စစ်တွေမြို့အနားက ဗျိုင်းဖြူကျေးရွာက လူသတ်ပွဲ၊ NLD နာယက သူရဦးတင်ဦး ကွယ်လွန်ခြင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁ မြင်ကွင်း
(မိုးမခ) ဇွန် ၂၊ ၂၀၂၄
စစ်တွေမြို့အနားက ဗျိုင်းဖြူကျေးရွာက လူသတ်ပွဲ၊ NLD နာယက သူရဦးတင်ဦး ကွယ်လွန်ခြင်း
စစ်တွေမြို့ အနီးက မြို့ရဲ့ မြောက်ဘက်မှာ ရှိတဲ့ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီ တပ်နဲ့ ALP တပ်တို့ မေလ ၂၉ ရက်နေ့က စတင်ဝင်ရောက်စီးနင်းပြီး အမျိုးသားအများစု ပါဝင်တဲ့ အရပ်သားလူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ မေလ ၃၁ ရက်နေ့က စတင်ထွက်ပေါ်လာခဲ့ပါတယ်။ နေအိမ် ၁၀၀၀ ကျော်လောက်ရှိတဲ့ ကျေးရွာဖြစ်လို့ ကျေးရွာကြီးလို့ ဆိုနိုင်ပြီး စစ်ကောင်စီတပ်အင်အား ရာကျော်နဲ့ မေလ ၂၉ ရက်နေ့နံနက်ပိုင်းမှာ ဝင်ရောက်လာပြီး ရပ်ရွာထဲက လူထုကို အား လုံးလမ်းပေါ်ထွက်စေကာ အမျိုးသားတစုနဲ့ အမျိုးသမီး/ ကလေးငယ်တစု သီးခြားခွဲထုတ်ခဲ့ကာ အမျိုးသားတွေကို တနေကုန်နေပူထဲ အဝတ်အစားနဲ့ကြိုးတုပ်ကာ နေလှန်းခဲ့ပြီးနောက် တနေ့နံနက်ပိုင်းက စလို့ သတ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့ကြတာလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ အမျိုးသားတွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တယ်လို့ ယူဆရပြီး နောက်တနေ့ နံနက်စောစောပိုင်းမှာ သေနတ်သံတွေ ကျေးရွာက နေအိမ်တွေပေါ်ကနေ ကြားနေရတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၃ ဦးလည်း မုဒိမ်းကျင့်ခံရကြောင်း သတင်းအချို့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ အခုလို ကျူးလွန်မှုမျိုး စစ်ကိုင်းတိုင်းမှာ တခုမက ကျူးလွန်ခဲ့ကြပြီး ဖြစ်သလို ကရင်နီပြည် ဖရူဆိုမှာ ၂၀၂၁ ခုနှစ် ခရစ်စမတ်မတိုင်ခင် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၈-၁၉ ကာလတွေတုန်းက AA နဲ့ စစ်ပွဲတွေ ဖြစ်ပွားစဥ်ကလည်း အခုလောက် သတ်ဖြတ်ခံရသူ အရေအတွက် မများသော်လည်း အရပ်သားတွေအပေါ် လက်နက်ကိုင် အဖွဲ့ဝင် သို့မဟုတ် အားပေးကူညီသူဆိုတဲ့ သံသယနဲ့ သတ်ဖြတ်ခဲ့ကြတာပါ။
အခုဖြစ်ရပ်က အသက် ၁၅ နှစ်နဲ့ ၆၀ အကြား ရှိတဲ့ အမျိုးသားတွေကို ခိုင်မာတဲ့ အထောက်အထား ဘာမျှမရှိဘဲပစ်သတ်ခဲ့ခြင်းက AA စစ်ဆင်မှုရောက်လာနိုင်ခြေရှိတဲ့ စစ်တွေမြို့တဝိုက်က ကျေးရွာတွေကို ကြောက်လန့်သွားအောင် ရည်ရွယ်လုပ်ဆောင်တာလားလို့ ယူဆစရာရှိပါတယ်။
အခု ဖြစ်ရပ်မျိုးတွေက ရခိုင်ပြည်နယ်က ဒေသခံတွေကို စစ်ကောင်စီအပေါ် နာကြည်းမှုနဲ့ မုန်းတီးမှုအမြင့်မားဆုံးရောက်ရှိစေမှာ ဖြစ်ပြီး AA အပေါ် ထောက်ခံမှုပိုပြီးအားကောင်းလာစေမှာ အသေ အချာပင် ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ AA လက်နက်ကိုင်တပ်တွေကို စစ်မြေပြင်မှာ ဆက်တိုက်ဆိုသလို ရှုံးနိမ့်နေတာဖြစ်ပြီး ဒီလိုရှုံးနိမ့်မှုတွေအတွက် ရခိုင်ကျေးရွာကအရပ်သားတွေအပေါ် လက်စားချေတာလားလို့ ယူဆစရာလည်း ရှိပါတယ်။ ဗျိုင်းဖြူကျေးရွာမှာဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ သေဆုံးမှု အရေ အတွက်တွေ ထပ်မံမြင့်တက်ကောင်း မြင့်တက်လာနိုင်သေးတာ ဖြစ်ပါတယ်။
ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာဖော်ပြတဲ့သတင်းအချို့မှာ ဗျိုင်းဖြူကျေးရွာအနီးက ရွာတရွာကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတဲ့အကြောင်း တွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်ရဲ့အနေအထားက မကြာခင်ကာလတွေမှာ စစ်ရှိန်လျော့ကျသွားဖို့ အလားအလာမမြင်ဘဲ ပိုပြီး စစ်ရှိန်မြင့်တက်လာမယ်လို့ မှန်းဆရတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့အခြားအကြောင်းအရာတခုက လွတ်လပ်ရေးခေတ်ကတည်းက ဗမာ့တပ်မတော်မှာ အမှု ထမ်းခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်တာဝန်အထိ ထမ်းဆောင်ဖူးသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကဖြစ်သူ သူရ ဦးတင်ဦး ကွယ်လွန်တဲ့သတင်းပဲ ဖြစ်ပါတယ်။ အသက် ၉၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့သူရဦးတင်ဦးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်သမိုင်းမှာ တပ်မတော်ရဲ့တာဝန် အောက် ခြေမှစပြီး အမြင့်ဆုံးထိထမ်းဆောင်ခဲ့ဖူးသလို ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ကာလအထိ ဦးနေဝင်းနဲ့ တလျှောက်လုံး ဆက်ဆံရေးကောင်းခဲ့ပေမယ့် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီးနောက် ဖြစ်ပွားတဲ့ကျောင်းသားဆန္ဒပြမှု၊ အလုပ်သမားအရေးအခင်းတွေဖြစ်ပွားပြီးနောက် ဇနီးဖြစ်သူရဲ့ အိမ်ဆောက်ပစ္စည်းတချို့ မှာကြားမှုအပေါ် အစရှာပြီး တပ်မတော်ကအနားယူစေခဲ့တာ ဖြစ်ပါတယ်။ တဖန် ဗိုလ်ကြီး အုန်းကျော်မြင့်ဦးဆောင်ပြီး အခြားအရာရှိငယ်တွေ အများအပြားပါဝင်တဲ့ ဦးနေဝင်းကိုလုပ်ကြံဖို့ ကြိုးစားမှုမှာ သိလျက်နဲ့ထိမ်ချန်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၁၉၈၀ ခုနှစ် သံဃာ့ညီလာခံအပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ် အရေးအခင်းမှာတော့ နိုင်ငံရေးနယ်ပယ်ထဲရောက်ရှိခဲ့ပြီး မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ ၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တောက်လျှောက်ပါဝင်ခဲ့ရာမှာ အခုကွယ်လွန်ချိန်အထိ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သူတွေအနက် တပ်မတော်အပေါ် သံယောဇဥ်ကြီးမားသူ၊ လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရရှိတဲ့ တဦးတည်းသောကာကွယ်ရေး ဦးစီးချုပ်လို့ဆိုရင်မှားမယ် မထင်ပါဘူး။ ရိုးသားမှုနဲ့ နှိမ့်ချမှုတွေက သူရဦးတင်ဦးရဲ့ အရည်အချင်းတွေလို့ဆိုရမှာဖြစ်ပြီး သူ့ရဲ့ စစ်တပ်အပေါ် သံယောဇဥ်နဲ့ စစ်အာဏာရှင်စနစ်ရဲ့ သမိုင်းမှာ ရုပ်ဆိုးတဲ့အပိုင်းတွေကို သီးခြားစီခွဲခြားကာ ထားရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။
ဘဝသက်တမ်းရဲ့ ထက်ဝက်ကာလအထိ အမြင့်ဆုံးသောရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့နောက် နောက်သက်တမ်းတဝက်မှာ သူသံယောဇဥ်ရှိတဲ့ ဗမာ့တပ်မတော်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်နေမှုတွေကိုဖယ်ရှားဖို့ ဒီမိုကရေစီစနစ်ထွန်းကားဖို့ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ လုပ် ဆောင်ခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar