Breaking News

PDF ထိန်းချုပ်နယ်မြေတွေက လေကြောင်းတိုက်ခိုက်မှုတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၉ မြင်ကွင်း

(မိုးမခ) ဇွန် ၁၀၊ ၂၀၂၄

PDF ထိန်းချုပ်နယ်မြေတွေက လေကြောင်းတိုက်ခိုက်မှုတွေ 

စစ်ကိုင်းမြို့ နယ်ထဲမှာ ရှိတဲ့ သပြေသာ ခေါ် လက်ပံတန်း ကျေးရွာမှာ ဇွန်လ ၈ ရက်နေ့က “ပ သုံးလုံး” အစည်းအဝေးလို့ အတိုကောက် ခေါ်ဆိုကြတဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့ လုံခြုံရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဆင့်ခေါ်တဲ့ အစည်းအဝေး ကျင်းပနေချိန်မှာ စစ်ကောင်စီဘက်က သတင်းရပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ သေဆုံးရသူတွေအနက် အစည်းအဝေး လုပ်ရာ ဘုန်းတော်ကြီးကျောင်းက ဆရာတော် အပါအဝင် သံဃာ ၂ပါး၊ ဆရာတော်ရဲ့ မယ်တော်ဖြစ်သူတို့လည်း ပါဝင်ကြောင်း သတင်းအချို့မှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ မကြာခဏ ကြားသိရတဲ့သတင်းတွေထဲမှာ လူစုလူဝေး လုပ်ကြတဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေအနေနဲ့ ပစ်မှတ်အဖြစ် ရွေးချယ်ခံရပြီး အဲဒီလို ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းမှာ ရှိတဲ့ အခြားသော အရပ်သား၊ သာသနာ့ဝန်ထမ်းတွေအထိ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးကြရတာ ဖြစ်ပါတယ်။ 

ကျေးရွာ အတော်များများမှာ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သို့မဟုတ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီ အနေနဲ့ အခုလို အခွင့်သာတဲ့အခါ သတင်းအချက်အလက်ရတဲ့ အခါမှာ လေကြောင်းကနေ တိုက်ခိုက်ပြီး ဒီနယ်မြေတွေမှာ PDF တွေရဲ့ စိုးမိုးမှုနေပြီးဖြစ်တယ်ဆိုတဲ့အချက်ကိုချေဖျက်ဖို့ ကြိုးစားတာလို့ ကောက်ချက်ချနိုင်သလို ဒေသခံတွေကိုလည်း PDF တွေကို အားပေးထောက်ခံရင် အခုလို လေကြောင်းတိုက်ခိုက်မှုတွေခံရနိုင်တယ်ဆိုတဲ့သတင်းစကားရအောင် လုပ်ဆောင်တဲ့သဘောလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ ဘယ်ရွာမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေက အစည်းအဝေးလုပ်တယ်၊ ပကဖ၊ ပအဖ တို့နဲ့ဆက်နွယ်တဲ့ လူမှုရေးအခမ်း အနားဖြစ်စေ လူစုလူဝေးရှိကြတဲ့ အနေအထားမျိုးကို သတင်းရတာနဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာ ဖြစ်စဥ်တွေကို ပြန်လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ ပဇီကြီး ကျေးရွာက ပအဖ ရုံးဖွင့်ပွဲ၊ မကြာသေးတဲ့ရက်အနည်းငယ်အတွင်း မင်းကင်းမြို့နယ် မတောကျေးရွာက ပြည့်သူ့ကာ ကွယ်ရေးအဖွဲ့နဲ့ဆက်စပ်တယ်လို့ဆိုသူက သတို့သမီးအဖြစ်နဲ့မင်္ဂလာဆောင်ကို လေကြောင်းတိုက် ခိုက်တာအပြင် စစ်ကိုင်းတိုင်းထဲမှာ အခြားသော လူစုလူဝေးအခမ်းအနား၊ အစည်းအဝေးတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာ သတင်းတွေအရ သုံးသပ်ကြည့်နိုင်ပါတယ်။ 

အခုလိုအဖြစ်အပျက်တွေ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ မကြာခဏဖြစ်ပွားလေ့ရှိတာကြောင့် နောက်ထပ်မကြုံရအောင်ရှောင်လွှဲဖို့ ကြိုးစားမှုတွေမရှိတာလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်ပါတယ်။ လေကြောင်းက တိုက်ခိုက်မှုဖြစ်ပွားဖို့ နံပါတ်တစ် ပကဖ၊ ပအဖ၊ ပလဖ သို့မဟုတ် ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာနေလူထုကို အစည်းအဝေး သို့မဟုတ် တစုံတခုသောလှုပ်ရှားမှုအတွက် ဖိတ်ကြားတာမျိုးကနေ လူအများသိရှိနိုင်တဲ့ သတင်းပျံ့နှံ့သွားပြီး အဆိုပါ သတင်းက မိနစ်ပိုင်းအတွင်းမှာပင်လျင် စစ်ကောင်စီဘက်ဆီ ရောက်ရှိနိုင်တဲ့အနေအထားရှိပြီး စစ်ကောင်စီအနေနဲ့ လေကြောင်းက တိုက်ခိုက်ဖို့ လျင်မြန်စွာ အမိန့်ပေးလုပ်ဆောင်နိုင်တဲ့စနစ်ရှိနေတဲ့သဘောမျိုးလည်း ကောက်ချက်ချနိုင်ပါတယ်။ ဒီနေရာမှာ ကျေးရွာတွေမှာ သတင်းပေးရှိတယ်ဆိုတဲ့အချက်ကိုဇောင်းပေးပြီး သတင်းပေး (ဒလန်) ဆိုတဲ့ သူကိုရှာဖွေဖေါ်ထုတ်ဖို့ ကြိုးစားတာ၊ အကယ်၍ သင်္ကာမကင်းသူတွေတွေ့ရှိရင် သတ်ဖြတ်တာတွေလည်း ဖြစ်နိုင်ခြေရှိတာ ဖြစ်ပါတယ်။ နောက်နည်းလမ်းတခုကတော့ အစည်းအဝေးတွေ လူစုလူဝေးတွေလုပ်ဆောင်တာကို တတ်နိုင်သမျှရှောင်ရှားဖို့ ကျေးရွာလူထုနဲ့တွေ့ဆုံပြောဆိုကြတဲ့ အခမ်း အနားမျိုးကိုဖြစ်နိုင်ရင်မလုပ်ကြဖို့ ဆုံးဖြတ်ထားသင့်ပါတယ်။ ကျေးရွာလူထုကို တွေ့ဆုံလိုတယ်ဆိုရင် တဦးချင်း သို့မဟုတ် ၅ ဦး ၁၀ ဦး တစုအဖြစ်စုဝေးကာ ရှင်းလင်းပြတာမျိုးတွေကိုကျင့်သုံးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ သို့မဟုတ် PDF ထိန်းချုပ်နယ်မြေလို့ ဆိုပေမယ့် မြေပြင်ကိုသာထိန်းချုပ်ထားနိုင်တဲ့သဘောဖြစ်ပြီး သတင်းအချက်အလက်ပေါက်ကြားမှုနဲ့ ဝေဟင်ကိုတော့ စိုးမိုးထားနိုင်တဲ့အနေအထားမဟုတ်သေးတာကို နားလည်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

နောက်တချက်က ကျေးရွာလူထုအနေနဲ့ မစုဝေးမဖြစ် စုဝေးခဲ့ရင်တောင် နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ဘုန်းတော်ကြီးကျောင်းလို စာသင်ကျောင်းလိုနေရာမျိုးတွေကိုရှောင်လွှဲပြီး လူနေအိမ် သို့မဟုတ် သစ်ပင်ရိပ်ကွက်လပ်လိုနေရာမျိုးတွေမှာ လုပ်ဆောင်တာမျိုး စဥ်းစားရွေးချယ်ဖို့ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေမှာ နိုင်ငံရေး အုပ်ချုပ်ရေး ကိစ္စတွေကို တွဲ ဖက်လုပ်ဆောင်ရာက အခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့အခါ ဘုန်းတော်ကြီး၊ ကျောင်းသူကျောင်းသားတွေ ပါ ထိခိုက်သေဆုံးတာတွေ ဖြစ်ပွားနိုင်တာကြောင့် ဒီအချက်ကိုလည်း အလေးထားထည့်သွင်းစဥ်းစားသင့်တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့တော့ အခုအခါမှာ ရပ်ရွာလူထု၊ ဘာသာရေးနယ်ပယ်က သာသနာ့ဝန်ထမ်း၊ ကျောင်းသူကျောင်းသား စတဲ့ သူတွေ ပါဝင်နေသည့်တိုင် PDF၊ ပသုံးလုံးလို အဖွဲ့က ကမကထလုပ်တဲ့အခမ်းအနား အစည်းအဝေးဆိုခဲ့ရင် လေ ကြောင်းကနေတိုက်ခိုက်ဖို့ ဝန်လေးမှာမဟုတ်တာကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသက အထိမ်းအမှတ်ဖျော်ဖြေပွဲလိုမျိုးကိုတောင် ဗုံးကြဲပစ်ခတ်တိုက် ခိုက်ပြီး လူဆယ်ဂဏန်းအများအပြား သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရစေခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သာဓကအဖြစ် ထည့်သွင်းစဥ်းစားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ လေကြောင်းစိုးမိုးမှုကို ၄င်းရဲ့ အားသာချက်တရပ်အဖြစ် တတ်နိုင်သရွေ့ အသုံး ချနေဦးမှာဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး၊ တိုက်ဖျက်ရေး လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့စိုးမိုးရာဒေသက ဒေသခံလူထုထိခိုက်သေဆုံးမှုမရှိအောင် တတ်နိုင်သရွေ့ နည်းလမ်းရှာကာကွယ်ပေးဖို့ တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအရေအတွက်က တနှစ်ထက် တနှစ် သိသာထင်ရှားတဲ့ပမာဏနဲ့ မြင့်တက်လာခဲ့တာဖြစ်ပြီး မြေပြင်မှာ စိုးမိုးနိုင်မှုလျော့ကျလာတာနဲ့ အမျှ လေကြောင်းတိုက်ခိုက်မှုကိုသုံးနိုင်တဲ့ အရင်းအမြစ်တွေရှိနေသရွေ့ သုံးနေဦးမယ့် အလား အလာလည်း ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar