အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၂ )
လားရှိုးမှာ တိုက်ပွဲတွေ စပြီ။
နေ့လယ် ၁၂ နာရီ ခွဲလောက်မှာ သတင်းတွေ တက်လာတယ်။ MNDAA က ဦးဆောင်တိုက်တာလို့သိရတယ်။ စစ်ကောင်စီတပ်က တံတားငါးစင်းချိုးပြီး ခုခံတယ်။ သန္နီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေ။ တရုတ် ဦးဆောင်တဲ့ ဟိုက်ဂင်အပစ်ရပ်ရေး သဘောတူညီမှု ပျက်ပြီဆိုတာ သေချာသွားတယ်။
ဦးသိန်းစိန် တရုတ်ခရီးစဉ်က စစ်ကောင်စီနောက်ဆုံးထွက်သက် ညင်ညင်သာသာ ဖြစ်ရေး ကူညီနိုင်မလား စိတ်ဝင်စားမိ။
မိုးကုတ်မှာ စကစတပ်တွေ အရပ်ဝတ်လဲပြီး တိမ်းရှောင်နေလို့ ဒေသခံများ မိမိအိမ်မှာနေဖို့ တစ်ဦးနဲ့တစ်ဦး သတိပေး တိုက်တွန်းနေကြတယ်။
ဈေးထဲမှာ ခရမ်းသီး တစ်လုံး နှစ်ထောင်၊ ခရမ်းချဉ်သီး တပိသာ ၁၈၀၀၀ ဖြစ်နေလို့ အိမ်ရှင်မတွေ သောကရောက်နေကြတယ်။
ညနေ ၄ နာရီလောက်မှာ အရှေ့ပိုင်းဗုံကြဲခံရတယ်။ နေရာအတိအကျမသိရ ထွက်မကြည့်ရဲလို့။
ပြောင်ခေါင်း၊ ဘော်မား၊ ဗားနတ်၊မာနား ရွာတွေ ဖက်ကိုတိမ်ရှောင်ဖို့ပြင်ဆင်နေကြတယ်။
နေ့လယ် ၂ နာရီခန့်က မင်းတံတား King bridge Hotal အနီးလက်နက်ကြီးကျ ည နေ ၄ နာရီ လောက်၊ ရှမ်းတော ရပ်ကွက် မှာ နှစ်ဖက်တပ် တွေ အပြန်အလှန်ပစ်ခတ်နေ။ အော်ရီဒူးဖုန်လိုင်း ပဲ ရတော့တယ်။ MPT မရတော့ဘူး။ အင်တာနက်လိုင်း မရတော့မှာ စိတ်ပူနေကြတယ်။ ရုံးတွေ၊ ဘဏ်တွေကတော့ တနေ့ကတည်းက မဖွင့်ကြတော့ဘူး။
မြဝတီဘက်မှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အသံမကြားရတော့။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ကုန်ပြီ။ ဘုရားသုံးဆူလမ်းလည်း ပိတ်တယ်။ ကုန်သည်တွေက ခိုးလမ်းတွေကို အသုံးပြုနေကြတယ်။ စစ်ကောင်စီအစိုးရက ကော့သောင်း ရနောင်း ရေလမ်းမှ ထိုင်း မြန်မာ ကုန်သွယ်ရေး တိုးမြှင့်လာတယ်။
ရန်ကုန်မှာ လျှပ်စစ်မီးလာချိန် ပြန်နည်းသွားတယ်။ ဖုန်အားချွေတာသုံးနေရတယ်။
ရာသီဥတုက အုံ့မှိုင်းနေတယ်။ ကုန်ဈေးနှုန်း တက်တာလောက်တော့ လူတွေက စကားထဲ ထည့်မပြောတော့ဘူး။
ဒုက္ခတွေနဲ့ မိတ်ဆွေဖွဲ့ နေထိုင်တတ်ပြီ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar