Breaking News

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၄)

တရုတ်ပြည်ကထုတ်လုပ်တဲ့ လျှပ်စစ်ကားများ နိုင်ငံခြားသို့တင်ပို့ရန် ပြင်ဆင်နေစဉ်။ (၂၀၂၃ မတ်လ)

လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၄)

(မိုးမခ) ဇွန် ၆ ၊ ၂၀၂၄

ဆိုရှယ်လစ်ဈေးကွက်စီးပွားရေး

၁၉၇၈ ခုနှစ် တရုတ်ပြည်မှာ တိန်ရှောင်ဖျင် အာဏာရလာပြီးနောက် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးလာပါတယ်။ တိန်က ဒါဟာ ကုန်ထုတ်စွမ်းအားစုများ လွတ်မြောက်ဖို့နဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တိန့် တက်လာပြီးနောက်-အတွေးအခေါ် လွတ်မြောက်ရေး တို့၊ လက်တွေ့ထဲမှ အမှန်ရှာရေး တို့ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ တိုင်းပြည်ရဲ့ တကယ့်အခြေအနေတွေကို သိပွံနည်းကျ ခွဲခြမ်းစိတ် ဖြာခဲ့ပါတယ်။

တရုတ်ပြည်အနေနဲ့ ဒီမိုကရေစီသစ်တော်လှန်ရေး အောင်မြင်ပြီး ဆိုရှယ်လစ်တည်ဆောက်ရေးလမ်းပေါ် တက်ရောက်တဲ့အခါ၊ ကုန်ထုတ်စွမ်းအားစု ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းအရ အလွန်ခေတ်နောက်ကျနေသေးတဲ့အတွက် ဆိုရှယ်လစ်စနစ်ရဲ့ အကြောင်းအချက်အောက်မှာအတော်အတန် ရှည်ကြာတဲ့ ပဏာမအဆင့်တခုကို မုချကျော်ဖြတ်ရမယ်။ ဒါဟာ ကျော်လွှားသွားလို့မရတဲ့ သမိုင်းအဆင့်တရပ် ဖြစ်တယ်။

ဒီအယူအဆဟာ မာက်စ်ဝါဒသမိုင်းမှာ လုပ်ငန်းသစ်တရပ်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရင်း စူးစမ်းလေ့လာသွားရမယ် လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၀ ကြိမ်မြောက်ကွန်ဂရက်မှာ သတ်မှတ်ပြီး၊ပြည်ပကို တံခါးဖွင့်ပေါ်လစီ ကျင့်သုံးပြီး၊ ပြည်တွင်းမှာတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာပါ။ ဒီပေါ်လစီကို အခြေခံမူကြီး ၄ ရပ်*အောက်မှာလုပ်ဖို့ သတ်မှတ်ထားပါတယ်။

ဒီလို တရုတ်ပြည်ရဲ့ ဆိုရှယ်လစ်တည်ဆောက်ရေးအဆင့်ကို ပဏာမအဆင့်လို့ သတ်မှတ်ပြီး ပေါ်လစီအသစ်တွေ ချမှတ်လိုက်နိုင်တာဟာ တရုတ်ပြည်ရဲ့ အနာဂတ်ကြီးကို ထွန်းပြောင်စေလိုက်နိုင်ပြီး အခုဒီပေါ်လစီကို အနှစ် ၄၀ ကျော် ကျင့်သုံးပြီးနောက် တရုတ်ပြည်ကြီးကို ဒုတိယကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာစေပါတော့တယ်။

တကယ်တော့ ၁၉၆၆-၇၆ ယဉ်ကျေးမှုတော်လှန်ရေးကြီးအတွင်း တရုတ်ပြည်ရဲ့ စီးပွားရေးဟာချွတ်ခြုံကျသွားတာပါ။ ပစ္စည်းမဲ့အာဏာရှင်စနစ်အောက်မှာ၊ လူတန်းစားတိုက်ပွဲ ဆက်လက်ဆင်နွှဲရေးဆိုတဲ့ ကြွေးကြော်သံအောက်မှာ နိုင်ငံရေးကို ဦးစားပေးနေရလို့ ပြည်သူတွေရဲ့ နေထိုင်စားသောက်ရေးဟာ အလွန်ကိုခက်ခဲနေတာပါ။ တချို့အတွင်းပိုင်းဒေသများမှာဆိုရင် အစိုးရရဲ့ ထောက်ပံ့မှုကိုပဲ အားထားနေရပြီး မိုးလရာသီ ကင်းစင်တာနဲ့ စီးပွားရေးတစုံတရာ ချောင်လည်တဲ့ မြို့ကြီးပြကြီးတွေမှာ လှည့်ပြီးမျက်လှည့်တို့၊ ဘားကျွမ်းတို့ပြပြီး တောင်းရမ်းစားသောက်ရတာပါ။အတွေးအခေါ်များကလည်း အလွန်မွန်းကျပ်နေပါတယ်။ တဦးချင်း ဘာစီးပွားရေးမှ လုပ်ခွင့်မရှိပါဘူး။ လူထုအနေနဲ့ကလည်း အတော်မခံမရပ်နိုင် ဖြစ်လာနေပါပြီ။ နယ်ဆင်းနေရတဲ့ ပညာတတ်ကျောင်းသားများအရေးကလည်း မသေးလှပါဘူး။

ဒါကြောင့်ပဲ အခုနောက်ပိုင်း ပညာရှင်တွေက ပြုပြင်ပြောင်းလဲရေးပေါ်လစီကို သေနတ်သံ မထွက်တဲ့ တော်လှန်ရေးလို့ ဆိုကြတာပါ။

(၁၉၈၉ ခုနှစ် တရုတ်ပြည်ရဲ့ တိန်အာမင် အရေးအခင်း ပြီးနောက် တိန် က ဒီလိုပြောဖူးပါတယ်။

"တို့တတွေ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ချမှတ်နိုင်ခဲ့တာကြောင့် ဒီ အရေးအခင်းမုန်တိုင်းကို ကျော်ဖြတ်နိုင်တာ" တဲ့။၁၉၉၀ ပြည့်နှစ်များမှာ ဆိုဗီယက်ယူနီယံအပါ အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများ တစစီ ပြိုကွဲသွားတဲ့ ဖြစ်ရပ်ကို ကြည့်ပါ။)

တိန့်က "စီမံကိန်းကျစီးပွားရေး ဆိုတာ ဆိုရှယ်လစ်စနစ်ကသာ ပိုင်ဆိုင်တာမဟုတ်ဘူး။ အရင်းရှင်များကလည်း သူတို့အရင်းရှင်စနစ်အတွက် လိုအပ်ရင် သုံးလို့ရတာပဲ။ ထို့အတူ လွတ်လပ်တဲ့ ဈေးကွက်စနစ် ဆိုတာကိုလည်း တို့များရဲ့ဆိုရှယ်လစ်စနစ်အတွက် လိုအပ်ရင် သုံးနိုင်တာပဲ" လို့ ဆိုခဲ့ပါတယ်။

တကယ်တော့ ဆိုဗီယက်ရုရှားမှာ ၁၉၂၀ ပြည့်နှစ်များက လီနင်တို့ အသုံးပြုခဲ့တဲ့ စီးပွားရေးပေါ်လစီသစ် (New Economic Policy.N。E。P) ကို အခြေခံလိုက်တာပါ။

ရုရှားတို့ရဲ့ ဘော်ရှီဗစ်တော်လှန်ရေး အောင်ပွဲခံအပြီး (၁၉၁၇) ပေါ်ပေါက်ခဲ့တဲ့ ရုရှားပြည်တွင်းစစ်အတွင်း လီနင်တို့က ရုရှားစီးပွားရေးကို အလွန်တင်းကျပ်တဲ့ စစ်ကာလကွန်မြူနစ်စနစ် ကျင့်သုံးပြီး စီးပွားရေးအခက်အခဲကို ကျော်နင်းနိုင်ခဲ့ပါတယ်။ 

၁၉၂၀ ပြည့်နှစ် ပြည်တွင်းစစ်ပြီးသွားပြီးနောက် တစုံတရာ ပြည်တွင်း တည်ငြိမ်လာတဲ့အခါ စီးပွားရေးပေါ်လစီသစ်ကို ပြောင်းလဲကျင့်သုံးလာရပါတယ်။ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးအတွက် အမျိုးသားစီးပွားရေး ပြန်လည်ထူထောင်ဖို့ လိုအပ်ပြီး ဒီအတွက် လယ်ယာလုပ်ငန်း တိုးချဲ့ရေးနဲ့ စက်မှုလုပ်ငန်းများ တိုးတက်ရေးများ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဦးစားပေးရမယ့်လုပ်ငန်းဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး စက်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ သီးနှံနဲ့ကုန်ကြမ်းများကိုလည်း ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ ဒီမှာတင် လယ်သမားများကို

မိမိတို့ လယ်ယာမြေများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို ပေးအပ်ခဲ့ပါတယ်။ မိမိလယ်ယာကထွက်တဲ့ သီးနှံတွေကို အခွန်ဆောင်ပြီးရင် ပိုလျှံကုန်တွေကို ဈေးကွက်မှာ လွတ်လပ်စွာ ရောင်းချခွင့်ပြုလိုက်တဲ့အတွက် လယ်သမားတွေရဲ့ စိတ်ဓာတ်ခွန်အားတွေလည်း တက်လာပါတယ်။ ဒီလိုနဲ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံပိုင်စက်မှုလုပ်ငန်းများလည်း ပြန်လည်ထူထောင်လာနိုင်ပါတယ်။

ဒီလိုနည်းနဲ့ ဒီစီးပွားရေးပေါ်လစီသစ်အောက်မှာ ကျယ်ပြန့်တဲ့ လယ်သမားထုနဲ့ အလုပ်သမား(တနည်း) ပစ္စည်းမဲ့များအကြား မဟာမိတ်ဖွဲ့ပေါင်းစည်းရေးတို့ ဖြစ်လာပါတော့တယ်။

လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ခွင့်ပြုလိုက်ပေမယ့် အမျိုးသားစီးပွားရေးရဲ့ အရေးကြီးကဏ္ဍများ (စက်မှုလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားကုန်သွယ်ရေး စသဖြင့်)အားလုံးကို အစိုးရက ကိုင်ထားပါတယ်။ သဘောက လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ပစ္စည်းမဲ့အစိုးရရဲ့ စီမံခန့်ခွဲမှုနည်းလမ်းများနဲ့ ချုပ်ကိုင်မှုအောက်မှာ ထားတာပါ။ ဒီစီးပွားရေးပေါ်လစီသစ်အောက်မှာ ပေါ်ပေါက်လာတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကိုလည်း အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ထားရှိပြီး အဲဒီကတဆင့် အစိုးရအရင်းရှင်စနစ်လမ်းကြောင်း ဖောက်လာနိုင်ပါတယ်။ ဒီအတိုင်း နိုင်ငံခြားအရင်းရှင်များရဲ့ရင်းနှီးမြှုပ်နှံမှုများကိုလည်း မိမိတိုင်းပြည် စက်မှုလုပ်ငန်းများ ထူထောင်ရေးအတွက် အသုံးချနိုင်လာပါတယ်။

ဒီ လီနင်ရဲ့ စီးပွားရေးပေါ်လစီသစ်ဟာ ရုရှားရဲ့ စီးပွားရေးကို အလျင်အမြန် နာလန်ထူစေခဲ့ပါတယ်။

ဒါကို တိန့်တို့အဖွဲ့က သေသေချာချာ လေ့လာပြီး အတုယူနိုင်တာတွေယူ၊ အသစ်ဖန်တီးစရာရှိရင်ဖန်တီးပြီး 'တရုတ်လက္ခဏာဆောင်တဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေး' ဆိုတာကို လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။ စီးပွားရေးအရ အောင်မြင်နေတဲ့ နိုင်ငံအများအပြားကိုလည်း တိန့်ကိုယ်တိုင်အပါအဝင် အဖွဲ့များဖွဲ့ပြီး သွားရောက်လေ့လာကြပါတယ်။ ပြည်သူတွေကိုလည်း တဖြည်းဖြည်းထိန်းချုပ်မှုတွေ လျှော့ပြီး လုပ်ပိုင်ခွင့်တွေ ပေးလာပါတယ်။

ဒီလိုနည်းနဲ့ လယ်သမားတွေ သူတို့ကိုယ်တိုင် တီထွင်လုပ်ဆောင်လာတဲ့ ကန်ထရိုက်စနစ် ပေါ်လာတယ်။ ကျေးရွာတွေမှာ လယ်မြေတွေကို တဦးချင်း ကန်ထရိုက်ယူပြီး လုပ်ပိုင်ခွင့်တွေ ပေးလိုက်ပြီး လယ်သမားတွေရဲ့ စိတ်အားတက်ကြွမှုကို အားပေးလိုက်တယ်။ ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို အချိုးကျ အစိုးရကို ရောင်းပေးပြီးနောက် ကျန်တာတွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလိုက်တယ်။ ဒါကနေ လယ်သမားများအတွက် စီးပွားရေးမက်လုံးဖြစ်လာပြီး တနှစ်အတွင်း ထွက်နှုန်းတွေဟာ မယုံကြည်နိုင်စရာ ၃-၄ ဆတိုးလာတယ်။

လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးလိုက်လို့ တဦးချင်းမွေးမြူရေးလုပ်ငန်းတွေ ပေါ်လာပြန်တော့ လယ်သမားတွေ ဝင်ငွေတိုးလာပြန်တယ်။ အခြေခံဘုံစနစ်ရဲ့ အားကောင်းချက်တွေကိုလည်း (လုပ်အားနည်းတဲ့အိမ် ကူညီတာ၊ ထုတ်လုပ်ရေးပစ္စည်းတွေ စုပေါင်းသုံးစွဲတာ စသဖြင့်) လိုအပ်သလို အသုံးပြုကြပါတယ်။ ဒီလိုနည်းနဲ့ မျှဝေသုံးစွဲတဲ့နည်းလမ်း (ဆိုရှယ်လစ်စနစ်ရဲ့ အခြေခံစိတ်ဓာတ်)တွေလည်း ပေါ်လာပါတယ်။

စက်ရုံအများအပြားက အလုပ်သမားများကလည်း ဒီကန်ထရိုက်စနစ်ကို အားကျပြီး အစုရှယ်ယာစနစ်တွေ ထွင်လာပါတယ်။ ကိုယ်ပိုင်လုပ်နိုင်သူများကလည်း ကိုယ်ပိုင်လုပ်ကြပြီး လုပ်ငန်းကိုင်ငန်းတွေ အများအပြားပေါ်လာပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ပြီး စည်းစနစ်များကိုလည်း စနစ်တကျ တရားဥပဒေတွေအဖြစ် သတ်မှတ်ပေးပါတယ်။ ပိုင်ဆိုင်မှုစနစ်တွေအမျိုးမျိုးရှိလာပေမယ့် အဓိက အမျိုးသားစီးပွားရေးကဏ္ဍတွေကိုတော့ အစိုးရက ကိုင်ထားတာပါ။ ဈေးကွက်ကိုလည်း မကစားနိုင်အောင် အစိုးရက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုတဲ့ အထူးဇုန်ဒေသတွေလည်း ဖွင့်လှစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကနေအလုပ်အကိုင် အမြောက်အမြားကို ဖော်ထုတ်လိုက်နိုင်ပါတယ်။

ဒီလို လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးလာတာကြောင့် အသစ်ပေါ်ထွက်လာတဲ့ ချမ်းသာတဲ့ လူ့အလွှာအမျိုးမျိုး (လူတန်းစားလို့ မသုံးပါ။)ကိုလည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ထိန်းချုပ်နိုင်ရအောင်လည်း အစိုးရက အစဉ်မပြတ် စောင့်ကြပ်ကြည့်ရှုနေပြီး လိုအပ်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေကို ချမှတ်ပေးနေတာပါ။ 

(ဥပမာ- ကျန်းစစ်မင်ရဲ့ ကိုယ်စားပြုမှု(၃)မျိုး*ဆိုတာ အဲဒီလူ့အလွှာသစ်တွေကို ပါတီထဲ ဝင်ခွင့်ပြုပြီး၊ ပါတီရဲ့ စည်းကမ်းဘောင်အတွင်း သွင်းယူလိုက်တာမျိုး။ 'လက်ဝါးကြီးအုပ်အရင်းရှင် မပေါ်ပေါက်စေရေးအတွက် ကြိုတင်တားဆီးတဲ့ဥပဒေတွေ ထုတ်တာ၊ လိုအပ်ရင် အရေးယူတာ'။ဒေသအသီးသီးက အုပ်ချုပ်တဲ့အစိုးရနဲ့ စီးပွားရေးသမားများ ဆက်ဆံရေးများကို ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေများ ထုတ်ထားတာ၊ အဓိက အကျိုးစီးပွားအုပ်စုများ(vested interest group)နိုင်ငံရေးအာဏာနဲ့ မဆက်စပ်လာရေး စသဖြင့်။)

တရုတ်က သူ့ပါတီရဲ့ အရောင်အသွေးကို အကောင်းဆုံး အတင်းကျပ်ဆုံးနဲ့ ထိန်းချုပ်ထားနိုင်အောင် နည်းလမ်းပေါင်းစုံသုံးတာ တွေ့ရပါတယ်။

တကယ်တော့ တရုတ်ပြည်မှာ စီးပွားရေးဘက်မှာသာ လွတ်လပ်ခွင့် အတော်များများ ပေးထားပေမယ့် နိုင်ငံရေးမှာတော့ ဗဟိုချုပ်ကိုင်မှုက တင်းကျပ်ပါတယ်။ အထူးသဖြင့် ပါတီဝင်တွေအပေါ်တောင်းဆိုမှုဟာ ပစ္စည်းမဲ့ အတွေးအခေါ်ကနေ တပြားသားမှ မလျော့ပါဘူး။ အရေးယူမှုတွေကလည်း ပြတ်သားတယ်။

ဒါ့အပြင် ပါတီကို လူထုရဲ့ ကြီးကြပ်မှုအောက်မှာ ထားနိုင်ရေးအတွက် လုပ်ဆောင်နေတာတွေလည်း တွေ့ရပါတယ်။ (ဥပမာ- ဆိုရှယ်လစ်ဒီမိုကရေစီ(တနည်း) လုပ်ငန်းပေါင်းစုံအတွင်းက ဒီမိုကရေစီ (whole-process-democracy) ဆိုတာကို တဖြည်းဖြည်း ပြည့်စုံရင့်ကျက်လာအောင် လုပ်နေတာတွေ တွေ့ရပါတယ်။)

ဒါ့အပြင် အခုနောက်ဆုံး(စက်မှုတော်လှန်ရေးသစ်)က ပေါ်ထွက်လာတဲ့- အဆင့်မြင့်ကုန်ထုတ်စွမ်းအားစုအသစ်များ (လျှပ်စစ်ကားများ၊ စွမ်းအင်ထုတ်ကုန်ပစ္စည်းများ၊ အဆင့်မြင့်ဘက်ထရီများ)ကို ကမ္ဘာ့ဈေးကွက်မှာ ဘက်စုံက ယှဉ်ပြိုင်နိုင်အောင် ဘယ်လိုလုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတာကြည့်ရင် တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံဟာ အရင်းရှင်နိုင်ငံများထက် အများကြီးသာတာ တွေ့နိုင်ပါတယ်။

သိပွံနဲ့နည်းပညာဟာ သူ့အလိုအလျောက် တန်ဖိုးရှိနေတာ မဟုတ်ပါဘူး။ လူတွေက ဒါတွေကိုဘယ်လို အသုံးချသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ တကယ်တော့ သိပွံနဲ့ နည်းပညာများဟာ လူသားများအတွက် ဘက်စုံက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ရေးကို ကူညီတွန်းဆော်ပေးတဲ့ ကိရိယာများသာ ဖြစ်ပါတယ်။

အခု စက်မှုတော်လှန်ရေးသစ်က ထုတ်ပေးလိုက်တဲ့ နည်းပညာသစ်များ (ဒီဂျစ်တယ်၊ ဉာဏ်ရည်တု)ကို ဆိုရှယ်လစ်စနစ်ရဲ့ စီမံကိန်းရှိမှု လက္ခဏာ၊ မျှဝေခံစားမှုလက္ခဏာ၊ သမာသမတ်ကျမှုလက္ခဏာများနဲ့ ဆီလျော်ဆက်စပ်မှုတွေရှိလာအောင် ကြိုးစားလုပ်ဆောင်နိုင်ရင် ကုန်ထုတ်စွမ်းအားစု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကုန်ထုတ်လုပ်မှုပုံစံ ပြုပြင်ပြောင်းလဲရေးတွေကို ပေးနိုင်လာပါလိမ့်မယ်။

ဒါတွေကတော့ တရုတ်ပြည်အနေနဲ့ တရုတ်ထူးခြားချက်လက္ခဏာနဲ့ ဆိုရှယ်လစ်စနစ်ကိုတည်ဆောက်နေတဲ့ ဖြစ်စဉ်တွေပါ။ တရုတ်ပြည်ရဲ့ အောင်မြင်မှုတွေဟာ ကမ္ဘာ့ဆိုရှယ်လစ်စနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် အင်အားသစ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။


ရှင်းလင်းချက်

၁။ အခြေခံမူကြီး ၄ ရပ်။

   ----ဆိုရှယ်လစ်လမ်းစဉ်ကို ကိုင်စွဲရမယ်။

   ----ပြည်သူ့အာဏာရှင်ဒီမိုကရေစီစနစ်ကို ကိုင်စွဲထားရမယ်။

   ---တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ကိုင်စွဲထားရမယ်။

   --မာက်စ်ဝါဒ-လီနင်ဝါဒ-မော် အတွေးအခေါ်ကို ကိုင်စွဲထားရမယ်။

၂။ ကျန်းစစ်မင်ရဲ့ ကိုယ်စားပြုမှု ၃ ခု။

  --တရုတ်ပြည်ရဲ့ အဆင့်မြင့်ကုန်ထုတ်လုပ်ရေးအင်အားစုများ ဖွံ့ဖြိုးတက်ရေးကို ကိုယ်စားပြုမှု။

---တရုတ်ပြည်ရဲ့ အဆင့်မြင့်ယဉ်ကျေးမှုကို ကိုယ်စားပြုမှု။

---တရုတ်ပြည်သူအများစုရဲ့ အခြေခံအကျိုးစီးပွားကို ကိုယ်စားပြုမှု။


လှကျော်ဇော



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar