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့တဲ့ ကိစ္စတရပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီအခွင့်အရေး ရခဲ့တာဟာ ထိုင်းနိုင်ငံအဖို့ သြဇာတက်စရာကိစ္စသဖွယ် ဖြစ်ခဲ့ပါတယ်။ 

မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းပေးဖို့ကြိုးစားရာမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံလူထုရဲ့ ထောက်ခံမှု အများဆုံး ရရှိထားတဲ့ ခေါင်းဆောင်နဲ့ တွေ့ခွင့်ရခဲ့ခြင်းဟာ ပြဿနာရဲ့ အဖြေလမ်းစပေါ် နိုင်မလားလို့ မျှော်လင့်မှုတွေ ရှိပေမယ့်လို့ ဒီတွေ့ဆုံမှုပေါ် အခြေပြုပြီး ဘာတိုးတက်မှုမှ ရရှိခဲ့ခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောဆိုသလဲဆိုတဲ့ အချက် အကယ်၍ လက် ရှိအခြေအနေကို မှတ်ချက် မပေးခဲ့ရင်တောင် ကြုံတွေ့နေရတဲ့ ပြဿနာကို ဘယ်လိုအဖြေရှာလိုသလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်ခဲ့ပေမယ့်လည်း တွေ့ဆုံခွင့်ရခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံအစည်းအဝေးမှာ ပြောဆိုရာမှာ မြန်မာလူထု ခါးစည်းခံရတဲ့ ဆုံးရှုံးမှုနဲ့ နိုင်ငံစီးပွားရေးအပေါ်စိုးရိမ်ကြောင်းနဲ့ လက်ရှိ မြန်မာ့အရေး ဆွေးနွေးမှုကို ထောက်ခံတယ်ဆိုတဲ့ အချက်တွေကိုသာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အဆိုပါ မှတ်ချက်ထက်ကို ပိုပြီး ထုတ်ဖော်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။ ဒီထက်ပိုအသေးစိတ်ကျတဲ့ အချက်အလက်တွေထိ ဆွေးနွေးတာမျိုးမရှိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတွေ့ဆုံမှုအပြီး ၁၀ လအကြာထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘော ထား၊ သူ့ရဲ့ မှတ်ချက်နဲ့ ဆက်နွှယ်တဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုတွေ မရှိခဲ့ဘဲ မြန်မာနိုင်ငံအနှံ့အပြား စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာသလို တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေ၊ မြို့တွေ သိသိသာသာ များပြားလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားဒေသက လက်နက်ကိုင်အဖွဲ့တွေအဖို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုထက် စစ်ရေးအရ အသာစီးရဖို့ကို ပိုမိုစိတ်အားထက်သန်နေကြမယ်ဆိုတာ သေချာပါတယ်။ ဒီအချက်က ဒေါ်အောင်ဆန်းစုကြည်လို လူထုထောက်ခံမှု အများဆုံးရထားတဲ့  အန်အယ်လ်ဒီ ခေါင်းဆောင်ကို အကျဥ်းထောင်က လွှတ်ပေးခဲ့ရင်တောင်မှ ဗမာလူထုကို စည်းရုံးနိုင်မှာ ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စည်းရုံးနိုင်ဖို့ အခက်အခဲအများကြီး ရှိလိမ့်မှာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နယ်စပ်ကုန်သွယ် ရေး စခန်းမြို့တွေ၊ ၄င်းတို့ပြည်နယ် ဒေသရဲ့ နယ်မြေတွေကို စစ်ရေးအရ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ နိုင်ငံရေးစကားပြောဖို့ သိပ်ပြီး စိတ်ဝင်စားကြမယ် မျှော်လင့်ချက် အားနည်းနေတဲ့ အနေအထား ဖြစ်ပါတယ်။ 

ဒါကြောင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရခဲ့ရင် တောင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားကို ကြီးကြီးမားမားသြဇာသက်ရောက်ဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ 

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွက်လာဖို့ ဆိုတဲ့ ဖမ်းဆုပ်ရခက်တဲ့ နိုင်ငံရေး မျှော်လင့်ချက်စကားလုံးတွေထက် လက်တွေ့ နိုင်ငံရေး ဖြစ်တဲ့ မြေပြင်မှာ စစ်ရေးအရ အောင်နိုင်ရေးကို ပိုစိတ်ဝင်စားတဲ့ အနေအထားလို့ဆိုရင် မှားမယ် မထင်ပါ။ 

မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါလားဆိုရင် ငြင်းလို့မရသော်လည်း စစ်ရေးက ပထမနိုင်ငံရေးက ဒုတိယဖြစ်နေတဲ့အချိန်ကာလမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အကန့်အသတ်ရှိနေပြီ ဖြစ်တာတွေ့ရမှာဖြစ်ပြီး ဟွန်ဆန်ရဲ့ ကြိုးပမ်းမှုက စိတ်ဝင်စားစရာကောင်းသော်လည်း မြန်မာ့အကျပ်အတည်းအတွက် ဒီအဖြေတခုကိုသာစောင့်ကြည့်ရမယ့် ကာလမဟုတ်တော့တဲ့ အနေအထားရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar