Breaking News

မောင်မောင်မြင့် - ရှားပါးတဲ့ စစ်သားအိုကြီးတဦးကို ဆုံးရှုံးခြင်း



Photo- Credit
ရှားပါးတဲ့ စစ်သားအိုကြီးတဦးကို ဆုံးရှုံးခြင်း
မောင်မောင်မြင့်
(မိုးမခ) မေ ၂၊ ၂၀၂၄

အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ  ကွယ်လွန်သွားခဲ့ပါပြီ။

ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်းမှာ ဆယ်တန်းအောင်ခဲ့တဲ့ အသက် ၁၆ နှစ်သားအရွယ် မောင်တင်ဦးဟာ ဂျပန်ခေတ် ဗမာ့ကာ ကွယ်ရေးတပ်မတော် (BDA) မှာ သာမန်တပ်သားအဖြစ် စစ်မှုထမ်းဘဝကို စတင်ခဲ့ပါတယ်။ ဒီနောက် အသက် ၁၇ နှစ် အရွယ်မှာ ဗိုလ်သင်တန်း တက်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ဗိုလ်မှူးဗထူးရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ်မှာ ပြန်တမ်းဝင် စစ် ဗိုလ်တယောက် ဖြစ်လာပါတယ်။ ဒါတင်မက လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ နယ်မြေပေါ်ကို ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူစစ်တပ်ကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒီနောက် စစ်ဖက်ဆိုင်ရာ ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိခဲ့ပြီး၊ ဆိုရှယ်လစ်အစိုးရလက်ထက် ၁၉၇၄ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

သူ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ အဲဒီနှစ်ဒီဇင်ဘာလမှာပဲ ဦးသန့်အရေးတော်ပုံကြီး ပေါ် ပေါက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးကို ပြည်သူ့ဖက်တော်သား စစ်သားတဦးအဖြစ်ရှုမြင်ခဲ့ကြတဲ့ တချို့သောကျောင်းသားတွေက  အဆိုတော်တင်တင်မြ သီဆိုခဲ့တဲ့ "ချစ်သူတို့လျှောက်သောလမ်း" သီချင်းရဲ့ အစပိုင်း စာပိုဒ်ဖြစ်တဲ့  "ချစ်ဦးရေ၊ သောကဟူသမျှ အတူတကွ၊ မျှခံစားဝေ" ကို "တင်ဦးရေ၊ သောကဟူသမျှ အတူတကွ၊ မျှခံစားဝေ" လို့ ပြောင်းလဲပြီး သီဆိုခဲ့ကြပါတယ်။ 

ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်သူလူထုရဲ့ နှုတ်ဖျားမှာ ဗိုလ်ချုပ်ကြီးတင်ဦး ရေပန်း စားလာတဲ့ကိစ္စကို စစ်အာဏာရှင်တဖြစ်လဲ သမ္မတဦးနေဝင်းက မနှစ်မျိုခဲ့ပါဘူး။ ဒါပေမဲ့ ဦးသန့်အရေးတော်ပုံကို စစ်တပ်က သွေးမြေကျအောင် နှိမ်နင်းခဲ့လို့ တက္ကသိုလ်ကျောင်းသား အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတာကြောင့် ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဒီဖြစ်ရပ်မှာ တာဝန်ရှိသူတဦး ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ဒီဖြစ်ရပ်ရဲ့ အဓိကတာဝန်ရှိသူ သို့မဟုတ် ကနဦးအမိန့်ပေးသူဟာ အာဏာရှင်ဦးနေဝင်းသာဖြစ်တယ်လို့ လူထုက ယုံကြည်ခဲ့ကြတဲ့အတွက် ဗိုလ်ချုပ်ကြီးတင်ဦး အပေါ်မှာထားခဲ့ သူတို့ရဲ့ မေတ္တာဟာ သိသိသာသာ လျော့မသွားခဲ့ပါဘူး။

ဒါကို သိတဲ့ ဦးနေဝင်းဟာ ၁၉၇၆ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်ကြီးတင်ဦးကို မတရားအမှုဆင်ပြီး ပြစ်မှုနဲ့ အငြိမ်းစားပေးခဲ့ပါတယ်။ ဒီနောက် ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ အငယ်တန်းအရာရှိတချို့က ဦးနေဝင်းကိုလုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် ၁၉၇၇ ခုနှစ်မှာတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်ဦးကိုပါ သတင်းထိန်ချန်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ထောင်ကလွတ်လာတဲ့ ဦးတင်ဦးဟာ အထက် တန်းရှေ့နေစာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ သူဟာ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားလာခဲ့ပြီးတဲ့နောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒု-ဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ 

ဦးတင်ဦးဟာ ၂၀၀၃ ခုနှစ်မေလမှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၀၉ ခုနှစ် အထိ အကျယ်ချုပ်ကျခံခဲ့ရပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကကြီး အဖြစ် ကွယ်လွန်ချိန်အထိ ရပ်တည်သွားခဲ့ပါတယ်။

~~~~~~~~~~~~~~

မြန်မာစစ်တပ်ရဲ့ နှစ်ပေါင်း ၇ဝ သက်တမ်းအတွင်းမှာ စစ်ဗိုလ်ချုပ်တွေ ရာနဲ့ချီပြီး ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီအနက် စစ်အရာရှိကြီးတချို့ကသာ ပြည်သူ့ဘက်သားအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြဖူးပါတယ်။ အဲဒီလို စစ်အရာရှိကြီးတွေကြားထဲမှာတောင် သူတို့တာဝန်ယူစဉ်ကာလအတွင်း ပြည်သူလူထုအပေါ် အနိုင်ကျင့်ခဲ့ကြတဲ့ဖြစ်ရပ်တွေအတွက် လူသိရှင်ကြား တာဝန်ယူ၊ ဝန်ခံခဲ့ကြသူတွေ မရှိသလောက် ရှားခဲ့ကြပါတယ်။

ဦးတင်ဦးကတော့ ဦးသန့်အရေးအခင်းကို သွေးမြေကျ နှိမ်နင်းခဲ့ရတဲ့ ဖြစ်စဉ်အတွက် သူ့မှာတာဝန်  ရှိခဲ့ကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် ပြည်သူ လူထုကိုတောင်းပန်ပါကြောင်း (သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ) လူသိရှင်ကြား ထုတ်ဖော်ဝန်ခံသွားခဲ့ဖူးပါတယ်။

ပြည်သူ့ဘက်သားအဖြစ်ရပ်တည်ရဲပြီး၊ မိမိပြုခဲ့ဖူးတဲ့အမှားကို ဝန်ခံရဲခဲ့တဲ့ ဦးတင်ဦးလို ပုဂ္ဂိုလ်ကြီးတယောက် ကွယ်လွန်သွားခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ သားကောင်းတယောက်ကို ဆုံးရှုံးခဲ့ရခြင်း မည်ပါတယ်။ 

ဦးတင်ဦး ကောင်းရာသုဂတိလားပါစေ။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar