Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်ဗိုလ်စွမ်းရည် ဦးချိန်တီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်ဗိုလ်စွမ်းရည် ဦးချိန်တီ

(မိုးမခ) ဇွန် ၃၀ ၊ ၂၀၂၄


စစ်ဗိုလ်စွမ်းရည် ဦးချိန်တီလို့ပြောရမလိုပင်။ အစာကြေလေလည်ရုံဘဲရ။ ကိုးဆယ့်ခြောက်ပါးပျောက်သလောက် ရေးထားပေမင့် ဖျားပြီ နာပြီဆိုရင်တော့ မရတော့။ လေမျိုးရှစ်ဆယ် ဆိုတဲ့အတိုင်း လေဘဲရသည်။

ကျနော်တို့ငယ်ငယ်က ဘုရားပွဲစျေးမှာ ဦးချိန်တီ လျက်ဆားပုလင်းပုံအကြီးကြီးနဲ့ သူ့သီချင်းလော်သံကြားပြီဆို ပျော်ပြီ။ အရောင်းသမက လျက်ဆားအစွမ်းတွေ အော်လိုက်၊ လာနော် လာနော်ဆိုပြီး ခေါ်လိုက်၊ ရောက်လာတဲ့ လက်ဖဝါးတိုင်းကို အစာကြေဆေး လုံးလေးငါးလုံးစီထည့်ပေးလိုက်ဆိုတော့ ပျော်တာပေါ့။ ကရေကရာတန်းက တဆိုင်တတုံးအမြည်းကျွေးလိုက်လို့ ဗိုက်အင့်နေတာနဲ့ကလ အတော်ဘဲလေ။ ကလေးတုန်းကတော့ သူ ပြောနေတာတွေရော ဆေးပုလင်းမှာ ပတ်ထားတဲ့စက္ကူပေါ် ရေးထားတဲ့အတိုင်း ကိုးဆယ့်ခြောက်ပါးနီးနီးကလဲ တကယ်ပျောက်တယ်ထင်ခဲ့တာကိုး။

ခုလဲကြည့် ကြက်ကလေး ငှက်လေးလို ဖမ်းသွားလို့ဆိုတော့ ဗိုလ်ကလေးပဲ ထင်တာ၊ တပ်မမှူးတဲ့။ ခွေးကလေး ကြောင်ကလေးလို ဆွဲသွားလို့ဆိုတော့ ဘယ်အဆင့်လဲ မှတ်တယ်၊ တိုင်းမှူးတဲ့။ မောင်းထုတ်လိုက်ပြန်ပြီဆိုတော့ တပ်ကြပ်ကြီးတယောက် ထင်ပါတယ်ပေါ့၊ ဘယ်ဟုတ်မလဲ၊ ဝန်ကြီးဗိုလ်ချုပ်တဲ့။ ဖြုတ်ပစ်လိုက်ပြန်ပြီ ဆိုတော့ တပ်ရင်းမှူးလောက် မှတ်နေတာ တိုင်းမှူးတွေအထက်က ဗိုလ်ချုပ်ကြီးတဲ့။ တကယ့် ဟင်းရွက် ကန်စွန်းကမှ နုတ်ရခက်အုံးမယ်၊ ဗိုလ်ချုပ်တွေ ဖြုတ်ရတာတော့ လွယ့်လွယ်လေး။ 

ဘယ်သူက ဘယ်ပွဲမှာ သူရတဲ့၊ ဘယ်ဗိုလ်ကတော့ သီဟသူရတဲ့ဆိုလို့ အင်မတန်ရဲရင့် သိပ်တော်အောက်မေ့နေတာ၊ လူသူရိက္ခာ လက်နက်ခဲယမ်း အားနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လူထုကို များများသတ်နိုင်၊ ဘုန်းကြီးခေါင်း များများရိုက်ခွဲနိုင်တဲ့ဘွဲ့ပဲ ဖြစ်ပုံရပါတယ်။ တကယ့်တကယ် အမှန်ဘက်ရပ်ဖို့ ပြည်သူကို စောင့်ရှောက်ဖို့ အနည်းဆုံး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့တော့ စွမ်းရည်ရှိပုံ မရပါဘူး။ စစ်ဗိုလ်စွမ်းရည် ဦးချိန်တီပဲပေါ့လေ။

အမှန်ဘက်ရပ်ဖို့ဆိုတာလဲ မိုက်ခြင်းနဲ့ လိမ္မာခြင်း တကယ်ကွဲမှ။ တကယ်ကွဲတာဆိုတာက ဘယ်လောက်ဆာဆာ ချေးပုံမြင်နေရပေမယ့် တကယ်မစားဘဲ ရှောင်နိုင်တာမျိုးကို ပြောတာလေ။ ဘယ်လောက်မူးမူး ချေးဆို မစားဘူး ဆိုတာမျိုးပေါ့။ 

ပြည်သူကို စောင့်ရှောက်ဖို့ ဆိုတာကလည်း ပြည်သူက ငါတို့ကို စောင့်ရှောက်ဖို့ တာဝန်ပေးထားတာ၊ ထောက်ပံ့ထားတာလို့ တွေးမှ၊ ငါတို့ စောင့်ရှောက်ချင် စောင့်ရှောက်မယ်၊ ငါတို့ သတ်ပစ်ချင် သတ်ပစ်မယ်၊ ငါတို့သဘောပဲ ဆိုတဲ့ ခံယူမှုများရှိနေလို့ မရဘူးလေ။ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့ ဂယောင်ကြောင်ကြား ဆိုင်းဘုတ်ကို အလေးထားနေတဲ့ကောင်ဆို ဦးချိန်တီလျက်ဆားပဲလေ။ 

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကလဲ အနည်းဆုံး ကိုယ့်လက်အောက်ငယ်သားအပေါ် ကောင်းခဲ့ဦးမှ။ သဟောက်သဟာ မောက်မာချင်သလို မောက်မာ၊ ခွင်ဖန် အကြံအဖန်လုပ်၊ သေစာရင်းမပြဘဲ လစာပါ ထုတ်စားနေတဲ့ ဗိုလ်မျိုးဆိုရင်တော့ ပုရွက်ဆိတ်ကိုက်လဲ သေနိုင်တာဘဲလေ။ မင်းအောင်လှိုင်က လာခဲ့ဆို ဟုတ်၊ အပွင့်ဖြုတ်ဆို အသင့်ပါဘဲပဲ ဖြစ်မှာပေါ့။ အမှန်က ငါ့မှာ တပ်ရင်းတွေအများကြီးရှိတာဘဲ။ စစ်တိုင်းကြီးတတိုင်းလုံးရှိတာဘဲ၊ ဒီသောက်ပေါကောင် လုပ်ချင်တိုင်းလုပ်လို့ရမလားဆိုပြီး ခပ်ပြုံးပြုံးနေရဲရမှာပေါ့။ 

အမှန်တရားနဲ့ ပြည်သူကိုရော ကိုယ့်ကိုယ်ကိုရောယုံကြည်မှုအပြည့်ရှိတဲ့ဂျင်နရေးရှင်းဇက်တွေကို ကြည့်လေ၊ လက်ချည်း တောထဲထွက်လာ မင်းအောင်လှိုင်ကို စိန်ခေါ်တိုက်ရဲလို့ ဟိုဘက်တောင်လွန်နေသေး။ 

မင်းအောင်လှိုင်က ဟေ့ကောင် လာစမ်းလဲလုပ်မရ၊ သွားဖမ်းဖို့လဲ မလွယ် တွယ်လွှတ်လို့ လထွတ် မွတ်နေကြတာ မြင်တောင်မကောင်း။ ပြုတ်သွားတဲ့တပ်ရင်းပေါင်းသာကြည့်တော့။ ခုဆို တပ်ပြင်တောင် မထွက်ရဲကြတော့။ ပြည်သူ့လွတ်မြောက်ရေးတကယ်လုပ်တယ်လို့ယုံကြည်တော့ ပြည်သူနဲ့ ERO တွေကလဲ အိပ်သွန်ဖာမှောက်ကူညီကြ။ မင်းအောင်လှိုင်ဆိုတဲ့ကောင်ကို စာရင်းထဲကို မထည့်တာ၊ မင်းအောင်လှိုင်ကသာ သူတို့ကို ကြောက်ချီးပါပြီး ဂျန်မာအမျိုးမျိုးပတ် တပ်အထပ်ထပ်ချတာတောင် ကျည်ကာမှန်အကွယ်မှာ ကျည်ကာအင်္ကျီနှစ်ထပ်နဲ့မှ ရပ်ရဲထိုင်ရဲ ပြောရဲဖောရဲတဲ့ဘဝလေ။ 

အေး သရေကြိုးကို အဲလိုဖြစ်နေအောင် လုပ်ထားတာ စစ်ဗိုလ်ကြီးတွေ တယောက်မှ မပါဘူးနော်။ သူတို့က ဂျင်လီးနှစ်ထပ်ကွမ်းတွေ။ ဦးချိန်တီတွေ။ လေမျိုးရှစ်ဆယ်တွေ။ အစာချေ လေလည်ရုံဘဲ။ တကယ်ဖြစ်လာရင် လေနဲ့ ဝမ်းတောင် ကွဲအောင်လုပ်ပေးနိုင်တာ မဟုတ်ဘူး။ လက်နက်မဲ့ပြည်သူကို အနိုင်ကျင့် သတ်ဖြတ်ရဲတာထက်ပိုတဲ့ကောင် တကောင်မှမရှိဘူး။ ဗိုလ်သင်တန်းကျောင်းတွေက ဗိုလ်ပေါင်းသိန်းချီပြီး ဘယ်လိုတုံးအောင်လုပ်ထားသလဲသာ အံ့ဩတာ။ 

တကယ့်လက်တွေ့ ပြည်သူ့တော်လှန်ရေးပွဲတော်ထဲမှာ ဗိုလ်တွေဆိုတာ ဦးချိန်တီ လျက်ဆားပါပဲ။ ဘုမသိဘမသိ ဆေးမရှိဝါးမရှိ သမားမရှိ အရပ်က လူတွေ လက်ကိုင်သုံးပြီး ကရေကရာတန်းက ပြန်လာတဲ့ကလေးတွေအပျော်လျက်တဲ့အဆင့်ထက် မပိုပါဘူးလေ။






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar