Breaking News

ဝင်းတင့်ထွန်း - ကိုစိုးမြင့် (သို့မဟုတ်) အနုပညာနှလုံးသားနဲ့ သံမဏိ စိတ်ဓာတ်ရှင်


Photo- Credit
ကိုစိုးမြင့် (သို့မဟုတ်) အနုပညာနှလုံးသားနဲ့ 
သံမဏိ စိတ်ဓာတ်ရှင်
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၂၊ ၂၀၂၄
 
( ၁ )

        ‘ မြို့ပြ ရဲ့အရိပ်ဟာလဲ… မအေးမြပါလားလေ…’ 

ဒီ ခြေဆင်းလေးနဲ့စလိုက်တဲ့ အဆိုရှင်ရဲ့အသံဟာ ကြည်စင်လှပလွန်းနေပေမဲ့၊ ခံစားချက်အရိပ်တွေက တနင့်တပိုးကြီး တွဲဆက်ကပ်ပါလာနေလို့လားတော့မသိ၊ အဖျားမှာ လှိုင်းခတ်သံလေးတွေက သိသိသာသာ ဝေ့၀ဲနေပါတယ်။

လေယာဉ်ကို ကိုယ်ပိုင်စီးပြီး ခရီးဝေးနှင်နိုင် သုံးနိုင် ဖြုန်းနိုင်သူတွေကနေ- စားစရာလေးတောင် လောက်လောက်ငငမရှိ၊ မစားနိုင် မသောက်နိုင် ဖြစ်သလိုနေထိုင်ကြရတဲ့ လုပ်စားကိုင်စား ပျံကျဆင်းရဲသားနဲ့ အလုပ်သမားတွေအထိ၊ မြို့ပြမှာ လူတန်းစားမျိုးစုံ အဖုံဖုံ ခြားနားကွဲပြားစွာ တည်ရှိနေတာကို မီးမောင်းထိုးပြလိုက်ရင်းက ( မြို့ပြရဲ့အရိပ်ဟာလဲ မအေးမြလိုက်တာ..ကို ဖွင့်ဟလိုက်ရင်းက ) လူထုတိုက်ပွဲတွေ လူထုတိုက်ပွဲတွေ မြို့ပြမှာ တခဲနက်ထွက်ပေါ်လာနေတာကို သီကျူးဖွဲ့သီပြထားတဲ့ သီချင်းတပုဒ်ဖြစ်နေတာ ရင်လှိုင်းခုန်စရာ ကြားလိုက်ရပါတယ်။ သီချင်းရဲ့နာမည်က မြို့ပြနိဒါန်း..တဲ့။

ဒီ သီချင်းကို ပထမဦးဆုံး နားဆင်လိုက်ရတာကလဲ ရန်ကုန်မြို့တော်ကြီးရဲ့နယ်နိမိတ်အတွင်းက အင်းစိန်-ဆင်ခြေဖုံးရပ်ကွက်လေးတခုထဲက အိမ်ငယ်လေးတလုံးထဲမှာဖြစ်နေတာကလဲ သီချင်းနဲ့နေရာဟာ ဟပ်မိနေခဲ့ပါတယ်။ အချိန်ကလဲ ရန်ကုန်မြို့တော်ကြီးပေါ်မှာ ၁၉၇၄ အလုပ်သမားသပိတ်၊ ဦးသန့်အရေးအခင်း၊ ၁၉၇၅ နှစ်လည်အလုပ်သမားသပိတ်၊ ၁၉၇၆ မှိုင်းရာပြည့်-စတဲ့ စတဲ့ အလုပ်သမား၊ ကျောင်းသား၊ လူထုတိုက်ပွဲကြီးတွေ တခုပြီးတခု ပေါ်ထွက်ပြီးစ နွေဦးကာလကြီးရဲ့တနေ့သော နေ့လည်ခင်းအချိန်ကြီးဖြစ်နေခဲ့တာကိုလဲ မှတ်မိနေခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်လား- ၁၉၇၇ ခုနှစ်လား- မကွဲပြားတော့ပေမဲ့၊ နွေဦးကာလကြီးဖြစ်နေခဲ့တာကိုတော့ ရင်ထဲမှာ မှတ်မိနေခဲ့ပါတယ်။

‘ တခဲနက်အော်သံများ…တခဲနက်အော်သံများ.. တခဲနက်အော်သံများက ငါ့အား ညွှန်ပြ ရှေ့ဆောင်နေတယ်..’ ဆိုတဲ့သီချင်းစာသားလေးတွေကို သီကျူးလိုက်ချိန်မှာတော့ အဆိုရှင်ဟာ မျက်လုံးအစုံကိုမှေးစင်းထားရာမှ ဖျတ်ခနဲ ဖွင့်လိုက်ရင်း၊ ပဲ့တင်ထပ်အောင် ဟစ်ကြွေးလိုက်တာကိုလဲ မကြာ ခဏဆိုသလို သတိရနေမှတ်မိနေခဲ့ပါတယ်။ အဆိုရှင်ရဲ့အသံဟာ အေးမြ ကြည်စင်လွန်းလှသလောက် (အသံက ဂရုဏာရိပ်ဆီ နွယ်လွန်းနေတယ်လို့လဲ ခံစားလိုက်ရပေမဲ့ ) တခဲနက်အော်သံများ.. တခဲနက်အော်သံများ..ဆိုတဲ့ စာသားတွေဆီအရောက်မှာတော့ သိသိသာသာစူးရှ နက်ရှိုင်းနေခဲ့ပါတယ်။

အဲဒီအဆိုရှင်ဟာ ‘ကိုစိုးမြင့်’ ဆိုတဲ့တက္ကသိုလ်ကျောင်းသားကြီးတယောက်ပါပဲ။ အသားက ညိုညို၊ မျက်နှာက ခပ်လုံးလုံး၊ တုတ်တုတ်ခိုင်ခိုင် တောင့်တောင့်တင်းတင်း ပုံသဏ္ဍာန်နဲ့ သူ့ရဲ့အေးမြတဲ့အသံဟာ အတော်လေးကို ကွာခြားနေသယောင် ဖြစ်နေပါတယ်။ အဲဒီတုန်းက သူဟာ အသက် (၂၃- ၂၄ နှစ်) ဝန်းကျင်မျှပဲ ရှိဦးမှာဖြစ်သလို၊ ကျွန်တော်နဲ့ မတိမ်းမယိမ်းအရွယ် လို့ပဲ ဖျတ်ခနဲ ခန့်မှန်းမိလိုက်ပါတယ်။ သူက စည်းနဲ့ဝါးကိုကိုင်ထားရင်းက ခံစားချက်ပါပါနဲ့သီဆိုပြခဲ့တာဖြစ်သလို၊ အိမ်လေးပေါ်မှာ သူ့အနားမှာ သူ့ထက် အသက်ကြီးကြီးတယောက်က မယ်ဒိုလင်ကိုကိုင်ကာ လက် သံရွရွနဲ့ အလိုက်သင့်တီးခတ်ပေးနေခဲ့ပါတယ်။ အဲဒီမယ်ဒလင်ရှင်ကတော့ 'ကိုလှမြင့်' တဲ့။ ကိုလှမြင့်ဟာ အဲဒီတုန်းက မူလတန်းကျောင်းဆရာလေးပါ။ ကိုစိုးမြင့်နဲ့ ညီအစ်ကိုတော်တယ်လို့ပဲ အကြမ်းဖျင်း သိလိုက်ရပေမဲ့၊ အရင်းလား ဝမ်းကွဲလား သိပ်မကွဲပြားခဲ့ပါ။ ကိုလှမြင့်ကလဲ ဂီတကျွမ်းကျင်သူတဦးဖြစ်နေတာ သူ့လက်သံကနေ ဖော်ပြနေပါတယ်။ ( အဲဒီ ကိုလှမြင့်ဟာ နောင်တော့ ပန်ဆန်းမှာ ‘ကိုရန်လင်း’ ဖြစ်သွားခဲ့ပါတယ်။) အဲဒီနေ့က တော့ ...သီချင်းဆိုပြသူဟာ ကိုစိုးမြင့်၊ မယ်ဒလင်တီးပေးသူဟာ ကိုလှမြင့် ဖြစ်ခဲ့ပြီး၊ သူတို့နှစ်ယောက်အနားမှာ ခြောက်လုံးပတ်လေးနဲ့ လိုအပ်သလို သံစဉ်ဖြည့်ပေးနေသူတဦးလဲ ရှိခဲ့ပေမဲ့၊ သူ့နာမည်ကိုတော့ စဉ်းစားလို့ကို မရတော့ပါ။ ရင်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်နေခဲ့ရတာကတော့ ...ကိုစိုးမြင့် သီဆိုပြခဲ့တဲ့ ‘မြို့ပြနိဒါန်း’ ဟာ နိုင်ငံရေးစံ နဲ့ အနုပညာစံ အချိူးညီညီ ပေါင်းစပ်ထားနိုင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တယ်ဆိုတာနဲ့ကိုစိုးမြင့်ရဲ့ ကြည်လင်သန့်စင်လှတဲ့ အသံအေးအေးလေးပဲ ဖြစ်ပါတယ်။

အဲဒီနေ့က အဲဒီအိမ်လေးဆီကို ကျွန်တော်နဲ့ ကိုနိုင်ဝင်း (စာရေးဆရာနိုင်ဝင်းဆွေ) ကို တခုတ်တရ ချိန်းဆို ခေါ်ဆောင်သွားခဲ့သူနှစ်ဦးကတော့.. ကိုကျော်စိန် နဲ့ ကိုမြစံ ပါ။ သူတို့နှစ်ယောက်ဟာလဲ ကျွန်တော်တို့နဲ့ရင်းနှီးနေကြပြီး၊ ကိုစိုးမြင့်တို့နဲ့လဲ လူရင်းတွေလို ဖြစ်နေကြလေရာ၊ အထူးသဖြင့်.. အောင်မြင်တဲ့စာရေးဆရာတဦးလဲဖြစ် အနုပညာရှင်တဦးလဲဖြစ်တဲ့ ကိုနိုင်ဝင်း( နိုင်ဝင်းဆွေ)ကို အဲဒီက ဂီတသမား အနုပညာသမားနှစ်ဦးဖြစ်တဲ့ ကိုစိုးမြင့် ကိုလှမြင့်တို့တွေနဲ့ တွေ့ဆုံပေးချင် မိတ်ဆက်ပေးချင်လို့ တခုတ်တရစီစဉ်ဖန်တီးပေးခဲ့ကြတာဖြစ်ပါတယ်။ သာမန်မိတ်ဆက်ပေးရုံမက၊ အဲဒီအနုပညာသမားနှစ်ယောက်ရဲ့ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင် သီ ချင်းလက်ရာလေးတွေကိုပါ နားဆင်ခံစားကြည့်ပြီး၊ အကဲဖြတ်သံဝေဖန်သံကိုပါ ကြားချင်ကြတဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်က အင်းစိန် ဖော့ကန်ဘက်မှာပဲ ကိုနိုင်ဝင်း(နိုင်ဝင်းဆွေ)နဲ့အတူ တအိမ်တည်း အတူနေဖြစ်တာကြောင့် ကိုနိုင်ဝင်းနဲ့အတူ တနွယ်ငင် တစင်ပါ ပါသွားခဲ့ရတာဖြစ်ပါတယ်။
အဲဒီတုန်းက အဲသလိုအားဖြင့် ... ကိုစိုးမြင့်ကို ပထမဆုံးအကြိမ် မှတ်မှတ်ထင်ထင် တွေ့ဆုံခဲ့ရဖူးတာဖြစ်ပြီး သူ့ရဲ့အသံ၊ သူ့ရဲ့သဏ္ဍာန်၊ သူ့ရဲ့ ‘မြို့ပြနိဒါန်း’ သီချင်းနဲ့လဲ ပထမဆုံးအကြိမ်အဖြစ်-စတင်ရင်းနှီးခဲ့ရတာဖြစ်ပါတယ်။

( ၂ ) 

နောက် လေးငါးနှစ်ကျော်လောက်အကြာမှာတော့ ကြံကြံဖန်ဖန် မထင် မှတ်ပဲ ပြန်တွေ့လိုက်ရတာဟာ အင်းစိန် နရသိန်ထဲမှာ ဖြစ်နေခဲ့ပါတယ်။ ထောင်ရဲ့ထောင်-လို့ဆိုရမယ့် ‘၅-တိုက်’ ထဲမှာ ဖြစ်နေခဲ့ပါတယ်။

၁၉၈၂ ရဲ့ နွေဦးကာလကြီးထဲမှာ ထောင်ထဲမှာ ကျွန်တော် ပထမဆုံး စရောက်ရနေရတဲ့အခန်းက ‘၅-တိုက်’ အခန်း(၁၀)မှာပါ။ တယောက်တည်းပဲ နေရပါတယ်။ အဲဒီတုန်းက ကိုစိုးမြင့်တို့တွေဟာ အမှုတွဲတူ (၄)ဦးလုံးတခန်းတည်းနေကြရကာ၊ သူတို့အမှုက ရုံးတင်နေပြီဖြစ်တာကြောင့် ရမန်ကြီး ရမန်လေး အပတ်စဉ်လိုလိုရုံးထွက်နေရပြီဖြစ်ပါတယ်။ သူတို့ (၄) ဦးကတော့ ကိုစိုးမြင့်၊ ကိုကျော်ဝင်း (ယခု-စာရေးဆရာကျော်ဝင်း)နဲ့ ကိုစန်းနောင်-ကိုစန်းအောင်အမွှာညီနောင်တို့ဖြစ်ပါတယ်။ သူတို့ကို ၁၉၈၁ ခုနှစ်ထဲမှာ တောထဲကနေဖမ်းမိလာသူတွေအဖြစ် ပုဒ်မ(၁၇/၁) ( ၁၇/၂) တွေနဲ့ရုံးထုတ်နေပြီဖြစ်ရာ ရုံးထွက်နေ့တွေမှာတော့ ထောင်ဝင်စာပါဆယ်ထုပ်လေးတွေပါ ရနေခဲ့ကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့တွေကတော့ စစ်ကြောရေးတောင်မပြတ်သေးဘဲ၊ ဘာထောင်ဝင်စာမှလဲ မရသေးတဲ့ကာလကြီးဖြစ်ပါတယ်။ ၅  တိုက်ထဲမှာ ပထမဆုံး အဲသလိုဆုံရစဉ်ကာလက ‘ဂံဖလားညီ လာခံချိန်’ တွေမှာ နှစ်ခါသုံးခါလောက် ဖျတ်ခနဲ ဖျတ်ခနဲမြင်လိုက်ရပေမဲ့၊ တခါက လွန်ခဲ့တဲ့ (၅) နှစ်ကျော်က အင်းစိန်ဆင်ခြေဖုံးရပ်ကွက်လေးထဲက အိမ်လေးတလုံးထဲမှာ တေးသီပြခဲ့ဖူးတဲ့ ‘တေးသံ ရှင်’ မှန်း တိတိကျကျမသိရသေးပါ။ ချက်ချင်းဆိုသလို မှတ်မိလိုက်ခြင်းလဲ မရှိပါ။ အရင်က တခါတည်းမျှသာတွေ့ခဲ့ရဖူးသူဖြစ်သလို၊ အခု တိုက်ထဲမှာကလဲ ဖျတ်ခနဲ့မျှသာ၊ မလှမ်းမကမ်းလောက်ကသာ မြင်လိုက်ရတဲ့အနေအထားဖြစ်တာကြောင့် ရုတ်တရက်မမှတ်မိလိုက်ဘဲ ဝိုးတဝါးဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ တပတ်လောက်အကြာမှာတော့ ထုံးစံအတိုင်း ဝါဒါတွေလစ်တဲ့အချိန် တညဦးသော ညဦးယံဂီတဆည်းဆာချိန်မှာတော့ သူတို့ အခန်းဘက်ဆီကနေ ဖြေဖျော်ပြလာတဲ့ ‘ မြို့ပြရဲ့အရိပ်ဟာလဲ မအေးမြပါလားလေ…’ ဆိုတဲ့ ခြေဆင်းသံလေးလဲ ကြည်ကြည်မြမြနဲ့ဖြည်း ဖြည်း ညင်းညင်း စတင်ထွက်ပေါ်လာပါလေရော သူမှန်း.. သူမှန်း..(ဟိုတုန်းက ကျွန်တော် တခါတွေ့ခဲ့ရဖူးတဲ့ကိုစိုးမြင့်နဲ့အခုကိုစိုးမြင့်ဟာ အတူတူတဦးတည်းပဲဖြစ်မှန်း) ကျွန်တော် ရင်လှိုင်းခုန်စွာနဲ့ကောင်းစွာ ပြန်လည်သိရှိလိုက်ရပါတော့တယ်။ အသံကြောင့် ပြန်လည်သတိရလာ ကောင်းစွာမှတ်မိလာရတယ်လို့တောင် ဆိုချင်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အခန်းချင်းက အနည်းငယ်လှမ်းနေတာကြောင့် ဘာမှပြန်လည်မေးမြန်းကြည့်ခြင်း၊ ဖြည်ဖြန့်ပြောဆိုစကားစပ်နေခြင်းမလုပ်တော့ဘဲ၊ အသာလေးပဲ ကုပ်နေလိုက်ရပါတယ်။ ဒါပေမဲ့ ဒီကြားထဲကပဲ ဘယ်တော့မှ မမေ့နိုင်စရာ အဖြစ် အပျက်လေးတခု ပေါ်ပေါက်လာတာကိုတော့ ရင်ထဲမှာ ထပ်မံကမ္ဖည်းထိုးထားမိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူတို့အမှုတွဲ(၄)ဦး ထုံးစံအတိုင်း တရားရုံးထွက်ပြီးအပြန်-နောက်တနေ့မှာပဲ၊ သူကိုယ်တိုင် (ကိုစိုးမြင့်ကိုယ်တိုင်) ကြိုးကြိုးစားစားပေးလာတဲ့ ‘စားစရာအထုပ်ငယ်လေးတခု’ ကို တိုက်ထဲမှာ ပထမဦးဆုံးအဖြစ် လက်ခံရရှိ စားသောက်လိုက်ရခြင်းပါပဲ။

ဘယ်လိုရရှိစားသောက်ခဲ့ရသလဲ ဆိုတာကလဲ တကယ်ကို မမေ့စရာပါပဲ။

သူတို့တရားရုံးထွက်ရတဲ့ အဲဒီနေ့ရဲ့ ညပိုင်းဂီတဆည်းဆာချိန်အပြီးလောက်မှာပဲ ကိုစိုးမြင့်က.. “ ကဗျာဆရာရေ…မနက်ဖန်ဂံဖလားချမှာ သတိထားပြီး မတ်တပ်ရပ်ပြနော်..” လို့ကြိုတင်အချိန်း အချက်လုပ်ထားတဲ့အတွက် နောက်နေ့မနက်စောစော ဂံဖလားချချိန်မှာ ‘ဘာကိစ္စများပါလိမ့်..’ ဆိုတဲ့အတွေးနဲ့အတူ ကျွန်တော်က သတိဝိရိယနဲ့ (ဝါဒါတွေနဲ့လဲ ပက်ပင်းမတိုးရအောင် ချိန်ဆပြီး) အသင့်စောင့်နေမိပါတယ်။ အဲဒီလိုအချိန်မှာ သူတို့အခန်းဂံဖလားချဖွင့်တဲ့အချိန်မှာ ပုဆိုးကို တိုတိုဝတ်ထားတဲ့ ကိုစိုးမြင့်ဟာ ကျန်းမာရေးအတွက် ခြေထောက်လေ့ကျင့်ခန်းလုပ်သလိုလိုပုံစံနဲ့ ခပ်ဖွဖွပြေးလာရင်း၊ ကျွန်တော့်အခန်းနားဆီအရောက် လှစ်ခနဲလှမ်းကြည့်လေရာ၊ ကျွန်တော်ကလဲ ‘အသင့်ပဲ’ ဆိုတဲ့သဘောနဲ့ ဆတ်ခနဲ မတ်တပ်ရပ်ပြလိုက်လေတော့ သူက သူ့ခါးပိုက်ဆောင်ထဲက အထုပ်သေးသေးလေးတထုပ်ကို ဂံဖလားချစောင့် တာဝန်ကျဝါဒါရဲ့အလစ်မှာ ကျွန်တော့်အခန်းလေးထဲဆီရောက်အောင် သေချာချိန်ပြီး ဖျတ်ခနဲ ပစ်သွင်းပေးလိုက်ပါလေတယ်။ ကျွန်တော်ကလဲ အောင်အောင်မြင်မြင် သပ်သပ်ယပ်ယပ်နဲ့ အဲဒီအထုပ်လေးကို ဖမ်းယူရရှိလိုက်ပါတယ်။ 

ကျွန်တော်လဲ အဲဒီအထုပ်လေးကို ဘာထုပ်လဲဆိုတာ မစစ်ဆေးနိုင်သေးဘဲ၊ ပုဆိုးခါးပိုက်ဆောင်ထဲ ကျစ်ကျစ်ပါအောင် ထည့်ဝှက်ထားလိုက်ရပြီး၊ ကျွန်တော့်အခန်းအပါအဝင် အခန်းတွေအားလုံး ဂံဖလားချချိန်ပြီးတဲ့နောက်မှ ကိုယ့်အခန်းလေးရဲ့ထောင့်ကွယ်နားမှာ သေသေချာချာထုတ်ကြည့်လိုက်မိတော့ အထုပ်လေးက ပလတ်စတစ်အိတ်အိတ်လေးနဲ့နှစ်ပြန်နှစ်ခါတောင်ထပ်ပြီး ကျစ်ကျစ်ပါအောင်ထုပ်ထားတဲ့ စားစရာထုပ်လေးဖြစ်နေပါတယ်။ တဖြည်းဖြည်းချင်း ဂရုတစိုက်ဖွင့်ကြည့်လိုက်မိတော့ ကြက်ဥပြုတ်လေးက တလုံးနဲ့အိမ်ကြော်ပုစွန်ငံပိကြော်လေးက သုံးဇွန်းစာလောက်ဖြစ်ရာ၊ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း ပြောမပြနိုင်လောက်အောင်ပါပဲ။ ဝက်တောင် စားမှာမဟုတ်တဲ့ လုံးတီးထမင်း-ပုံစံဟင်းနဲ့ပဲ၊ လနဲ့ချီ လွေးနေခဲ့ရရာမှ ထောင်ထဲတိုက်ထဲမှာ ပထမဆုံးအကြိမ်စားလိုက်ရတဲ့ လူဟင်း အိမ်ချက်ဟင်းလေးဖြစ်လေရာ တကယ့်ကိုနတ်သုဒ္ဒါ တမျှပါပဲ။ ဘယ်တော့မှ မမေ့နိုင်ဖွယ်အမှတ်ရစရာပါပဲ။ သူတို့က ကြက်ဥပြုတ်လေးတလုံးနဲ့ ငံပိကြော်လေးသုံးဇွန်းစာခန့်ပဲ ပေးလိုက်တာကလဲ အကြောင်းရှိပါတယ်။ ပေးရတာကလဲ ဝါဒါအလစ်အငိုက်မှာ လျှပ်တပြက်ပစ်ပေးခိုးပေးရတာဖြစ်တဲ့အပြင်၊ တရက်စာ ညမနက်စာလောက်ပဲ မှန်းပြီး ခွဲပြီးပေးလိုက်တဲ့သဘောလို့လဲ ဖျတ်ခနဲ သဘောပေါက်လိုက်မိပါတယ်။

ဘာလို့လဲဆိုတော့ အဲဒီတုန်းက ‘၅-တိုက်’ ထဲမှာ ဘုန်းကြီးဦးပဏ္ဍိတအခန်းနဲ့ ကိုစိုးမြင့်၊ ကိုကျော်ဝင်းတို့တွေရဲ့အခန်းက လွဲရင်၊ အားလုံးလိုလိုဟာ ရုံးမထွက်ရသေး၊ ထောင်ဝင်စာမရှိသေးတဲ့အချိန်မျိုးဖြစ်လေရာ၊ နေ့ဖို့ညစာ လေးငါးရက်စာ စားစရာတွေ ရှိနေမယ်ဆိုရင်၊ အခန်းကျဉ်းလေးထဲမှာ ဘယ်လိုသိုထားဝှက်ထား သိမ်းဆည်းထားမလဲ။ မနက်စောစောဂံဖလားချချိန်က တခန်းတခန်း ဆယ့်လေးငါးမိနစ်စာလောက်ပဲ အချိန်ပေးပြီးထုတ်ပေးရာမှာ၊ အဲဒီအချိန်တိုလေးအတွင်းမှာတောင် အကုသိုလ်အယုတ်တမာ ကိုဝါဒါတချို့က အခန်းလေးထဲ ရှောင်တခင် ဝင်ရှာဖွေတာ၊ တလာစီတာ လုပ်ချင်လုပ်လေ့ရှိတဲ့ကာလမဟုတ်လား။ အဲသလို ရှောင် တခင်ဝင်တလာစီရာမှာ တနပ်စာပဲဖြစ်ဖြစ်၊ တရက်နှစ်ရက်စာ လူဟင်း (ချက်ဟင်း)စားစရာလေးတွေများ တွေ့သွားမိလို့ကတော့ မီးခိုးကြွက်လျှောက် ပြဿနာထပ်ပြီးအရှာခံရနိုင်တယ်မဟုတ်လား။ ‘ဒါ… ဘယ်ကရသလဲ ’‘ဘယ်သူက ပေးသလဲ’ ‘ ဘယ်လိုနည်းနဲ့ပေးသလဲ ’ စသဖြင့် စသဖြင့် အရစ်ရှည်ဖွယ် စစ်ဆေးတာ အရေးယူတာတွေလဲ တသီတတန်းကြီး ခံရနိုင်ဖွယ်ရှိတယ်မဟုတ်လား။ ကိုယ်တိုင်က ပါဆယ်ရနေပြီ- ရုံးထွက်နေရပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိ။ ပြဿနာလုပ်စရာ အကွက်မဝင်။ ဒါကြောင့် တဖက်က များများပေးချင်ရင်တောင်၊ ပေးနိုင်တယ်ဆိုရင်တောင် တနပ်စာနှစ်နပ်စာလောက်ထက် များများပေးလို့မရနိုင်တဲ့အခြေအနေဆိုတာ ချက်ချင်းသဘောပေါက်လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကတော့ မနက်စာရော ညစာပါ (ကိုစိုးမြင့် တကူးတက ကြိုးစားပစ်ပေးလာတဲ့ လူဟင်း အိမ်ဟင်း ချက်ဟင်းလေးနဲ့)စားလိုက်ရတဲ့အတွက် ဘဝမှာ မမေ့နိုင်တဲ့ ထမင်းနှစ်နပ်လို့တောင် မှတ်တမ်းတင်လိုက်ချင်ပါတယ်။ ငတ်နေပြတ်နေတာကလဲကြာပြီဖြစ်တဲ့အတွက် တကယ်ကို နတ်သုဒ္ဒါတမျှပါပဲ။ လုံးတီးထမင်းနီတာလန် အောက်သိုးသိုးနဲ့တွဲဖက်စားသောက်ရတာတောင် ပုံစံထမင်းပန်းကန်ပြား အပြည့်အမောက်ဟာ လျှောကနဲ ကုန်သွားခဲ့ပါတယ်။ တကယ်ကိုအမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။

နောက်တော့ တိုက်တွေ ရွှေ့ပြောင်းရပြန်ရာမှာ စစ်ကြောရေးမကုန်သေးတဲ့ ကျွန်တော်က ‘၂ တိုက် (ကြိုးတိုက်)’ ရောက်သွား၊ အဲဒီကနောက် ထောက်လှမ်းရေးရဲ့အငြိုးအတေးနဲ့နာမည်ကျော် ‘ ၆ တိုက်’ က လောက်တဖွားဖွားနဲ့ ချေးခန်းသေးခန်း၊ အခန်းနံပါတ် (၆)ထဲ ရောက်သွားရပြီး၊ ကိုစိုးမြင့်ရဲ့ ‘မြို့ပြနိဒါန်း’ သီချင်းသံလေးနဲ့ ဝေးရပြန်ပါတယ်။ ဒါပေမဲ့ KNU က ‘တူးပီ’ ‘ ရစ်ချတ်’ တို့ရဲ့ “မြန်မာ့အသံအဆောက်အဦကြီး လက်နက်ကြီးနဲ့လှမ်းထုတဲ့ကိစ္စ” ရုတ်တရက်ပေါ်အလာမှာ၊ ဖမ်းမိထားတဲ့ သူတို့ထဲက တဦးဦးကို (ဘယ်သူ့ကိုလဲတော့မသိ ) ထောင်ထဲက တိုက်ထဲက အဆိုးဆုံးသော ‘လောက်ခန်း’ မှာ ထားပြချင်တဲ့အတွက်၊ ကျွန်တော့်ကို ညတွင်းချင်း ‘တိုက်သစ်’ ထဲဆီ ရွှေ့ပြောင်းပစ်လိုက်ရာ၊ ကျွန်တော့်မှာ အဲဒီတိုက်သစ် (အထူးတိုက်) ထဲဆီ လနဲ့ချီ ပြီးရောက်သွားရပြန်ပါတယ်။ စိုင်ကော်လို့ချုံပေါ်ရောက်သွားရတာဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒုတိယမြောက်အကျော့အဖြစ် ‘၅ တိုက်’ ထဲဆီပြန်ရောက်လာရပြန်ရာ၊ ဒီ ဒုတိယအကျော့မှာက ကျွန်တော်ဟာ ကိုစိုးမြင့်တို့တွေနဲ့ တတိုက်တည်း ပြန်ဖြစ်ရရုံမက၊ အခန်းချင်းကပ်ပါ ဖြစ်သွားရပါလေတယ်။ ကျွန်တော်က ကိုအောင်သန်းမြင့် (ယခု-က လ လ တ)နဲ့ အခန်းနံပတ် (၁) မှာ။ ကိုစိုးမြင့်၊ ကိုကျော်ဝင်း(စာရေးဆရာကျော်ဝင်း)၊ ကိုစန်းနောင်၊ ကိုစန်းအောင်တို့ (၄) ယောက်သားက အခန်းနံပတ်(၂) မှာ။ အဲဒီတော့မှ ကျွန် တော်ဟာ ကိုစိုးမြင့်ရဲ့ မြို့ပြနိဒါန်းကို မကြာခဏ တကျော့ပြန် တကျော့ပြန် အကြိမ်ကြိမ်ပြန်လည်နားဆင်ခွင့် ရခဲ့ရုံမက၊ ထွေရာလေးပါး အလ္လာပ သလ္လာပတွေပါ ပြောဆိုခွင့် ကာလကြာကြာ ရခဲ့ပါတယ်။ အဲဒီတော့မှ ကိုစိုးမြင့်ဟာ သူတို့(၄)ဦးအမှုတွဲမှာ ခေါင်သူကြီးဖြစ်နေပြီး ( စိုးမြင့်ပါ လေးဦးအမှုဖြစ်နေပြီး) သူက ပုဒ်မ၁၇/၁၊ ၁၇/၂  သာမက ပုဒ်မ ၁၂၄ ပါ တပ်ထားခြင်းခံရသူဖြစ်နေမှန်း ကျွန်တော် သိလိုက်ရပါတယ်။ ကျွန်တော်က ...
   “ ခင်ဗျားတို့အမှုတွဲမှာ ခင်ဗျားက ဘာလို့ နောက်ဆက်တွဲအပိုဆု ပုဒ်မတခုပါ ထပ်ပါနေတာတုန်းဗျ” လို့စူးစမ်းကြည့်လိုက်မိတော့ သူက ... “ အေးဗျာ.. တဖွဲ့တည်း အတူတူအဖမ်းခံရတာခြင်းမှာ ကျွန်တော်က ထောင် ပိုကျမယ့်သဘောပေါ့ဗျာ၊ နောက်ထပ်အပိုဆုပုဒ်မတခု ထပ်ပါလာရတာက ဒီလိုဗျ။ အဖမ်းခံလိုက်ရချိန်မှာ ကျွန်တော့်ကျောပိုးအိတ်ထဲမှာ ကျွန်တော်တို့အလယ်ပိုင်းဗျူရိုက ဗိုလ်ခင်ညို ရဲ့ဆောင်းပါးတပုဒ် ပါလာခဲ့တာကြောင့်ဗျို့။ ကျွန်တော်တို့က ပါတီဗဟိုကိုတက်မှာဆိုတော့... ဗိုလ်ခင်ညိုက ပြည်သူ့အသံအတွက်အသံ လွှင့်ဆောင်းပါးရေးထားတာ လူကြုံပါးလိုက်တဲ့အတွက် ကျွန်တော်က ကျောပိုးအိတ်ထဲထည့်ပြီး သယ်လာခဲ့တဲ့အတွက် ပုဒ်မတခု တိုးသွားခဲ့ရတာဗျ၊ ပုဒ်မတခု၊ အပိုဆုနဲ့ ထောင်ပိုကျမှာတော့ သေချာနေပြီဗျ ” လို့လေအေးအေးလေးနဲ့ဖြေဆိုရင်း၊ သူ့ဟာသူ တဟဲဟဲနဲ့ရယ်ပါတယ်။ သူ့ရဲ့ရယ်သံသဲ့သဲ့လေးကိုပါ ကျွန်တော်အခန်းဖက်ကနေ ပီပီသသကြားလိုက်ရပါတယ်။ သူဟာ သွေးအေးအေးနဲ့တည်တည်ငြိမ်ငြိမ် အဲသလိုဟာသစွက်ပြီး ရယ် မောနေနိုင်ခဲ့ပေမဲ့ ကျွန်တော်ကတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ပင့်သက်ကိုသာ ဖွဖွလေးချလိုက်မိပါတယ်။ သူဟာ ကိုစိုးမြင့်ဟာ ဒီတခါ ထောင်ထဲရောက်လာရပြန်တာက ဒုတိယအကြိမ်မြောက်။

သူဟာ ၁၉၇၈ ခုနှစ်ထဲတုန်းကလဲ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပဲ တိမွေးကုတက္ကသိုလ်ကျောင်းသားဘဝမှာပဲ ထောင်ထဲ ပထမဆုံးအကြိမ်အဖြစ်ရောက်ခဲ့ရဖူးကာ ၁၉၈၀ပြည့်နှစ်မှာ ၂/၈၀ ဆိုတဲ့လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ထွက်လာတဲ့အတွက်သာ ထောင်ထဲ (၂) နှစ်လောက်ပဲနေခဲ့ရပြီး လွတ်လာခဲ့သူဖြစ်ပါတယ်။ ပိုင်းဖြတ်ချက် ခိုင်ခိုင်မာမာစိုက်ထူထားပြီးဖြစ်တဲ့ သူဟာ လွတ်ပြီးပြီးချင်းလောက်မှာပဲ၊ လက်နက်ကိုင်တော်လှန်ရေးဆင်နွဲဖို့ တောထဲအထိ ဆင်းလာခဲ့ရင်း၊၊ အလယ်ပိုင်းဗျူရိုကိုရောက် ရှိခဲ့ပြီး၊ အဲဒီကမှ ပန်ဆန်းဗဟိုကိုအတက်မှာ လမ်းခုလတ်မှာ အစိုးရစစ်ကြောင်းနဲ့တိုးမိပြီး အဖမ်း အဆီးခံလိုက်ရခြင်းဖြစ်ပါတယ်။ ဒီတော့ ၁၉၈၁ ခုနှစ် ဒီတခေါက်ဟာ သူ့အတွက် အင်းစိန်ထောင်သို့ ဒုတိယအကြိမ်မြောက် တကျော့ပြန်ရောက်ရှိလာရခြင်း လို့ပဲဆိုရမှာပါ။ ဒီတခေါက်ကတော့ ၁၇/၁ ၊ ၁၇/၂ အပြင်၊ အပိုဆုပုဒ်မကလဲ ပါပြန်လေတော့ ၁၉၇၈ ခုနှစ်အခေါက်ကလို မြန်မြန်ဆန်ဆန် နှစ်တိုတိုနဲ့လွတ်မြောက်နိုင်ဖို့ကတော့ မလွယ်ပါလို့ပဲ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ သူကတော့ အပြုံးမပျက်ပါ။ ညနေ ဂီတဆည်းဆာချိန်တိုင်း သူ့ရဲ့ကြည်လင်အေးမြလှတဲ့ ပင်ကိုသံလှလှလေးနဲ့
တေးသီချင်းတွေကို တပုဒ်ပြီးတပုဒ် မထပ်ရအောင် သီဆိုဖြေဖျော်ပြနေခဲ့ပါတယ်။ သူက အသံသာ ကောင်းတာမဟုတ်၊ အဆိုကလဲ ပိုင်လှလေရာ၊ တိုက်ထဲမှာ မကြာခဏ ပွဲအတောင်းခံရဆုံး၊ အသိ အမှတ်ပြု အခံရဆုံးသူပါ။ တကယ်က သူဟာ ဂီတအနုပညာနဲ့ပတ်သက်ရင် ‘ဝါသနာအဆင့်’ လောက်သာမက၊ professional အဆင့်ရှိသူ၊ ‘ကျွမ်းကျင်အဆင့်’ ရှိသူတယောက်လို့ ဆိုရမှာပါ။

သူက  ကျွန်တော့်ရဲ့ ‘တေးသီချင်လွန်းလို့ပါ’ ဆိုတဲ့ ထောင်တွင်းခံစားချက်ကဗျာလေးကို အခန်းချင်းကပ်တွေအဖြစ်နေကြစဉ်အတွင်းမှာပဲ၊ သံစဉ်သွင်းပြီး သီချင်းအဖြစ် ဖန်တီးဖေါ်ဆောင်ပြခဲ့ပါတယ်။ သူက တကယ်ကို သံစဉ်လဲပိုင်၊ ဂီတနုတ် (music note)လဲ နိုင်လှသူဆိုတော့ ကျွန်တော့်ရဲ့‘ တေးသီချင်လွန်းလို့ပါ ’ ကဗျာလေးဟာ တကယ်ကိုလှပတဲ့ သီချင်းလေးတပုဒ်ဖြစ်လာခဲ့ရတာ လက်တွေ့ပါပဲ။ ကဗျာလေးကနေ (တလုံး တပါဒ တဝါကျမှဖြတ်တောက်ပြင်ဆင်ပစ်ခြင်းမပြုဘဲ) ဖြစ်ပေါ်လာခဲ့တဲ့၊ သူကိုယ်တိုင် သံစဉ်ထည့်သွင်းဖွဲ့စည်းပေးလိုက်တဲ့အဲဒီသီချင်းလေးကို တခုသောဂီတဆည်းဆာချိန်မှာ သူကိုယ်တိုင်အဖွင့်စကားလေးခံပြီး လက်တွေ့သီဆိုဖြေဖျော်ပြလာတဲ့အချိန်မှာ ကျွန်တော့်မှာ ကြက်သီးတဖြန်းဖြန်းထအောင် ဝမ်းသာအံ့ဩခဲ့ရပါတယ်။ ကဗျာပေးလိုက်ပြီး တပတ်မပြည့်ခင်အတွင်းမှာကို သီချင်းလေးအဖြစ် အောင်မြင်စွာထွက်ပေါ်လာခဲ့ရတာပါ။ ရင်လှိုင်း ခုန်စွာ ပီတိသောမနဿဖြစ်ခဲ့ရရင်း သူ့ရဲ့ဂီတစွမ်းအား၊ ဂီတပါရမီအပေါ် လေးလေးနက်နက်အသိ အမှတ်ပြုခဲ့ရပါတယ်။ နောက်ထပ်လဲ သူက ကျွန်တော့်ရဲ့ကဗျာတပုဒ်ဖြစ်တဲ့ ‘ဝိညာဉ်လိပ်ပြာ’ ကို သံစဉ်ထည့်သွင်းပြီး သီချင်းတပုဒ်အဖြစ် ကူးပြောင်းဖန်တီးပေးခဲ့ပါသေးတယ်။ သီချင်းဖြစ်လာတော့ ထုံးစံအတိုင်း သူကိုယ်တိုင်ပဲ ထပ်မံသီဆိုပြခဲ့ပြန်ရာ ကြည်နူးစရာ မမေ့စရာဖြစ်ခဲ့ရပါတယ်။ သူဟာ တေးပြု တေးရေး တေးဆိုဂီတအလုပ်တွေနဲ့ပဲ ဂီတနယ်ပယ်မှာ ဇောက်ချရပ်တည်လှုပ်ရှားသွားမယ်ဆိုရင်၊ တကယ်ကို အောင်မြင်နိုင်မယ့် ထွန်းတောက်တဲ့ ဂီတအနုပညာသမားတယောက် မုချဖြစ်နိုင်တယ်လို့တောင် ယုံကြည်ယူဆမိပါတယ်။
ဒါပေမဲ့  သူက ဂီတအနုပညာသမားတယောက်ဘဝထက် တော်လှန်တဲ့နိုင်ငံရေးသမားတယောက်ဘဝကိုပဲ စွဲစွဲမြဲမြဲ ခံယူကာ၊ သူယုံကြည်တဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်းပဲ တစိုက်မတ်မတ်ခိုင်ခိုင်မာမာ လျှောက်လှမ်းခဲ့သူ ဖြစ်ခဲ့ပါတယ်။ 

( ၃ )

တရားခံအဖြစ် သတ်မှတ်ခံထားရတဲ့ ကျွန်တော်တို့တွေအားလုံး အသီးသီးထောင်ချခံရပြီးတဲ့အခါ၊ အားလုံးနီးပါးဟာ ‘၁-ဆောင်’ မှာပဲ နေရာချထားပေးခြင်းခံရပါတယ်။ အဲဒီတော့မှ အနုပညာမြတ် နိုးတတ်မှု ဓါတ်ခံချင်းတူနေခဲ့တဲ့ ကျွန်တော်နဲ့သူဟာ ‘၁-ဆောင်’ ဝင်းကြီးအတွင်းမှာ နေ့စဉ်လိုလို တွေ့ဆုံရင်းနှီးခွင့် ရရှိလာခဲ့ပါတယ်။ အလုပ်ကြီးဘုတ်လဲ မတူ၊ တခန်းထဲနေတွေလဲ မဟုတ်ရပေမဲ့၊ အလုပ်ကြီးဘုတ်တွေဆီကနေ...အဆောင်ကို ပြန်လာ၊ ‘ညနေစာထမင်းတန်းစီးချိန်’ တွေနဲ့ ‘အိပ် ဆောင်မတက်ရသေးခင်အချိန်’ တွေမှာတော့ အပြန်အလှန်တွေ့ဖြစ်ကြ စကားလက်ဆုံပြောဖြစ်ကြပါတယ်။ အထူးသဖြင့် အလုပ်ကြီးဆင်းဖို့မလိုတဲ့ တရားဝင်ရုံးပိတ် ရက်လိုနေ့တွေမှာတော့ ပိုပြီးကြာရှည်ကြာမျော စကားပြောဖြစ်ကြ ဆုံဆည်းဖြစ်ခဲ့ကြရင်း၊ ပြောမနာဆိုမနာတွေ ဖြစ်လာခဲ့ကြပါတယ်။ 

များသောအားဖြင့် သူရယ် ကျွန်တော်ရယ် ရေကြည်အုန်းမောင်ရယ်ဟာ မကြာခဏ စကားဝိုင်းဖွဲ့ဖြစ်ခဲ့ကြပါတယ်။ ရေကြည်အုန်းမောင်ကဆိုရင် ကိုစိုးမြင့်ဆီက သူကြိုက်တဲ့ထောင်ထဲက သီချင်းလေးတွေကိုနှုတ်တိုက်အလွတ်တက်ထားလေ့ရှိရာ၊ ကျွန်တော့်ရဲ့ကဗျာကနေဖြစ်လာတဲ့ ‘တေးသီချင်လွန်းလို့ပါ’ နဲ့ ‘ဝိညာဉ်လိပ်ပြာ’ ကိုတောင် အရတက်ထားပြီးသားဖြစ်ခဲ့ပါတယ်။ တယောက်အကြောင်းကိုတယောက် ပိုမိုနားလည်သူတွေလဲ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါကလဲ လအနည်း ငယ်လောက်ပဲ ကြာခဲ့ကြပြီး ခွဲခွာကြဖို့ ဖြစ်လာရပြန်ပါတယ်။ ၁၉၈၄ ခုနှစ်ထဲမှာ နိုင်ငံရေးအကျဉ်း သားတွေကို ထောင်တွေခွဲပြီး ဖြန့်ခွဲပစ်လိုက်ရာမှာ ကျွန်တော်က သာယာဝတီထောင်သို့ ပြောင်းပို့ခြင်းခံရပါတယ်။ တညနေခင်းကြီး ထမင်းစားပြီးစအချိန်လောက်မှာပဲ၊ အဘ ထားဝယ်ဦးဘဦး၊ မြင်းခြံ ဦးဖေတင် (ကျွန်းပြန်)၊ ကိုကျော်နိုင် (စာရေးဆရာထက်မြက်)၊ ရခိုင်ကိုစံနု၊ မန္တလေးအောင်မင်း၊ ထွန်းဝင်းနဲ့ ကျွန်တော်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၁၂) ဦးကို ဆိုင်းမဆင့်ဗုံမပါ၊ အဆောင်ရုံးကနေ နာမည်စာရင်းနဲ့ခေါ်ထုတ်လိုက်ပြီး၊ ကိုယ့်အထုပ်လေးတွေ ကိုယ်ယူ၊ တဦးချင်း သံခြေကျင်းတွေခတ်ပေးလိုက်ကာ အဲဒီတညမှာတော့ ‘၅ ဆောင်’ ထဲက လူမနေတဲ့အခန်းတခန်းထဲကို ယာယီနေရာချထားပေးခဲ့ပါတယ်။ နောက်နေ့မနက် မလင်းသေးခင်မှာပဲ၊ အာတီဘီကားပြာကြီး (၂) စင်းပေါ်မှာ (၈) ဦးက ကားတစီး၊ (၄) ဦးက ကားတစီးခွဲတင်ကာ အင်းစိန်ထောင်ကနေ ထွက်ခွာစေခဲ့ရာ၊ ကျွန်တော်အပါ (၈) ဦးက သာယာဝတီထောင်၊ အဘဦးဘဦးအပါ (၄)ဦးက ပြည် ထောင်ဆီ ခွဲပို့ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အဲသလို အလစ်အငိုက် လျှပ်တပြက်လုပ်ဆောင် ပို့ ဆောင်ခြင်းခံလိုက်ရတာကြောင့် ကျန်ဘော်ရဲဘက်တွေကိုတောင် နှုတ်ဆက်ခွင့်မရတော့ပဲ ရုတ် တရက်ခွဲခွာခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကိုစိုးမြင့်ကိုလဲနှုတ်မဆက်ခဲ့ရတဲ့အတွက် စိတ်မကောင်းခံစားခဲ့ရပါတယ်။

( ၄ )

ဒီလိုနဲ့ ခွဲခွာခဲ့ကြရရာမှာ၊ ကိုစိုးမြင့်နဲ့ နောက်ဆုံးပြန်တွေ့ရတာကတော့ ၁၉၈၉ ခုနှစ်ထဲကျမှ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဝရမ်းပြေးတပိုင်းဘဝ နောက်တကျော့ ထပ်ရောက်နေရပြန်ပါပြီ။ ဦးလေး ဦးခင်မောင်မြင့်၊ အစ်ကိုကြီး ကိုလှရွှေ ၊ ကိုအောင်သူ (မြင်းခြံ)တို့နဲ့အတူ၊ ‘ပြည်သူ့တိုး တက်ရေးပါတီ’ မှာ ပူးတွဲလှုပ်ရှားနေခဲ့ကြရာမှ စစ်ထောက်ချုပ်ဗိုလ်ခင်ညွန့်ရဲ့ မာရသွန်သတင်းစာရှင်းလင်းပွဲကြီးတခုအပြီးမှာ၊ ‘ပြည်သူ့တိုးတက်ရေးပါတီ’ လဲ ဗကပရဲ့မြေပေါ်နိုင်ငံရေးပါတီတခုအဖြစ် စွပ်စွဲသမုတ်ခံရအပြီးမှာ၊ ကျွန်တော် ရန်ကုန်ကနေ နယ်တွေဘက်ဆီအထိ လှည့်လည်ရှောင် တိမ်းမှုအစီအစဉ် စတင်ရတော့မယ့်အချိန်လောက်မှာ၊ ၁၉၈၉ ခုနှစ်ရဲ့ သြဂုတ်လမိုးစက်တဖွဲဖွဲတွေကြားထဲမှာ အမှတ်မထင်ပြန်လည်ဆုံတွေ့လိုက်ရခြင်းလို့ပဲ ဆိုရတော့မှာပါ။ အဲဒီနေ့က ကိုစိုးမြင့်နဲ့အတူ ကိုစန်းအောင် ( တရုတ်ကြီးကိုစန်းအောင်)လဲ ပါပါတယ်။ အမြွှာညီအစ်ကိုထဲက ကိုစန်းအောင်နဲ့နာမည်တူ ဒီ တရုတ်ကြီးကိုစန်းအောင်ဟာလဲ ၁၉၈၂ ခုနှစ်က ကျွန်တော်တို့နဲ့အတူ အဖမ်းခံခဲ့ရ ထောင်ချခံခဲ့ရဖူးတဲ့ ‘၅ ည’ ဟောင်းတဦးဖြစ်ရာ၊ ကျွန်တော်တို့သုံးဦးသား ရန်ကုန်ဘူတာကြီး ဂုံးကျော်တံတားရဲ့မျက်စောင်းထိုးလောက်က ဗိုလ်ချုပ်လမ်းမကြီးပေါ်က လက်ဖက်ရည်ဆိုင်လေးတဆိုင်ထဲမိုးခိုရင်း အတူထိုင်ဖြစ်ခဲ့ကြပါတယ်။ ဝမ်းမြောက်ဝမ်းသာ ရှေးဟောင်းနှောင်းဖြစ်တွေကို တိုတိုးတိုးတိုး ပြောဖြစ်ခဲ့ကြရင်းက မျက်မှောက်လက်ရှိအခြေအနေတစိတ်တပိုင်းတွေကိုလဲတိုးတိုးတိတ် တိတ် သုံးသပ်ပြောဆိုဖြစ်ခဲ့ကြပါသေးတယ်။

မိုးတွေတိတ်မှ လမ်းခွဲ ဖြစ်ခဲ့ကြပါတယ်။ အဲဒါဟာ ကိုစိုးမြင့်နဲ့နောက်ဆုံးတွေ့ဆုံလိုက်ရခြင်းဖြစ်သလို၊ ကိုစန်းအောင်နဲ့လဲ နောက်ဆုံးပါပဲ။ ကိုစိုးမြင့်က လူက အနည်းငယ်ပိုဝလာသယောင်ရှိပြီး၊ အသားအရောင်ကလဲ ပို ညိုလာတာ သတိထားမိပါတယ်။ ကိုစန်းအောင်ကတော့ တကယ်လဲတရုတ်သွေးပါသူဆိုတော့ အသားက ဖြူဝင်းနေပါတယ်။ လူကတော့ ပိန်ပိန်ပါးပါးပါပဲ။ အချိန်က နဝတစစ်အစိုးရရဲ့ ‘ကလိန်စေ့ ငြမ်းဆင် ငြိမ်ပိလမ်းစဉ်’ ခေတ်ဖြစ်ပေမဲ့၊ ဘယ်သူမှ ငြိမ်ပိမနေခဲ့ကြဘဲ၊ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးတွေကို တိုးတိုးတိတ်တိတ် ပြောဆိုနှီးနှောခဲ့ကြရင်း၊ နောက်ဆုံးဆုံဆည်းဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ ရန်ကုန်မြို့ တော်ကြီးရဲ့ အလယ်တည့်တည့်ပေါ်မှာ ကျွန်တော်တို့သုံးဦးသားနောက် ဆုံးဆုံဆည်းလိုက်ရခြင်းလို့ပဲကောက်ချက်ဆွဲရ မှတ် ချက်ပြုရတော့မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က နိုင်ငံရေးဝရမ်းပြေးဘဝနဲ့အဲဒီကနေပြည်၊ မန္တလေး၊စစ်ကိုင်း၊ ပုသိမ်ကြီး၊ မတ္တရာ၊ မေမြို့ အတက်... စတဲ့စတဲ့ဘက်တွေဆီ တနှစ်ကျော်ကြာလှည့်ပတ်လှုပ်ရှားသွားလာနေခဲ့ရရာမှ နောက်ဆုံးတော့ နယ်စပ်မျဉ်းကိုပါကျော်ကာ၊ ဂန္ဒာလရာဇ်ခြမ်းဆီအထိရောက်ရှိသွားခဲ့ရသလို၊ ကိုစိုးမြင့်တယောက်လဲ ၁၉၉၁ နှစ်ဆန်းဆန်းချင်းထဲလောက်မှာတော့ တတိယအကြိမ်မြောက်အဖြစ် နရသိန်ထဲ ထပ်မံဝင်ရောက်သွားခဲ့ရပြန်တဲ့အတွက်၊ နောက်ထပ်တဖန် ဘယ်လိုမှ တွေ ဆုံနိုင်ခွင့် မရကြတော့တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ အခါတောင်မလည်တတ်သေးတဲ့ မွေးခါစသမီးငယ်လေးတယောက် ရှိခဲ့တယ်ဆိုတာအပါ အဝင်၊ သူ့သတင်းတွေကိုတော့ ထုံ့ပိုင်းထုံ့ပိုင်းဆိုသလို ကြားနေခဲ့ရပါတယ်။

ထောင်ထဲမှာ ဆရာဦးဝင်းတင်(ဟံသာဝတီ)တို့နဲ့တွဲပြီး ထောင်တွင်းလှုပ် ရှားမှုတွေမှာ တက်ကြွတဲ့အခန်းကနေ ဆက်လက်ပါဝင်နေရင်း၊ နောက်မှုတွေ ထပ်တက် ထောင်ကျနှစ်တွေ ထပ်တိုးကျရရုံမက၊ ခိုင်မာတဲ့ရပ်တည်ချက်၊ တိုက်ရဲတဲ့ သတ္တိမာန်တွေကြောင့်၊ နိုင်ငံရေးအကျဉ်းသားအများစုရဲ့ လေးစားခြင်းခံရတယ် ဆိုတဲ့သတင်းတွေကိုပါ ကြားနေခဲ့ရပါတယ်။ ထောင်ထဲမှာ နှစ်(၂၀)ကျော်လောက်နေခဲ့ရပြီး၊ နောက်ဆုံးမှာ လွတ်ခါနီးမှာ အာဏာပိုင်များဘက်က စီစဉ်တောင်းဆိုတဲ့ ခံဝန် (၄၀၁) ကို လက်မှတ်ထိုးမပေးတာတွေအထိ ကြားနာနေခဲ့ရပါတယ်။ အဲဒီကာလက ကျွန်တော်ဟာ ဘီဘီစီမှာ နယ်စပ်သတင်းထောက်လုပ်နေတဲ့ကာလဖြစ်ရာ၊ နိုင်ငံရေးအကျဉ်းသားကိုစိုးမြင့်တို့ ထောင်ထဲမှာ (၄၀၁) လက်မှတ်မထိုးတဲ့သတင်းကို ကျွန်တော်ကိုယ်တိုင်ရေးသားပေးပို့ခဲ့ပြီး၊ ဘီဘီစီမှ တာဝန်ကျသတင်းကြေညာသူ- အစ်မကြီးဒေါ်ရင်မေက အချိန်နဲ့တပြေးညီ အသံလွှင့်ပေးဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်- ဒါဟာလဲ  ကျွန်တော့်အတွက်တော့ ကိုစိုးမြင့်နဲ့ပတ်သက်ပြီး၊ အမှတ်ရစရာ သတိရစရာတခုဖြစ်နေခဲ့ပါတယ်။

နောက်တော့ လွတ်လာပြီ၊ လွှတ်ပေးလိုက်ပြီဆိုတာတွေကိုပါ ဆက် လက်ကြားနာလိုက်ရပြီး၊ အပြင်မှာ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ စာရေးနေရုံမက၊ ‘ပဲ့တင်သံ’ မှာ လုပ်ကိုင်နေတာတွေကိုပါ ကျိုးကြား ကျိုးကြားကြား
သိနေခဲ့ရရင်း၊ စိတ်အေးသက်သာခံစားလိုက်ရပါတယ်။ အခြေအနေပေးရင်၊ အဆင်ပြေတဲ့နေ့ တနေ့နေ့မှာတော့ သူ့ဆီကို အဆက်အသွယ်လုပ်ဖို့ကြိုးစားဦးမယ်လို့လဲ စဉ်းစားထားမိပါတယ်။ ဒါပေမဲ့  ဒါပေမဲ့ ကိုစိုးမြင့်တယောက် ဒီ ဇူလိုင် (၂၇) ရက်နေ့မနက်မှာပဲ ကိုဗစ်ကူးစက်ခံရမှုဝေဒနာနဲ့ ကွယ်လွန်ဆုံးပါးသွားရရှာပြီ-ဆိုတဲ့သတင်းဟာ (၂၈) ရက်နေ့ညနေခင်းမှာပဲ ကျွန်တော့်နားထဲဆီ ဆို့နင့်စရာရောက်ရှိလာခဲ့ပါတယ်။ တကယ်ကို ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲ ခံစားလိုက်ရပါတယ်။ ဘယ်လိုမှ ထင်မှတ်မထားမိခဲ့တဲ့ သတင်းတပုဒ် မဟုတ်လား။

ဒီ ၂၀၂၁ ခုနှစ် ဇူလိုင်လဟာ စိတ်ထိခိုက်ဖွယ် ကြေကွဲဖွယ်သတင်းတွေနဲ့ချည်း ပြည့်နှက်နေတဲ့ လ- လို့တောင် ဆိုလိုက်ချင်ပါတယ်။ ဇူလိုင် (၁၅) ရက်နေ့က အစ်ကိုကြီးကိုလှရွှေ (အောင်သာ-ppp) ကိုဗစ်နဲ့ဆုံးပါးကွယ်လွန်ခဲ့ရပြီး၊ (၂၃) ရက်နေ့မှာတော့ ကိုဝင်းသူလဲ ကိုဗစ်နဲ့ပဲ ဆုံးပါးကျဆုံးခဲ့ရပြန်ပါတယ်။ အခု (၂၇) ရက်နေ့မှာကတော့- ကိုစိုးမြင့်လဲ ကိုဗစ်နဲ့ပဲဆိုတော့ တကယ်ကို ဆက်တိုက်မှ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ပါတယ်။ ကွယ်လွန်ရချိန်မှာ ကိုစိုးမြင့်ဟာ (၆၉) နှစ် တဲ့။ ကိုစိုးမြင့်ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းကထောင်ထဲ ဝင်ခဲ့ရရာမှာ၊ သုံးကြိမ်တိတိ ထောင်ချခံခဲ့ရပြီး၊ ထောင်ထဲမှာ နေခဲ့ရတဲ့နှစ်တွေကချည်း (၂၉) နှစ်ဝန်းကျင်လောက်တောင်ရှိမယ်ဖြစ်ရာ၊ ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ၊ ထောင်ချခံရတဲ့ နိုင်ငံရေးသမားတွေထဲမှာ၊ တကယ် ထောင်နန်းစံသက် အများဆုံးစံချိန်ရှင်တွေထဲမှာ- ရှေ့ဆုံးတန်းက ရေတွက်ရမယ့်သူတဦးဖြစ်ခဲ့ပါတယ်။ မှတ်တမ်းတင်ထားရမယ့်သူတဦး ဖြစ်ခဲ့ပါတယ်။ ရပ်တည်ချက်နဲ့ပတ်သက်ရင် ဘယ်တော့မှ အလံမလှဲ ခဲ့သူတဦးဖြစ်သလို၊ နိုင်ငံရေးဂုဏ်သိက္ခာကို အမြင့်မားဆုံး စောင့်ထိန်းသွားခဲ့သူလဲ ဖြစ်ခဲ့ပါတယ်။

အနုပညာနှလုံးသား-ဂီတနှလုံးသားနဲ့ ပင်ကိုအသံက အေးမြကြည်လင်လှသလောက်၊ နိုင်ငံရေးရပ်တည်ချက်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကတော့  တကယ်ကို ခိုင်ကျည်ပြတ် သားခဲ့သူ ဖြစ်ပါတယ်။

လူက ခံစားတတ်လွန်းသူ၊ အနုပညာသမား။ စိတ်ဓာတ်ကတော့ တကယ်ကို သံမဏိသား..လို့တောင် မှတ်တမ်းတင်အပ်၊ လေးစားအပ်သူ ဖြစ်ခဲ့ပါတယ်။
အရင်က တချိန်ချိန်မှာတော့- ပြန်လည်ဆုံတွေ့ကြရဦးမှာပါ...လို့မျှော်လင့်ခဲ့မိ မျှော်ရည်ခဲ့ဖူးပေမဲ့၊ အခုတော့လဲ ဒီဘဝမှာ ဘယ်တော့မှ ပြန်လည်ဆုံတွေ့နိုင်ခွင့်မရတော့ဘူးဆိုတာကို ကြေကွဲစွာနဲ့ပဲ အသိအမှတ်ပြုလိုက်ရပါပြီ။ ဒီစာနဲ့ပဲ နောက်ဆုံးအထိမ်းအမှတ် ပြုလိုက်ရပါပြီ။ ရင်ထဲမှာတော့ သူ့ကို ကျွန်တော်က ...
   “ ကိုစိုးမြင့် (သို့မဟုတ်) အနုပညာနှလုံးသားနဲ့ သံမဏိသားစိတ်ဓာတ်ရှင်..” လို့ပဲ လေးလေးနက်နက်မှတ်တမ်းတင်ထားလိုက်ပြီးသား ဖြစ်ပါတယ်။   ။

ဝင်းတင့်ထွန်း 
၉ - ၈ - ၂၀၂၁
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar