Breaking News

ညိုထွန်းလူ - သစ်ပင်နှင့် အရိပ်အယောင်များ

Photo Credit - ဆရာ ဦးခင်မောင်စန်း (မန္တလေး)

သစ်ပင်နှင့် အရိပ်အယောင်များ
ညိုထွန်းလူ
(မိုးမခ) ဇွန် ၇၊ ၂၀၂၄

နေရောင်ဝင်းဝင်းတောက်နေသည့် နေ့လည်ခင်းအချိန်၊ တရိပ်ရိပ်တိုးလာသည့်အပူရှိန်အောက်မှာ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေလျက်။ 

လေသည်အလှုပ်အတိုးမရှိဘဲငြိမ်ချက်သားကောင်းနေ၏။ ကျေးငှက်တို့သည်လည်း တေးမဆိုနိုင်။ အရာအားလုံးကို တံလျပ်တွေ တရှိန်ရှိန်ထနေပြီး အပူငွေ့တွေဖြင့်ဖုံးလွှမ်းထားသည့်မြင်ကွင်း။ ထိုစဉ် ကန္တာရဆူးခြုံတွေခပ်ကျဲကျဲပေါက်နေသည့် လွင်တီးခေါင်ထဲရှိ ထန်းရွက်တဲငယ်တစ်လုံးဆီသို့ဦးတည်၍ သွားနေသည့်လူတစ်ယောက်ကို ထူးထူးခြားခြားတွေ့လိုက်ရသည်။ သူသည်အပူတောထဲမှ ရုန်းထွက်ပြီးအရိပ်ခိုနားဖို့အတွက် ခြေလှမ်းတွေကိုမြန်မြန်သွက်သွက်လှမ်းနေလျှက်ရှိသည်။ ထန်းရွက်တဲကလေးထဲကိုရောက်တော့ မောပန်းနေပြီ။ သူ့တစ်ကိုယ်လုံးချွေးတွေရွှဲနှစ်နေလျက်။

ဝါးပက်လက်ကုလားထိုင်ပေါ်မှာထိုင်နေသည့် ဘုန်းတော်ကြီးကိုဦးချ၍ ကန်တော့လိုက်သည်။

"ဒကာကြီးက ဒီလောက်နေပူကြီးထဲမှာကို အပင်ပန်းခံပြီးလာခဲ့တာကိုး။ ကဲ ကဲ အမောပြေအောင် ရေလေးသောက်လိုက်ဦး"

တစ်ပေခန့်အဝန်းကျယ်မည့် ထန်းသားငုတ်တိုပေါ်ကသောက်ရေအိုးကို‌ တွေ့လိုက်ရ၍ သူဝမ်းသာသွားသည်။ နှီးသောက်ရေခွက်အပြည့်ခပ်ပြီးသောက်လိုက်သည်။ စိမ့်အေးနေသည့်ရေသည် လည် ချောင်းဝမှတဆင့် ဝမ်းဗိုက်ထဲသို့ကျဆင်းသွားသည်။ အမောမပြေနိုင်သေး။ ရေတစ်ခွက်ပြီးတစ်ခွက် ဆင့်ကာဆင့်ကာသောက်လိုက်သည်။ ရေသောက်ရင်း သူ့မျက် လုံးတွေကအငြိမ်မနေ။ အကဲခပ်စူးစမ်းကြည့်သည်။ ထူးထူးခြားခြားမတွေ့ရ။ အမြင့်သုံးပေခန့်ရှိမည့်ဝါးကြမ်းခင်းပေါ်တွင် လွှာစောင်ပါးပါးတစ်ထည်နှင့်ခေါင်းအုံးတစ်လုံး။ ပလတ်စတစ်ကြိုးတန်းပေါ်မှာတော့ သင်္ကန်းတစ်ထည်လွှားထားသည်။ ဝါးစားပွဲခုံပုကလေးပေါ်မှာ ဆေးကြောသန့်စင်ပြီးမှောက်ထားသည့်သပိတ်တစ်လုံးကိုတွေ့လိုက်ရသည်။ သူမြင်တွေ့ရသမျှအားလုံးက ဒီလောက်ပါပဲ။

"ဆရာတော် ဒီမှာတစ်ပါးတည်း သီတင်းသုံးတာလား။ အကြောင်းကိစ္စကြီး ငယ်အတွက် အကူ အညီလည်းဖြစ်၊အဖော်လည်းရအောင် ကပ္ပိယတစ်ယောက်လောက်မရှိဘူးလားဘုရား "

ဆရာတော်ကိုလျှောက်ထားမေးမြန်းသည့်သူ့လေသံက သာမန်ရိုးရိုးသိချင်စိတ်ထက် အနည်းငယ်ပိုလွန်နေသည့်ဟန်ရှိသည်။

"ကျုပ်အရွယ်နဲ့ကျုပ်ရဲ့ခန္ဓာကိုယ်ကြီးက ခိုင်းလို့ရသေးသလိုနေ့စဉ်နေ့တိုင်း ဆောင်ရွက်ရမယ့်ကိစ္စဝိစ္စတွေကို လည်း နည်းနိုင်သမျှနည်းအောင်လုပ်ထားတာမို့ အပိုလူထားစရာမလိုပါဘူးဒကာကြီးရယ်။ ကျုပ်က ဒီမှာ တစ်ပါးတည်းလို့လည်းဆိုနိုင်ရဲ့။ အဖော်ရှိတယ်လို့ ပြောလို့လည်းရရဲ့။ အဲဒီလိုပြောလိုက်ရင် ဒကာကြီးနားရှုပ်သွားမလားဘဲ။ အဖော်ဆိုတာ တစ်ခြားဟုတ်ရိုးလားဗျာ။ဟောဟိုက သစ်ပင်ကလေးပေါ့ "

ဆရာတော်က ပြောပြောဆိုဆိုဖြင့် တဲရှေ့က သစ်ပင်ကလေးကို လက်ညှိုး ထိုး၍ပြလိုက်သည်။ နေအပူရှိန်ထဲမှာ ရွက်နုရွက်သစ်တို့ဖြင့်လန်းဆန်းနေသည့် လူတစ်ရပ်ခန့်ရှိမည့်သစ်ပင်ငယ်ကလေးကိုကြည့်ရင်းသူအံ့ဩသွား ၏။ အဲဒါ တစ်ပါးတည်းသီတင်းသုံးနေတဲ့ဆရာတော်၏ အဖော်တဲ့။ သူနားမလည်နိုင်။

"ဒီနေရာကို ကျုပ်စပြီးရောက်တဲ့အချိန်တုန်းက သစ်ပင်လေးက အစေ့အညှောက်ထွက်ပြူကာစရှိသေးတယ်။ ကျုပ်အံ့ဩသွားတယ်။ ဒကာကြီးစဉ်းစားကြည့်ပါ။ မြေသားတွေက မာကျောပြီးတူရွင်းတို့ ပေါက်ပြားတို့နဲ့ တူးဟယ်ဆွဟယ်လုပ်ရင်တောင် အင်မတန်မှအားစိုက်ရတာလေ။ ဒါကိုပဲ မြေကြီးထဲက ထိုးထွက်လာနိုင်တဲ့အင်အား။ ဒီလိုနဲ့တဆင့်ပြီးတဆင့်ကြီးပြင်းလာရင်း မြေကြီးကို သူ့အမြစ်ကလေးနဲ့ကုပ်တွယ်ထားပြီး လေဒဏ်မိုးဒဏ်တွေနှစ်တိုင်းခံရလည်း ပြိုလဲကျမသွားဘဲ ရှင်သန်အောင်ကြိုးစားနေတာကိုတွေ့ရလို့ တကယ့်အာဂသတ္တိပဲလို့တွေးမိလိုက်တယ်။ လောကသဘောနဲ့ပြောရရင်တော့ ဒီသစ်ပင်ကလေးက ကျုပ်ကို သူ့လိုပဲတစ်ကိုယ်တည်းရှင်သန်ရပ်တည်နိုင်အောင် အသိဉာဏ်ဖွင့်ပေးလိုက်တဲ့မိတ်ဆွေကောင်းပေါ့ဒကာကြီးရယ် "

လေသံအေးအေးဖြင့်ပြောပြနေသည့် ဆရာတော်အားငေးကြည့်နေမိ သည်။ လောဘဒေါသတို့ကင်းစင်ပြီးတည်ငြိမ်အေးချမ်းသည့်မျက်နှာအသွင်အပြင်။ စကားကို လိုအပ်သည်ထက်ပိုမပြောသည်ကိုလည်းသတိပြုမိလိုက်သည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအကျိုးသဘောကို ဆင်ခြင်နားလည်မှုမပြုဘဲ သူသိချင်တာတွေကိုတော့မေးမြန်းရဦးမည်။ 

                              . . . .

"ဘာပဲဖြစ်ဖြစ် ဒီနေရာထက်စာရင် ရွာနဲ့နီးတဲ့နေရာမှာသီတင်းသုံးရတာက ပိုပြီးအဆင်ပြေမှာမဟုတ်လားဘုရား။ ရွာနဲ့ဆိုရင်နှစ်မိုင်လောက်ဝေးတာမို့ နေ့စဉ်ဆွမ်းခံထွက်ရတာလည်းပင်ပန်းလှပါတယ်။"
ဆရာတော်၏မျက်နှာပေါ်တွင် အပြုံးရိပ်ကလေးကိုတွေ့လိုက်ရသည်။

"ဒကာကြီးအကြံပြုသလိုပဲ ရွာထဲကလူတွေလည်း ကျုပ်ကိုတိုက်တွန်းကြရဲ့။ သူ့တို့ရွာမှာလာပြီးပြောင်းရွှေ့သီတင်းသုံးပေးပါ။ ကျောင်းဝင်းမြေနေရာအကျယ်အဝန်းကိုလည်းကြိုက်သလောက်ယူပါတဲ့။ လှူတန်းမယ့်ဒကာတွေရော ကျောင်းဆောက်ပေးမယ့်ဒကာတွေရော တော်တော်များများရှိကြပါတယ်။ သူတို့အားလုံးရဲ့ကြည်ညိုသဒ္ဓါစိတ်ကို ကျုပ်နားလည်မိပေမယ့် ငြင်းလိုက်တယ်ဒကာကြီး "

"ဘာကြောင့်ပါလဲဘုရား"

"ဘာကြောင့်လည်းဆိုတော့ဗျာ။ ကျုပ်မှာ အရင်ဆုံးကျယ်ဝန်းတဲ့ကျောင်းနေရာနဲ့ ကျောင်းတိုက်ကြီးလည်းရှိလာခဲ့ပြီးရင် ကျုပ်လိုသမျှတွေကိုလည်း ကျုပ်ဒကာ ဒါယိကာမတွေက နောက်ထပ် လှူတန်းကြဦးမယ်။ တဖြေး ဖြေးနဲ့အနေကြာလာတဲ့အခါ ကိုယ့်ရွာ ကိုယ့်ကျောင်း ကိုယ့်ဘုန်းကြီးနဲ့အခြေတကျဖြစ်လာခဲ့ပြီးရပ်ရေးရွာရေးကိစ္စတွေမှာလည်း ကျုပ်ဆီကို ဦးတိုက်ထားပြီး လာရောက်ဆွေးနွေးကြမှာပေါ့ဗျာ။ တစ်နှစ်၊နှစ်နှစ်၊ သုံးလေးနှစ်လောက်ကြာတော့ရွာမှာ ကျုပ်ရဲ့ဩဇာကြီးမားလာပြီး ရပ်ရွာအရေးနဲ့ လူ့အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်လာရင်း ကျုပ်ရဲ့အဆုံးအဖြတ်တွေ အပေါ်မှာပဲမူတည်လာကြတော့မှာ။ အဲဒီအခါမှာ ကျုပ်ကမသာယာဘဲနေပါတော့မလား။

ဒါတွေက အန္တရာယ်တွေပဲဒကာကြီး။ တကယ်တန်းမှာ ကျုပ်ကိုလှူတန်းကြတဲ့ အရာတွေအားလုံးက ကျုပ်ပိုင်တာမှမဟုတ်ဘဲ။ အခုနေတဲ့နေရာလေးကလည်း ကျုပ်ပိုင်တာမဟုတ်ပါဘူး။ ပိုင်ဆိုင်တယ်လို့ ထင်မှတ်နေစရာတွေပါ။ ထင်သာမြင်သာအောင်ပြောရရင် ဒီခန္ဓာကိုယ်ကြီးတောင် ကျုပ်တို့ပိုင်ဆိုင်ကြတာမှမဟုတ်ဘဲကလား။ မရှိတာကို အရှိထင်ပြီး ငါ့ပစ္စည်း ငါ့ဥစ္စာဆိုတဲ့အစွဲက သိပ်ကိုကြောက်စရာကောင်းတယ်ဒကာကြီးရဲ့။ တစ်ချိန်မှာကျုပ်သေသွားခဲ့ရင် ကျုပ်ကိုလှူတန်းကြသမျှတွေကိုစွဲလန်းနေခဲ့လို့တော့ ဘဝကူးကောင်းနိုင်ပါဦးမလား။ သံသရာမှာ ကျင်လည်နေကြရမယ့် တစ်ဘဝတစ်ခန္ဓာရဲ့ပြီးဆုံးတဲ့ အကြိမ်ကြိမ်အခါခါတွေကို တစ်ကြိမ်ထက်တစ်ကြိမ် နည်းနိုင်သမျှနည်းအောင်မလုပ်နိုင်ရင် ခက်ပြီပေါ့ဗျာ။

ပုထုဇဉ်လူသားတွေမှာ ငါအစွဲက ကြီးမားလာရင် အမှန်ကိုမြင်ဖို့ခက်ခဲ သွားပြီဒကာကြီးရယ်။ အရှိန်ဩဇာ၊ အာဏာ၊ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှု။ ဒီအရာအားလုံးဟာ တကယ့်အစစ်အမှန်မဟုတ်ဘဲ အမြင်ဝေဝါးပြီးထင်ယောင်ထင်မှားဖြစ်စေတဲ့အရိပ်အယောင်တွေပါ။ မရှိတာကိုအရှိထင်၊ မမြဲတာကိုမြဲတယ်လို့ အယူအစွဲတွေ။စွဲလန်းစိတ်တွေကများလာရင် နောင်ဘဝဆိုတာ ခဏထားလိုက်ဦး၊ လက်ရှိရှင်သန်နေတဲ့ဘဝလေးမှာတင်လောဘဇောတွေ အပူအမောတွေများပြီး စိတ်အေးချမ်းနိုင်ပါ့မလား။ ကျုပ်မေးကြည့်ချင်ပါတယ်ဒကာကြီး။ ဒီကမ္ဘာမြေကို လူသားတွေ ဘာအတွက်ရောက်လာကြတာလဲ။ ‌တစ်ယောက်နဲ့တစ်ယောက် သတ်ကြဖြတ်ကြဖို့လား။ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်လုယက်ဖျက်ဆီးကြဖို့‌လား။ ကျုပ်တွေးကြည့်မိတယ်ဒကာကြီးရယ်။ ကျုပ်တို့ဟာ နီးလျက်နဲ့ဝေးနေကြတယ်။ တကယ်ဆိုရင် ကျုပ်တို့တတွေဟာ သစ်ပင်တွေကို အတုယူကြဖို့မကောင်းဘူးလား။

သစ်ပင်တွေဟာ သူ့တို့ဘာသာသူတို့ ရှင်သန်လာခဲ့ကြတာနော်။ အပင်ကြီးတွေဖြစ်လာကြရင် နားခိုဖို့အရိပ်တွေပေးမယ်။ စားသုံးစရာ အသီးအရွက်တွေပေးမယ်။ လူ့အသုံးအဆောင်‌တွေအတွက် အလိုရှိတာအသုံးပြုဖို့ပင်စည်နဲ့အကိုင်းအခက်တွေလည်းရှိသေးဗျာ။ နောက်ဆုံးအပင်အိုပြီး အခြေမခိုင်တော့ဘဲ ဗုံးဗုံးလဲကျသွားတဲ့အထိ လူသားတွေအကျိုးအတွက်ပေးနိုင်သမျှပေးသွားခဲ့ကြတာမဟုတ်လား။ ဆိုလိုတာက ကျုပ်တို့လူသားတွေလို ကိုယ်ကျိုးစီးပွားအခြေခံပြီး အပေးအယူသဘောတွေ သစ်ပင်တွေမှာမရှိကြဘူး။ သစ်ပင်တွေက ယူခဲ့တာမရှိ ပေးခဲ့တာတွေချည်းပဲနော်။
ဒီလောက်ဆိုရင် ကျုပ်ရဲ့အ‌တွေးအမြင်နဲ့ကျုပ်ရဲ့အကြောင်းကိုဒကာကြီးလည်းသိတန်သလောက်သိသွားလောက်ပါပြီ။ ကျုပ်က ဒကာကြီးတို့ထင်သလိုမဟုတ်ပါဘူး။ ဘုရားရှင်ရဲ့မေတ္တာကရုဏာအရိပ်အောက်မှာ ခိုလှုံနေတဲ့ သာမာန်ဘုန်းကြီးပါ။ ဘာတန်ခိုးအစွမ်းအစမှ မရှိသလို ဘယ်သူ့ကိုမှလည်း မကူညီမကယ်တင်နိုင်ပါဘူး။ မေတ္တာစိတ်တွေပွားများပြီး ဝိပဿနာတရားအားထုတ်နိုင်အောင်ကြိုးစားရင်း လောကရဲ့ ဖြစ်ပျက်သဘောသဘာဝကို အမြဲနှလုံးသွင်းနေတာပါ။ ကဲ ...
နေ ပူရှိန်လည်းလျော့ကျသွားလို့ ဒကာကြီးပြန်ရင် မပင်ပန်းတော့ပါဘူး။

သူထိတ်လန့်သွားသည်။ တာဝန်ပေး၍ ခိုင်းစေချက်အရ သူရောက်လာခဲ့သည့်အကြောင်းရင်းကို ဆရာတော်က စောစောကတည်းကအလိုလို သိနေနှင့်သည်ပဲ။ တွေးရင်းဖြင့် ရှက်ရွံ့စိတ်တွေကြောင့် ပူထူသွားသည်။ ဆရာတော်အားဦးသုံးကြိမ်ချလိုက်ပြီး အသံတိုးတိုးဖြင့် ခွင့်လွှင့်ပါဘုရားဟု ဆိုလိုက်မိသည်။ 

"လူတိုင်းလူတိုင်းမှာ ဘဝသက်တန်းတလျောက် ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ရှင်သန်လှုပ်ရှားကြရင်း အရိပ်တခုခုကို အားကိုးအားထားပြုကြရတာကိုး။ ကျုပ်ကမြတ်စွာဘုရားအရှင်ရဲ့ မေတ္တာကရုဏာအရိပ်အောက်မှာခိုလှုံနေသလိုပဲ ဒကာကြီးလည်း လက်ရှိခိုနားနေတဲ့အရိပ်ဟာ  ဒကာကြီးအပေါ် မှာစိတ်လုံခြုံမှုတွေပေးပြီး ချမ်းသာကိုယ်စိတ်ရှိပါစေ။ ပူလောင်မှုတွေနဲ့ကင်းဝေးပါစေဗျာ" ဟု ဆုပေးလိုက်သည်။ 

       ခေါင်းငိုက်စိုက်ချ၍ ထန်းရွက်တဲထဲမှထွက်လာခဲ့သည်။
အရိပ်တစ်ခုခုကို အားကိုးအားထားပြုကြရတာကိုးဟု ဆရာတော်၏အသံသည် နားထဲတွင် ပဲ့တင် ထပ်နေလျက်။ ဆရာတော်၏ စကားထဲတွင်ကျုပ်က မြတ်စွာဘုရားအရှင်ရဲ့ မေတ္တာကရုဏာအရိပ် အောက်မှာ ခိုလှုံနေရတာပါဆိုသည့်စကားကို နှစ်ကြိမ်ပြောသွားသည်ကိုလည်း သတိပြုမိလိုက်သည်။ သူ့စိတ်အာရုံထဲတွင် အရိပ်တွေ ပြေးဖြတ်နေလျက်ရှိသည်။ အရိပ်တွေ၊ သူမြင်တွေ့နေသည့် ခိုလှုံစရာအရိပ်တွေ။ တချို့က အရိပ်ဟုထင်ရသော အယောင်ဆောင်ထားတာတွေ။ သူနားလည်သွားရပြီ။ 

           သူခိုလှုံနေပြီး သူ့ကို လွှမ်းမိုးထားသည့်အရိပ်ကို ထင်ထင်ရှားရှား သိမြင်လာရသောအခါ ရင်ထဲမှာမွန်းကြပ်သွားခဲ့ရသည်။ တွေးရင်းဖြင့် စစ်မှန်သောအရိပ်တွေနှင့် အရိပ်အယောင်တွေက သူ့ဆီသို့ လုံးထွေးရောက် လာခဲ့သည်။  သစ်ပင်ကလေးကို လှမ်းကြည့်မိလိုက်သည်။ ကျနေရောင်ထဲတွင် သစ်ပင်ငယ်လေး၏အရိပ်သည် ရှည်မျောမျောနှင့်။ နောင်တချိန်မှာတော့ အေးမြသည့်အရိပ်အာဝါသကိုပေးနိုင်မည့်သစ်ပင်ကြီးကို မြင်ယောင်သွားပြီး ရင်ထဲမှာ ချမ်းမြေ့ကြည်နူးသွားခဲ့ရသည်။ အဲသည်ခံစားမှုက ဘယ်လိုကြောင့်ရောက်လာခဲ့တာပါလိမ့်၊ သူမသိ။

ညိုထွန်းလူ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar