ဝင်းတင့်ထွန်း - ကိုဝင်းသူ(သို့မဟုတ်)အဖေတူသားကောင်းတယောက်
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၄၊ ၂၀၂၄
( ၁ )
ကျွန်တော်နေထိုင်ရာ ဒီဘက်မှာလဲ လော့ဒေါင်းချထားတဲ့အတွက်၊ ဘယ်မှထွက်လို့မရဘဲ၊ အိမ်ထဲမှာပဲ ကုပ်ပြီး နေနေရတာ လဝက်ကျော်ပြီ။ ကိုဗစ်က တကမ္ဘာလုံး နေရာအနှံ့လက်စွမ်းပြနေဆဲဖြစ်ရာ၊ တရုတ်-ဗမာနယ်စပ်တလျောက်ဟာလဲ ကိုဗစ်ရဲ့ရိုက်ချက်အောက်မှာ တော်တော်လေးပြင်းပြင်း ထန်ထန် ခံနေရဆဲ-။ ဒါပေမဲ့…ဂန္ဒာလရာဇ်ဘက်ခြမ်းမှာက ဗမာပြည်ဘက်ခြမ်းနဲ့နှိုင်းယှဉ်ရင် ... တော်တော်ကို ရှူသာ ရှိုက်သာရှိသေး-လို့ပဲဆိုရပါမယ်။ ဘာလို့လဲဆိုတော့- ဒီဖက်မှာက ကိုဗစ်-19 ဗိုင်းရပ်ပိုး ရှိမရှိ- အာခေါင်တို့ပတ်ယူပြီး တယောက်မကျန်စစ်ဆေးတာက ခဏခဏ။ သုံးရက်ဆက်တိုက် နေ့စဉ်အာခေါင်တို့ပတ်ယူပြီး စစ်ဆေးတာလဲ ရှိခဲ့သလို၊ တရက်ခြား- နှစ်ရက်ခြားဆိုသလို စစ်ဆေးတာတွေကလဲ အကြိမ်ကြိမ်ဆိုတော့- ဇကာကြမ်း ဇကာစိပ်-အထပ်ထပ်တိုက်ထားပြီးသားလိုလို ဖြစ်နေပြီး၊ ကူးစက်ပျံ့ပွားနှုန်းကို အချိန်မီထိန်းချုပ်ထားလိုက်နိုင်သလို ဖြစ်နေတဲ့အပြင်၊ ပိုးတွေ့တဲ့သူကိုလဲ ချက်ချင်းဆေးရုံတင်၊ အနီးကပ်တွေကိုလဲ ချက်ချင်း Q ဝင်ခိုင်းထားနိုင်တဲ့အထိ ဒေါင့်စေ့အောင် စီစဉ်ဖန်တီးထားတဲ့ အခြေအနေမျိုး ရှိနေတဲ့အတွက် နှိုင်းယှဉ်ချက်အားဖြင့် သက်ပြင်းလေးကိုတော့ ဖွဖွလေး ချနိုင်သေးတဲ့အနေအထားဖြစ်ပါတယ်။ အမိဗမာပြည်ဘက်ဆီမှာကတော့... ကြားရချက်ကြားရချက်တွေဟာ ရင်နာစရာ.. ရင်နာစရာတွေချည်းဖြစ်နေပါတယ်။
ဇူလိုင် (၁၅)ရက်နေ့ကပဲ အစ်ကိုကြီးကိုလှရွှေ (ဘိုကလေး)တယောက် ကိုဗစ်နဲ့ကျဆုံးသွားတာ ကြားရရင်း၊ သူ့ရုပ်ပုံလွှာလေးကို သူ့ရက်လည်နေ့မတိုင်မီ ပြီးအောင်ရေးခဲ့မိတာ၊ ရေးပြီးလို့မှ ရင်လှိုင်းခုန်သံ အရှိန်မရပ်နိုင်သေးမီမှာပဲ၊ ဇူလိုင် (၂၃)ရက်နေ့ညမှာပဲ၊ စိတ်မကောင်းစရာ ကြားလိုက်ရပြန်တာကတော့- ( ညကြီးမင်းကြီးမှာပဲ တယ်လီဖုန်းသံ မြည်လာတာကြောင့် ကောက်ကိုင်လိုက်မိတော့- )
“ ကဗျာဆရာရေ… စိတ်မကောင်းစရာသတင်းပဲ၊ ခင်ဗျားသိအောင် ကြားကြားချင်း လှမ်းပြောတာ.. ကနေ့ညနေပိုင်းကပဲ ကိုဝင်းသူ ဆုံးသွားပြီ..” တဲ့။
တဖက်က တယ်လီဖုန်းနဲ့လှမ်းအသိပေးသူရဲ့အသံဟာ စိတ်ထိခိုက်မှုတွေနဲ့ လေးတွဲ့မှိုင်းလျနေသလို၊ ဖုန်းထဲကနေ ကြားလိုက်ရတဲ့ ကျွန်တော့်နားထဲမှာသာမက၊ နှလုံးသားထဲမှာလဲ လှိုင်းထ နွမ်းမောသွားခဲ့ရပါတယ်။
“ ကိုဗစ်နဲ့ပဲလား..” လို့ ခပ်တိုးတိုး ပြန်မေးကြည့်လိုက်မိချိန်မှာတော့၊ တဖက်က ရဲဘော်က “ ဒါပေါ့ဗျာ .. ဒါပေါ့-ဒါပေါ့.. ” တဲ့ ။
ဪ… နောက်ထပ်ဆုံးပါးသွားရပြန်သူတယောက်ကတော့- ‘ကိုဝင်းသူ’ ပါလား။ ခင်မင်ရင်းနှီးသူတချို့က‘အညာသား’ လို့လဲ ခေါ်ဝေါ်ကြတဲ့ ‘ကိုဝင်းသူ’ ကြီးပါလား။
( ၂ )
တကယ်က ကိုဝင်းသူနဲ့ ကျွန်တော်ဟာ တနယ်တည်းသားချင်းလို့တောင် ဆိုမယ်ဆို ဆိုနိုင်ပါတယ်။
သူ့ဖခင် ဦးချစ်မောင် ( ပီကင်းပြန်ဗိုလ်ချစ်မောင် )ဟာ ရွှေဘိုတောင်လက် ‘မူဆိုးချုံ’ ရွာသားဖြစ်သလို၊ ကျွန်တော့်ရဲ့မွေးရာဇာတိကလဲ ရွေဘိုတောင်လက်က ရွာတရွာဆိုတော့ ကြံဖန် ဆက်စပ်ပြမယ်ဆိုရင် နယ်သား ရပ်သား တနယ်ထဲသားတွေလို့တောင် ဆိုကောင်းဆိုနိုင်ပါတယ်။ ဆရာဇော်ဂျီ ရဲ့စကားကို ငှါးသုံးရမယ်ဆိုရင်.. “ ယူသော် ရနိုင်တန်ကောင်းရာ၏-” လို့ဆိုရပါမယ်။ ဒါပေမဲ့- ကိုဝင်းသူ နဲ့ကျွန်တော်ဟာ အရင်က ရွှေဘိုဖက်မှာ (ဒါမှမဟုတ်) အညာဖက်မှာ တခါမှ ဆက်စပ်မြင်တွေ့ သိကျွမ်းခဲ့ရဖူးခြင်းမရှိဘဲ၊ တွေ့မယ့်တွေ့ရတော့ အင်းစိန်နရသိန်ထဲမှာမှ ကြံကြံဖန်ဖန် တွေ့မြင်ဆုံဆည်းခဲ့ရခြင်း ဖြစ်ပါတယ်။
မဆလ ထောက်လှမ်းရေးများရဲ့ ‘ ဝရဇိန်စစ်ဆင်ရေး’ ဆိုတဲ့ခေါင်းစည်းအောက်မှာ၊ ၁၉၈၂ ခုနှစ်ရဲ့နွေရာသီကြီးထဲမှာ သူရော ကျွန်တော်ဟာ နိုင်ငံရေးအကျဉ်းသားများအဖြစ်-အင်းစိန်ထောင် ‘ ၅-တိုက်’ ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံနေခဲ့ရပါတယ်။ ဘဝတူ ကံတူ အကျိုးပေးတွေ ဖြစ်နေခဲ့ရပါတယ်။ ဒါပေမဲ့ အခန်းချင်းကတော့ မတူပါ။ ကိုအောင်သန်းမြင့် (ယခု ကလလတ) နဲ့ကျွန်တော်က ‘ ၅-တိုက်’ အခန်းနံပတ် (၁)မှာ ဖြစ်ပြီး၊ ကိုဝင်းသူ၊ အုတ်ဖိုက လယ်သမားကြီးတဦးနဲ့တခြားတဦးက အခန်းနံပတ်(၃)မှာ ဖြစ်ရာ၊ တခန်းခြားထောင်နီးချင်းတွေလို့ဆိုရပါမယ်။ သံတိုင်ကြား မျက် နှာအပ်ကာ အသံကျယ်ကျယ်နဲ့လှမ်းစကားပြောမယ်ဆိုရင် တော်တော်လေး ပီပီသသကြားရပါတယ်။ သူ နဲ့ကျွန်တော်တို့ကြားရှိ အခန်းနံပတ်(၂)မှာကတော့.. ကိုစန်းနောင်-ကိုစန်းအောင်အမွှာညီနောင်၊ ဘာဂျာကြီးလို့လျှို့ဝှက်နာမည်ပေးထားခြင်းခံရတဲ့ ကိုစိုးမြင့် (တိမွေးကုတက္ကသိုလ်) နဲ့ ‘ဘာဂျာ’ နဲ့လိုက်ဖက်အောင် ‘ပလွေကြီး’ လို့အမည်ဝှက်ပေးထားခြင်းခံရတဲ့ (အရပ်ကလဲရှည်ရှည်မို့ ‘ဗျိုင်းကြီး’ လို့လဲသမုတ်ခြင်းခံရတဲ့) ကိုကျော်ဝင်း(ယခု စာရေးဆရာ ကျော်ဝင်း)တို့ (၄)ယောက် သား ရှိနေကြပါတယ်။
မနက်တိုင်း ‘ဂန်ဖလားညီလာခံချိန်’ တွေမှာတော့ ( နေ့စဉ်မနက်တိုင်း-ချေးချ၊ သေးချ၊ ဂန်ဖလားချရချိန်တွေကို နိုင်ငံရေးအကျဉ်းသားတွေက ခပ်လှောင်လှောင်လုပ်ပြီး ခေါ်ဝေါ်ထားကြတဲ့ ဂန်ဖလားညီလာခံချိန်မှာတော့) ဝါဒါ လစ်ရင်လစ်သလို၊ မတ်တပ်ရပ်ပြကြ (ဒါမှမဟုတ်လဲ) ဖျာစုတ်ကြားကနေ ချောင်းကြည့်ထားကြနဲ့ဆိုတော့ တဦးကိုတဦး ကောင်းစွာတွေ့မြင် သိရှိထားကြပြီးသား ဖြစ်နေပြီဖြစ်ပါတယ်။ အဲဒီတုန်းကဆိုရင်-သံတံခါးရှေ့ ဖျာထောင်ထားရပြီးမှ တခန်းချင်း ‘ဂန်ဖလားချ’ ထုတ်တဲ့ကာလတွေမဟုတ်လား။
မတရားရုံးက ထောင်ဒဏ်တွေချမှတ်ပြီးလို့ ထောင်ကျတွေဖြစ်သွားရတဲ့အခါ၊ သူကထောင်ဒဏ် (၃) နှစ်အကျဉ်းသား၊ ကျွန်တော်က ထောင်ဒဏ် (၅)နှစ်အကျဉ်းသားဖြစ်သွားရကာ၊ ‘တိုက်’ ကနေ ‘အဆောင်’ ပြောင်းရတော့လဲ ‘ ၁-ဆောင်’ မှာ အတူကြုံရပြန်ပါတယ်။ ဒါပေမဲ့ ‘ ၁-ဆောင်’ မှာက အပေါ် (၄) ခန်း၊ အောက် (၄) ခန်းရှိရာ၊ အခန်းချင်းကတော့ မတူပါ။ အလုပ်ကြီးအချခံရတော့လဲ သူက ‘လက်သမားဘုတ်’၊ ကျွန်တော်က ‘ဖိနပ်ချုပ်ဘုတ်’ ဖြစ်သွားရပါတယ်။ အဲဒီတုန်းက ‘၅-ည’ နိုင်ငံရေးအကျဉ်းသားထောင်ကျတွေကို အလုပ်ကြီးဘုတ်တခုတည်းမှာ စုပြုံ ချမထားပဲ၊ ဘုတ်တွေ ဖြန့်ခွဲချထားရာ၊ တချို့က ယက်ကန်းဘုတ်၊ တချို့က လက်သမားဘုတ်၊ တချို့က ဖိနပ်ချုပ်ဘုတ်- စသဖြင့် ကွဲပြားသွားရပါတယ်။ ဒါပေမဲ့ အဆောင်က တဆောင်တည်းဖြစ်တာကြောင့်၊ ညနေအလုပ်ကြီးက ပြန်လာချိန်နဲ့တနင်္ဂနွေနေ့လို၊ ရုံးပိတ်ရက်လို နေ့တွေမှာတော့ သူနဲ့ကျနော်ဟာ အမြဲလိုလို ဆုံဖြစ်တတ်ပါတယ်။ သူ နဲ့ရင်းနှီးသူတချို့က သူ့ကို ‘အညာသား’ လို့ချစ်စနိုးခေါ်ကြတာတွေရှိပေမဲ့၊ သူ့ပုံပန်း ဟန်ပန်နဲ့အသားအရောင်ဟာ အညာသားနဲ့ လုံးဝမတူပါ။ သူ့အသားအရေက တော် တော်လေးကို ဖြူဝင်းနေပါတယ်။ (ဒါကြောင့် သူ့ရဲ့ငယ်နာမည်ဟာ ‘ဖြူဝင်း’ လို့တောင် ခေါ်ခဲ့ကြတယ် ထင်ပါတယ်။) သူ့အထက်က အစ်ကိုကြီးဖြစ်သူကိုကျော်သူကိုတော့ ကျွန်တော် ကောင်း ကောင်းသိခဲ့ဖူးရုံမက၊ ရန်ကုန်-ပန်းဆိုးတန်းတဝိုက်က လက်ဖက်ရည်ဆိုင်တွေမှာ လေးငါးကြိမ်မကအတူထိုင်ဖြစ်၊ စကားစမြည်ပြောဆိုဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအစ်ကိုကြီးရဲ့နာမည်က ‘ကိုကျော်သူ’ ဖြစ်တာကြောင့်ပဲ၊ သူ့ရဲ့နာမည်ကလဲ ငယ်နာမည်‘ဖြူဝင်း’ အစား၊ ကို‘ဝင်းသူ’ ဖြစ်လားသလား မဆိုနိုင်ပါ။ ညီအစ်ကို နှစ်ယောက်ဟာ ပုံပန်းကတော့ တော်တော်ကိုခြားနားပါတယ်။ ကိုကျော်သူက နှုတ်ခမ်းမွှေးစစနဲ့ ပိန်ပိန်ပါးပါး။ ကိုဝင်းသူက ခန္ဒာကိုယ် ခပ်ပြားပြားနဲ့တောင့်တောင့်တင်းတင်း လေးတိုင်ခိုင်ခိုင်။ အငယ်ဆုံး နှမလေးက ‘မို့မို့’ တဲ့။ ၁၉၈၃ ခုနှစ်ကုန်ခါနီးလောက်တွေမှာ...အင်းစိန်ထောင်ဘူး၀ တရားရုံးမှာ ကျွန်တော်တို့အမှုတွေကို ရုံးတင်စစ်ဆေးနေချိန်မှာ၊ ကျွန်တော့်ကိုလဲ (၃) ကြိမ်မျှ လာရောက်တွေ့ဆုံဖူးရုံမက၊ ထောင်ဝင်စာပါဆယ်ထုတ်လေးပါ လာပေးဖူး၊ စကား ပြောဆိုခဲ့ဖူးပါတယ်။
(၂)ကြိမ်က ဒေါ်ဒေါ်ဒေါ်ကြည်ကြည် (ဥက္ကဋ္ဌဇင် ရဲ့ဇနီး)ထံက ပါဆယ်ထုပ်ကို မို့မို့က ယူလာသယ်လာပေးတာဖြစ်ပြီး၊ တကြိမ်ကတော့ သူကိုယ်တိုင်က ယူလာပေးတဲ့ပါဆယ်ထုပ်လေးဖြစ်ပါတယ်။ ( အခုတော့- အဲဒီကိုကျော်သူရော- မို့မို့တို့ပါ ဆုံးပါးသွားကြတာ ကြာပါပြီ။)
အဲဒီတုန်းက အင်းစိန်ထောင်၊ ‘ ၁-ဆောင်’ ဝန်းကြီးထဲမှာ၊ အလုပ်ကြီးမဆင်းရတဲ့ တရားဝင်အလုပ် ပိတ်ရက်တွေမှာ၊ အဆောင်ရဲ့အုတ်ရိုးကြီးကိုကျောမှီရင်း၊ အမြဲလိုလို အလုပ်ရှုပ်နေတတ်သူက တော့ ကျွန်တော်တို့တွေရဲ့ကိုဝင်းသူကြီးပါပဲ။ သူက ထောင်တွင်းဖြစ်-ဖြစ်တဲ့ ‘ကြိုးပုတီး’ ကို ဇွဲခတ်စွာ အဆက်မပြတ်ထိုးနေတတ်လေ့ရှိပါတယ်။ သူတို့လက်သမားဘုတ်ဖက်က ရတဲ့ ‘ပုတီးစာ’ ကို ဌာပနာလုပ်ကာ၊ များသောအားဖြင့် ဆေးလိပ်နဲ့ပေးဝယ်ထားရတဲ့ ယက်ကန်းဘုတ်ဖက်က ရတဲ့ ‘ချည်ကြိုး’ နဲ့ ‘ကြိုးပုတီး’ ဖြစ်အောင် စိတ်ရှည်လက်ရှည် ဂရုတစိုက်ထိုးရတာဖြစ်ပါတယ်။
ထောင်တွင်းလက်ရာ ဒီကြိုးပုတီးဟာ တော်တော်ကိုအချိန်ပေးရတဲ့အလုပ်တခုဖြစ်သလို၊ ကျွမ်း ကျင်မှုနဲ့သပ်ယပ်မှုကလဲ တော်တော်လေးလိုအပ်ပါတယ်။ ကိုဝင်းသူဟာ ဒီလို ကြိုးပုတီးထိုးတာကို အားတိုင်းလိုလို တကုပ်ကုပ်ထိုးနေတတ်ပါတယ်။ ဒီလို ကြိုးစားပမ်းစားထိုးနေတာဟာ အမှတ် တရအဖြစ် အပြင်ဘက်ဆီ ပို့ဖို့- လက်ဆောင်ဘာညာပေးဖို့ထက်၊ ဒီထဲမှာပဲ ပုတီးကို ဆေးလိပ်နဲ့ပြန်ရောင်းကာ ဝင်ငွေရဖို့လုပ်ဆောင်နေတာက အဓိကလို့ ကျွန်တော် နားလည်မိပါတယ်။ ဘာလို့လဲဆို
တော့ သူက ထောင်ဝင်စာပါဆယ်မှန်မှန်လာသူတယောက်ဖြစ်ပေမဲ့၊ သူ့အနားမှာ သူနဲ့အတူ ထမင်းအတူစားတွေက များသောအားဖြင့်-ပါဆယ် ပုံမှန်မလာသူတွေဖြစ်ကြတဲ့အပြင်၊ ဘယ်လိုမှ ထောင်ဝင်စာမလာနိုင်တဲ့ ‘ဝ’ အမျိုးသားရဲဘော်လေးတဦး’ ကိုပါ သူက တာဝန်ယူ ခွဲဝေစားသောက်နေရတော့၊ အဲဒါတွေအားလုံးတတ်နိုင်သလောက် အဆင်ပြေအောင်၊ လောက်ငှအောင်၊ ဝင်ငွေလေးသဘောရအောင် အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်ပိုင်ပုတီးထိုးပြီး ဆေးလိပ်နဲ့ရောင်းလို့ရသလို၊ ပုတီးတကုံး၊ လက်ခဆေးလိပ်ဘယ်လောက်ဆိုပြီး၊ အငှါးပုတီးထိုးပေးလို့လဲ ရလေရာ၊ ပုတီးထိုးတတ်ရင် ဝင်ငွေရတဲ့ အလုပ်လေးတခုလိုလဲဖြစ်နေခဲ့ပါတယ်။ ဒီထဲမှာ ဆေးလိပ်ဟာ ‘ရွှေ’ ၊ ဆေးလိပ်ဟာ ‘ငွေ’ မဟုတ်လား။ အဲဒီတုန်းက ထောင်ထဲမှာ ကိုယ့်‘အလုပ်ကြီးဘုတ်’ အလိုက်ပဲ၊ ကိုယ့်ဘုတ်နဲ့ကိုယ် ထမင်းအတူစားကြလေ့ရှိရာ၊ ကိုဝင်းသူတို့ရဲ့လက် သမားဘုတ်မှာက မန္တလေးက ‘အောင်မင်း’ ကြီးနဲ့‘ထွန်းဝင်း’ တို့ရှိနေပြီး၊ သူတို့ကို ကိုဝင်းသူအနားမှာ အမြဲလိုလိုတတွဲတွဲ တွေ့ရတတ်ပါတယ်။ အဲသလိုပဲ ကိုဝင်းသူအနား အမြဲလိုလိုတွေ့ရတတ်သူကတော့- ‘ဝ’ အမျိုး သားရဲဘော်လေးဖြစ်ပြီး၊ နာမည်က ‘အိုက်ထွန်း’ လို့ပဲ ခပ်ရေးရေးမှတ်မိနေပါတယ်။ အားလုံးဟာ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေချည်းပါပဲ။ သူတို့ထမင်းအတူစားအုပ်လေးမှာက ကိုဝင်းသူဟာ အသက်အကြီးဆုံးဖြစ်နေလေတော့-သူကပဲ အစစအရာရာဦးဆောင်ကာ၊ အစ်ကိုကြီးတယောက်သဖွယ်ဖြစ်နေပြီး၊ ကျန်သူတွေကလဲသူ့အပေါ် တော်တော်လေးကို ချစ်ခင်လေးစားကြတာ တွေ့နေရပါတယ်။
နောက်တော့လဲ ကျွန်တော်က သာယာဝတီထောင်ကိုရောက်သွားခဲ့ရပြီး၊ ကိုဝင်းသူနဲ့ကွဲသွားခဲ့ရပါတယ်။
ကိုဝင်းသူနဲ့တဘုတ်တည်းသားတွေလို့ဆိုရမယ့် ‘အောင်မင်း’ ကြီးနဲ့ ‘ထွန်းဝင်း’ တို့က ကျွန်တော်နဲ့အတူ... သာယာဝတီထောင်မှာ ပါလာခဲ့တာ မှတ်မိနေပါတယ်။
( ၃ )
ကျွန်တော် သာယာဝတီထောင်က ပြန်လွတ်လာပြီးတဲ့နောက်မှာတော့- ကိုဝင်းသူကို ပန်းဆိုးတန်းထဲမှာ တိုက်တိုက်ဆိုင်ဆိုင် တခါကြုံလိုက်ရသလို၊ ဒေါ်ဒေါ်ဒေါ်ကြည်ကြည်ရဲ့နေအိမ်မှာလဲ ထပ်မံတခါ ဆုံလိုက်ရပါတယ်။ အဲဒီနောက် ကာလတချို့ ကွဲကွာသွားခဲ့ရပြန်ပါတယ်။ ဘယ်လိုမှထင်မှတ်ဖွယ်ရာမရှိတဲ့ (ရန်သူနဲ့ပေါင်းသင်းနေတဲ့)အမျိုးသမီးတယောက်ရဲ့ သူ့လူ ကိုယ့်ဖက်သားလုပ်၊အသုံး ချသွားမှုအောက်မှာ၊ သူ ဟိုဟိုဒီဒီ ခရီးတခေါက်သွားခဲ့သလိုလိုအသံကြားလိုက်ရပြီး၊ အဲဒီအမျိုး သမီးရဲ့စနက်နဲ့ပဲ၊ ဒေါ်ဒေါ်ဒေါ်ကြည်ကြည်အပါအဝင်-သူလဲ ၁၉၈၆ ခုနှစ် ကုန်ခါနီးလောက်မှာ ထောင်ထဲ နောက်တကျော့ပြန်ဝင်သွားရသလို၊ ကျွန်တော်လဲပဲ ဝရမ်းပြေးဘ၀ နောက်တကျော့ကျရောက်ခဲ့ရရင်း- သူနဲ့ တော်တော်ကြာအောင် ကွဲကွာသွားခဲ့ရပါလေတယ်။
အံ့သြစရာလို့ဆိုရမှာက သူနဲ့နောက်ထပ်တကြိမ် ပြန်တွေ့ရတော့ ရန်ကုန်မှာ မဟုတ်တော့ပဲ မန္တလေးမှာဖြစ်နေပါတယ်။ သူက မန္တလေးကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်နဲ့အစ်ကိုကြီးကိုလှရွှေက ရန်ကုန်မှာ ‘ပြည်သူ့တိုးတက်ရေးပါတီ’ ဖွဲ့စည်းအပြီး၊ မန္တလေးမှာလဲ တရားဝင်ဖွဲ့စည်းနိုင်ဖို့ ဦးလေးဦးခင်မောင်မြင့်ရဲ့တာဝန်ပေးချက်အရ၊ ပါတီစည်းရုံးရေးခရီးစဉ်အဖြစ်သွားကြရာမှာ မန္တလေးမှာ အံ့သြစရာပြန်တွေ့ရတာဖြစ်ပါတယ်။ သူက ပထမတော့ မန္တလေးတိုင်း ပြည်သူ့တိုး တက်ရေးပါတီ’ဖွဲ့စည်းရာမှာ သူလဲပါဝင်ဦးမလိုလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ နောက်မှအကြောင်း ကြောင်းတွေကြောင့် သူ့ကို ဖယ်ထားခဲ့ရပါတယ်။ မန္တလေးမှာ နေနေသူအဖြစ် သူ့ကိုတွေ့ရတော့ “ အင်း၊ အဖေက ရွှေဘိုသား၊ သူကလဲ အခု မန္တလေးသား၊ ‘အညာသား’ ‘အညာသား’ လို့ သူ့မိတ် ဆွေတချို့က သူ့ကို ခေါ်ကြတာ အခုမှ လုံးဝဥဿုံ ကိုက်ညီသွားပြီလေ..” လို့စိတ်ထဲမှာ ဖျတ်ခနဲထင်လိုက်မိရင်း ပြုံးမိခဲ့ရပါတယ်။ နောက်တော့ ..သူလဲ သူ့အလုပ်နဲ့သူ၊ ကျွန်တော်လဲ ကျွန်တော့်အလုပ်နဲ့ကျွန်တာ် ကာလကြာမြင့်စွာ ဝေးကွာသွားရပြန်ပါတယ်။ ကျွန်တော်က ပြည်တွင်းမှာတောင် နေလို့မရတော့ဘဲ၊ နယ်စပ်မျဉ်းကို ကျော်သွားခဲ့ရပါတယ်။
ဟော.. နောက်တော့ ဘယ်မှာပြန်ပြီး ထပ်မံ ဆက်စပ်မိရပြန်တယ် ထင်ပါသလဲ။
တရက်မှာ- ရှေ့က ‘၀၀၉၅’ နံပတ်ခံထားတဲ့ ဖုန်းခေါ်သံတခု ကျွန်တော့်ထံ ဝင်လာပါတယ်။ အဲဒီတုန်းကကျွန်တော်က ဘီဘီစီမှာ နယ်စပ်သတင်းထောက်တပိုင်း လုပ်နေချိန်ဆိုတော့ ပြည်တွင်းက သတင်းနဲ့ပတ်သက်သူတဦးဦးရဲ့ ဖုန်းခေါ်သံဖြစ်မှာပဲဆိုပြီး- “ ဟုတ်ကဲ့ ပြောပါခင်ဗျာ..” လို့လဲ လက်ခံပြောဆိုလိုက်ရော၊ “ ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောမယ် ပြောမယ်၊ ကိုယ်..ဝင်းသူ ပါဟ ” ဆိုတဲ့ သူ့အသံကြီး ဝင်လာပါလေတယ်။
နှစ်ပေါင်း တော်တော်ကြာ ကွာနေပြီဖြစ်တာတောင် သူ့လေသံနဲ့သူ့ပြောဟန်က (ထုံးစံအတိုင်း လူမှားစရာမလို) အံ့အားသင့်ဖွယ် ဝင်ရောက်လာပါတယ်။ ကျန်းမာရေးကောင်းရဲ့လား- အခု ဘယ်မှာနေသလဲ စသဖြင့် စသဖြင့် အလ္လာပ သလ္လာပစကားလေး အနည်းအပါးပြောပြီးတာနဲ့ သူက .. “ ကိုယ့်လူ အလှူခံမလို့” တဲ့။
ကျွန်တော်က အံ့အားသင့်စွာ ဆက်နားထောင်နေလိုက်မိတော့ “ အခု ကိုယ်က မှိုင်းကွန်ရက်မှာလုပ်နေတယ် ..အဲဒါ ဆရာကြီးမှိုင်းကွန်ရက်နဲ့ဂူဗိမာန်စောင့်ရှောက်ရေးအတွက် မောင်ရင့်ထံက အလှူခံချင်လို့ပဲ။ အဲဒါ ဘယ့်လောက်ထည့်မလဲ၊ ပြော..” တဲ့။ ကျွန်တော့်မှာ ထပ်ပြီး အံ့အားသင့်သွားရပြန်ရာ- “ ဟာ.. ကိုဝင်းသူ ကျွန်တော်က ဒီဖက်မှာ၊ ခင်ဗျားက ပြည်တွင်းမှာ.. ဘယ့်နှယ်လုပ် ထည့်လို့ရမလဲ ဗျ။ ပြီးတော့ ကျွန်တော်က ငွေကြေးလဲ ချမ်းသာသူမှမဟုတ်တာ..” လို့ဖြေလိုက်မိပါတယ်။ သူက ချက်ချင်းပဲ “ ဒီမှာ ကိုယ့်လူ.. ကိုယ့်လူစာအုပ်တွေ တအုပ်ပြီ တအုပ်ထွက်နေတာ အဲဒီစာအုပ်ထုတ်တဲ့ စာမူခထဲကနေ လှူပေါ့၊ ဒီဘက်မှာ အဲဒီစာအုပ်ထုတ်ဝေသူဆီကနေ စာမူခထဲကနေ မရရအောင် ကိုယ်သွားတောင်းယူမယ်၊မောင်ရင်-ဘယ့်လောက်လှူမလဲ-ဆိုတာပဲ ပြော” တဲ့။ သူ့ရဲ့ ကျွန်တော့်အပေါ် အလှူခံပုံ ခံနည်းက အဲသလိုမျိုးဖြစ်ခဲ့ပြီး၊ ကျွန်တော့်မှာ သူကျေနပ်အောင် အဖြေပေးလိုက်ရ စီစဉ် လိုက်ရ၊ လှူလိုက်ရပါတယ်။
နောက်တော့-အဲဒီနှစ်ထဲမှာပဲ၊ နှစ်ကုန်ခါနီးလောက်မှာ ကျွန်တော်ရှိရာ ဂန္ဒာလရာဇ်ဘက်ခြမ်းဆီအထိ ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာပါလေတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံတူပန်းချီကားတွေနဲ့သပ်သပ်ယပ်ယပ်ရိုက်နှိပ်ထားတဲ့ပြက္ခဒိန်တွေကို ရင်မှာပိုက်ပြီး ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သူက ဆရာကြီးမှိုင်းဂူဗိမာန်စောင့်ရှောက်ရေးနဲ့ငြိမ်းချမ်းရေးကွန် ရက်မှာ ‘စာရင်းစစ်’ အဖြစ် တာဝန်ယူထားသူ ဖြစ်နေပါတယ်။ သူက စီးပွားရေးတက္ကသိုလ်က ကျောင်းပြီးတော့ AG ရုံးမှာ ဝန်ထမ်းလုပ်ခဲ့ဖူးကာ၊ စာ ရင်းရေး စာရင်းကိုင်ပညာသာမက စာရင်းစစ်ပညာပါ ကျွမ်းကျင်သူတဦး မဟုတ်လား။ ၁၉၈၂ က ကျွန်တော်တို့နဲ့အတူ နရသိန်ထဲ ဝင်ခဲ့ကြရစဉ်ကတောင် သူဟာ AG ရုံးကနေ ဝန်ထမ်းအဖြစ်ကနေ အဖမ်းခံရပြီး ပါလာရသူမဟုတ်လား။ အလုပ်ပြုတ်၊ ထောင်က လွတ်မြောက်သွားရပြီးတဲ့နောက်ပိုင်းတွေမှာလဲ အပြင်မှာ ကုမွဏီနဲ့အသင်းအဖွဲ့တချို့မှာ ‘စာရင်း ကိုင်’ အဖြစ်၊ ‘အချိန်ပိုင်းစာရင်းကိုင်’ အဖြစ်တာဝန်ယူ အလုပ်လုပ်ကိုင်ရင်း၊ အသက်မွေးဝမ်း ကျောင်းပြုနေခဲ့တာတွေကိုလဲ ကျွန်တော်မကြာခဏဆိုသလို ကြားနေခဲ့ရပါတယ်။ အဲသလို စာ ရင်းကိုင် စာရင်းအင်းပညာတွေနဲ့ပဲ အမြဲလိုလိုပတ်သက်နေခဲ့သူတယောက်က မှိုင်းကွန်ရက်မှာ ‘စာ ရင်းစစ်’ ဖြစ်နေတာ ဘာမှမဆန်းလှလို့ဆိုရမှာဖြစ်ပေမဲ့၊ အဲဒီ လူချင်းတွေ့တွေ့ချင်းအခေါက်မှာပဲ “ ကိုယ့်လူ.. မောင်ရင့်ကဗျာတွေ စာတွေ ထုတ်ချင်ရင်လဲကိုယ့်ကိုသာ တာဝန်ပေးလိုက်၊ ကိုယ်တာ ဝန်ယူ၊ ထုတ်ပေးလို့ရတယ်..” လို့ခပ်တည်တည်ကြီးဆိုလာချိန်မှာတော့ ကျွန်တော့်မှာ တကယ်ကို အံ့ဩသွားရပြန်ပါတယ်။ အမှန်အတိုင်းပြောရရင် သူ့ကို ကျွန်တော်က ကျန်အလုပ်မျိုးတွေသာ ကျွမ်းကျင်တတ်မြောက်ချင် တတ်မြောက်မယ်၊ စာပေအနုပညာကိစ္စတွေ၊ စာပေလုပ်ငန်းမျိုးတွေနဲ့တော့ ဘယ်လိုမှ နီးစပ်ပတ် သက်နိုင်မယ့်လူမျိုးမဟုတ်၊ ပတ်သက်လိမ့်မယ်မဟုတ် လို့ထင်မြင်ယူ
ဆထားမိတဲ့အတွက်ဖြစ်ပါတယ်။ သူကလဲ ကျွန်တော် အံ့သြသွားတာ ရိပ်မိပုံ ရပါတယ်။
မျက်နှာထား တည်တည်ကြီးကနေ တချက်ပြုံးလိုက်ပြီး “ တကယ်ပါကွ၊ ကိုယ် လုပ်ပေးနိုင်ပါတယ်ကွ၊ မြင်းခြံက ဒို့လူကြီး၊ ကိုဒေါ်လာရဲ့စာအုပ်ကို ကိုယ် တာဝန်ခံပြီး လုပ်ပေးခဲ့တာပါကွ။ ‘တူတံစဉ် မှိုင်းလမ်းကြောင်း’ ကဗျာစာအုပ်လေကွာ၊ ‘စည်ဟိန်း စာပေ’ ဆိုပြီး ထုတ်ခဲ့တာလေကွာ..” တဲ့။ ကျွန်တော့်မှာ သူ့မျက်နှာကိုကြည့်ရင်း တကယ်ကိုအံ့ဩလိုက်ရပါတယ်။
( ၄ )
နောက်တော့ တကယ်ကို အမှန်ပါပဲ။
ကျွန်တော်က ဟိုမှာ သည်မှာ အလျဉ်းသင့်သလို နေရာအနှံ့ရေးဖွဲ့ထားခဲ့ဖူးတဲ့၊ ကဗျာနဲ့ပဲ ဖွဲ့သီထားခဲ့ဖူးတဲ့ ‘ရုပ်ပုံလွှာ’တွေကို ကြိုးစားပမ်းစား ပြန်လည်ရှာဖွေ စုစည်းကြည့်လိုက်မိပြီး၊ ‘ရုပ်ပုံလွှာ ကဗျာစု’ အဖြစ် ကဗျာစာအုပ်လေးတအုပ်အဖြစ် ထုတ်ဝေလိုက်တဲ့အခါ၊ သူကပဲ တာဝန်ယူ လုပ် ကိုင်ပေးခဲ့ပါလေတယ်။ သူ့ရဲ့ ‘စည်ဟိန်း စာပေ’ ထုတ် စာအုပ်လေးအဖြစ်နဲ့ပဲ၊ ကျွန်တော့်ရဲ့ “ မှန်းဆ တမ်းတ ဖွဲ့ခဲ့မိသမျှ ပုံရိပ်တွေ..”
ရုပ်ပုံလွှာ ကဗျာစုစာအုပ်လေး အောင်မြင်စွာ ထွက်ပေါ်လာခဲ့ရပါတယ်။ သူက “ တခြားသူတွေနဲ့မတူရအောင် စာအုပ်မျက်နှာဖုံးကို သေချာစီစဉ်ထားတယ်။ ကဗျာထဲက ရုပ်ပုံလွှာရှင်တွေကို sketch ကောက်ပြီး၊ မျက် နှာဖုံးပါ ဆွဲပေးတာက ‘ကာတွန်းဝင်းအောင်’ က တာဝန်ယူ လုပ်ပေးထားတယ်ကွ- စိတ်ချ၊ စိတ်ချ ၊ တခြားမျက်နှာဖုံးတွေနဲ့မတူရအောင်ကို စီစဉ်ထားပါတယ်ကွာ..” ဆိုပြီးတော့လဲ တခုတ်တရပြောဆိုခဲ့သလို၊ ကဗျာစာအုပ်ထဲမှာ ‘ ဖြန့်ချိရေး- စည်ဟိန်းစာပေ’ ဆိုပြီးတော့လဲ ဂုဏ်ယူစွာ ဖေါ်ပြခဲ့ရုံမက၊ သူ့ရဲ့ကိုယ်ပိုင်ဖုန်းနံပတ်လေးကိုပါ ထည့်သွင်းဖေါ်ပြထားတာတွေ့ရပါတယ်။ ပြီးတော့လဲ သူက ကျွန်တော့်ထံ တနေရာကနေ ထပ်မံဖုန်းဆက်ပြီး “ မောင်ရင့်စာအုပ်ကို ကိုယ်ကိုယ်တိုင် အနှံ့သယ်သွားပြီး ဖြန့်ချိရေး လုပ်နေပါတယ်ကွာ.. မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ ပြည် ...ဘက်သာမကဘူး၊ ကယားဘက်အထိတောင် ရောက်ပါတယ်..” လို့လဲ ဆိုလိုက်ပါသေးတယ်။ တကယ်ကို အမှတ်ရစရာတွေပါပဲ။
အဲဒီလို အဲဒီကဗျာစာအုပ်လေးကို ၂၀၁၆ ခုနှစ် ဇူလိုင်လထဲမှာ ထုတ်ဝေဖြန့်ချိပြီးတဲ့နောက်ပိုင်းမှာလဲ သူဟာ ကျွန်တော်ရှိရာ ဂန္ဒာလရာဇ်ဘက်ခြမ်းကို နောက်ထပ် (၂)ခေါက်တိတိထပ်မံ ပေါက်ချလာခဲ့ပါသေးတယ်။ နှစ်ခေါက်စလုံးလဲ ကျွန်တော့်အိမ်မှာပဲ နေသွား အိပ်သွားခဲ့ပါတယ်။ အဲဒီနှစ်ခေါက်စလုံးပဲ သူလာတဲ့ အကြောင်းရင်းကတော့ တရုတ်အပ်စိုက်ရာမှာသုံးတဲ့ ‘အပ်မျိုးစုံ’ပါ အပ်ဘူးလေးတွေ လာဝယ်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်က သူ့ကို အံ့ဩမိတဲ့အထဲမှာ အဲဒီအပ်စိုက်ကိစ္စဟာလဲ တခုအပါအဝင်လို့ဆိုရပါမယ်။ သူက အသက်မွေးဝမ်းကျောင်းအရ၊စာရင်းကိုင်စာရင်း စစ် စာရင်းအင်းကျွမ်းကျင်သူတယောက်အဖြစ် နေထိုင်လုပ်ကိုင်သွားခဲ့ပေမဲ့၊ အဲဒီအသက်မွေးဝမ်း ကျောင်းပညာထက် ပိုမိုဇွဲခတ်စွာ၊ ပိုမိုဝါသနာကြီးစွာ စွဲစွဲမြဲမြဲလုပ်ကိုင်သွားခဲ့တာတခုကတော့ ( နိုင်ငံရေးကိစ္စတွေပြီးရင်) ဒီ ‘တရုတ်အပ်စိုက်ပညာကိစ္စ’ လို့ပဲ ဆိုလိုက်ချင်ပါတယ်။ သူဟာ အပ်စိုက်ပညာနဲ့ပတ်သက်ရင်၊ တကယ်ကိုလဲ လေ့လာလိုက်စားသူ၊ ဝါသနာထုံသူ၊ ကျွမ်းကျင်သူ၊ အပ်စိုက်ပညာရှင်တဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အသိ လူရင်းတွေထဲမှာ တရုတ်အပ်စိုက်ပညာကျွမ်း ကျင်သူ (၂)ဦး ရှိခဲ့ပါတယ်။ တဦးက နဝတစစ်အစိုးရခေတ်မှာ အင်းစိန်အကျဉ်းထောင်ထဲမှာ နိုင်ငံ ရေးအကျဉ်းသားအဖြစ် စောစီးစွာကွယ်လွန်သွားခဲ့ရရှာတဲ့ ကိုသိန်းတင် (စာရေးဆရာ တင်သိန်းမောင်၊ NLD ရန်ကုန်တိုင်းကော်မတီဝင်) ဖြစ်ပြီး၊ နောက်တဦးကတော့ သူ.. ‘ကိုဝင်းသူ’ ပါပဲ။
သူ့ကို ကျွန်တော်နဲ့ကျွန်တော့်ဇနီးသည်က တရုတ်ဆေးဆိုင်တွေအနှံ့ လိုက်ပြရပါတယ်။ အဲဒီဆေး ဆိုင်မျိုးစုံထဲက တရုတ်အပ်စိုက်ကုသရေးနဲ့ပတ် သက်တဲ့ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းမျိုးစုံတွေကို တခုပြီးတခု သူက စိတ်ဝင်စားစွာ ကြည့်ရှုပါတယ်။ သူ သိချင်တာကို မေးမြန်းတဲ့အခါ၊ ဇနီးသည်က ဘာသာပြန်ပေးရပါတယ်။
သူက အပ်စိုက်ရာမှာအသုံးပြုတဲ့ ‘အပ်ဘူး’ တွေတော်တော်များများ ရွေးချယ်ဝယ်ယူပါတယ်။
“ ဟေ့လူ- ခင်ဗျားဟာက အပ်ဘူးတွေက များလှချည်လားဗျာ..” လို့ပြောလိုက်မိတော့- သူက “ ဒါတွေက အနှံ့ မျှတ ဖြန့်ဝေပေးရဦးမှာ၊ ကိုယ့်မှာ အပ်စိုက်သင်တန်းလေးတွေလဲ ဖွင့်ပေး-လုပ်ပေးနေရတော့ ခွဲဝေသုံးရမှာ၊ ကယားဘက်၊ ကယန်းဘက်က တိုင်းရင်းသားအဖွဲ့အစည်းတချို့တွေထဲအထိ၊ ကိုယ်လဲ တတ်နိုင်သမျှအပ်စိုက်သင်တန်းလေးတွေပေးရင်း၊ ကျန်းမာရေးကဏ္ဍအတွက် တတ်နိုင်သလောက် သွားလာလုပ်ကိုင်ပေးနေရတယ်ကွ၊ အဲဒါက တိုင်းရင်းသားတွေနဲ့က ပိုကောင်းတာပေါ့ကွာ..” လို့တက်တက်ကြွကြွကြီး ပြန်လည်ဖြေဆိုလာရာ၊ ကျွန်တော့်မှာ သူ့ကိုကြည့်ရင်း ပြုံးမိနားလည်မိပါတယ်။ အင်းစိန်ထောင်ထဲတုန်းကလဲ ‘ဝ’ ရဲဘော်လေးနဲ့ချစ်ချစ်ခင်ခင် နွေးနွေး ထွေးထွေး သူ ခွဲဝေပေးကမ်း နေထိုင်စားသောက်သွားခဲ့တာကို ဖျတ်ခနဲပြန်လည်အမှတ်ရမိပါတယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် တကယ်ကို အလေးထားတတ်၊ ဝင်ဆန့်တတ်လွန်းတဲ့ မနောစရိုက်လက္ခဏာဟာ သူ့ရဲ့ထူးခြားတဲ့ ပင်ကိုလက္ခဏာတခုလို့တောင် ဆိုရပါမယ်။ ( သူ့အဖေဗိုလ်ချစ်မောင်ဟာလဲ ပဲခူးရိုးမမှာ မဒညတတပ်ပေါင်းစုမှာ တိုင်းရင်းသားရဲဘော်တွေနဲ့လက်ပွန်း တတီးချစ်ချစ်ခင်ခင် နေထိုင်သွားလာလှုပ်ရှားသွားခဲ့သူလို့ သိမီသူများက ဆိုကြလေရာ၊ အဲဒီ ဟဒယသွေးဟာ ကိုဝင်းသူဆီကိုလဲ အမွေအဖြစ် ဆက်လက်စိမ့်ဝင်နေလေရော့သလားလို့တောင် ယူဆကြည့်မိချင်ပါတယ်။)
၂၀၁၈ အကုန် ၂၀၁၉ နှစ်ထဲလောက်မှာ ကျွန်တော့်အိမ်ကို သူ တခေါက် ထပ်ရောက်လာပါတယ်။ ဗမာပြည်ထဲက ပြည်မထဲမှာ ဆောင်းဟာ ဆောင်းမပီတတ်တော့ပေမဲ့၊ ဂန္ဒာလရာဇ်ဘက်မှာက တော်တော်ကို အေးပါတယ်။ သူက ပြည်တွင်းမှာ သူ့ရဲ့ထုံးစံအတိုင်း ဘယ်က ဘယ်တွေ လှည့်ပတ်ပြီးမှ ဒီဖက်ဆီ ရောက်လာလေသလဲ မသိပါ၊ ကျွန်တော့်အိမ် ရောက်လာတော့ သာမန်အဝတ်ပါးလေးနဲ့ပဲဖြစ်နေကာ၊ အပေါ်ဝတ်အနွေးထည်တောင် မပါပါ။ ဒါကြောင့် သူ့ကို ကြည့်ပြီး- “ ကိုဝင်းသူ၊ ဒီမှာက အေးတယ်။ မန္တလေး- ရွှေဘို- ရန်ကုန်တို့လိုမဟုတ်ဘူး။ အပေါ်အင်းကျီ အင်္ကျီဝတ်ထားမှ ဖြစ်မယ်။ အပေါ်အင်္ကျီဝတ်မထားလို့မဖြစ်ဘူး၊ ရော့..ရော့..” ဆိုပြီး ကျွန်တော်က ကျွန်တော့်ရဲ့ ‘သားရေတု အပေါ်အင်္ကျီဟောင်း’ လေးကို ထုတ်ပေးလိုက်ရပါတယ်။ “အသစ်တော့မဟုတ်ဘူး။ ကျုပ်လဲ ဒါပဲ ရှိတယ်။ ခင်ဗျားနဲ့အကိုက်ပဲ။ အဲဒါ အမှတ်တရအဖြစ် အပြီးသာ ယူသွားတော့ဗျာ..” လို့ဆိုရင်း ပေးလိုက်လေရာ၊ သူက ပြုံးကျဲကျဲကြီးလုပ်နေပါတယ်။ အဲဒီအခေါက်မှာလဲ သူဟာ အပ်စိုက်အပ်ဘူးတွေ လာဝယ်ပြန်တာဖြစ်ရုံမက၊ အညောင်းအညာအကိုက်အခဲသမားတွေအသုံးပြုနိုင်တဲ့ တစ်တောင်ဝန်းကျင်ခန့်အရှည်ရှိတဲ့ လျှပ်စစ်ဓာတ်အားသွင်း ‘အနှိပ်ကရိယာ’ လေးကိုပါ သဘောကျပြီး ဝယ်သွားချင်တယ်ဆိုလာပါတယ်။အရောင်းစာရေးမကို ဈေးမေးကြည့်တော့ ‘ယွမ် ၁၁၀’ လို့ ဖြေရာ၊ သူက ‘ယွမ် ၁၁၀ ဆိုရင်...ဗမာငွေနဲ့ဘယ့်လောက်ရှိမလဲ’ လို့ကျွန်တော့်ကို မေးလာပါတယ်။ အဲဒါလေးကို သူ တကယ်လိုချင်နေမှန်း အကဲခတ်မိတဲ့အတွက် ကျွန်တော်က “ ယွမ် ၁၁၀ ဆိုတာ ဗမာငွေ (၂၀၀၀၀) ကျော်ပေါ့ဗျာ။ အဲဒါ ခင်ဗျား ပေးမနေနဲ့၊ လက်ဆောင်အဖြစ် ကျွန်တော်ပဲ ဝယ်ပေးလိုက်ပါ့မယ်ဗျာ..” ဆိုပြီး ကျွန်တော်က ဝယ်ပေးလိုက်လေရာ၊ ‘ အေးကွာ.. ကျေးဇူးပဲ ’ တဲ့။ တခြားသူတွေနဲ့တော့ မပြောတတ်၊ ကျွန်တာ်နဲ့သူ့အကြားမှာ ‘ကျေးဇူးပဲ’ တို့၊ ‘ကျေးဇူးတင်တယ်’ ဆိုတာတို့တွေ ပြောလေ့ဆိုလေ့ ကြားရလေ့မရှိခဲ့ဖူးလေတော့၊ ဒီတခါ ထူးထူးခြားခြား ရှားရှားပါးပါးကြားလိုက်ရတာပဲ-လို့တောင် မှတ်မှတ်ထင်ထင်ဖြစ်သွားခဲ့ရပါတယ်။
အဲဒီအခေါက်မှာပဲ သူက ကျွန်တော့်ကို ထူးထူးခြားခြားပြောဆိုလာပြန်တာတခုလဲ ရှိခဲ့ပြန်ပါတယ်။ အဲဒါကတော့- “ ကိုယ့်အဖေ ဓာတ်ပုံလေးဘာလေး လိုချင်တယ်ကွာ..ဒီဖက်မှာ တယောက်ယောက်ဆီမှာ အဖေ့ပုံလေးများ ရှိမလား ရှိရင်လိုချင်တယ်ကွာ ။ စုပေါင်း တွဲရိုက်ထားတာမျိုးထဲက ဖြစ် ဖြစ်၊ တယောက်ထဲဖြစ်ဖြစ်ဘယ်လိုပုံပဲဖြစ်ဖြစ်၊ အဖေ့ပုံလေး လိုချင်တယ်။ ကိုယ် လိုက်ရှာနေတာ အဲဒါ မောင်ရင်ကူညီစုံစမ်းပေးပါဦးကွာ..” တဲ့။ ဒီတခါမှာတော့ ကျွန်တော့်မှာ ရင်ထဲ နင့်ခနဲနေအောင် ခံစားလိုက်ရပါတယ်။
အဖေ့ပုံကို မြတ်မြတ်နိုးနိုးလိုချင်နေ၊ လာရှာနေတဲ့ အသက် (၆၀)ကျော် (၇၀) နီးပါးလောက်ရှိ လူ ကြီးတယောက်ရဲ့မျက်နှာ၊ သူ့မျက်နှာကို စိတ်မကောင်းစွာကြည့်လိုက်မိရင်း၊ သက်ပြင်းကို ဖွဖွလေး ချလိုက်မိပါတယ်။ သူ့အဖေဟာ ရွှေဘို-မုဆိုးချုံသား၊ တော်လှန်ရေးသမား- ဗိုလ်ချစ်မောင်လေ-။ ‘ပီကင်းပြန် ဗိုလ်ချစ်မောင်’ ဆိုတဲ့ ဦးချစ်မောင်လေ..။
သူ့ဆန္ဒကို ဖြည့်ဆည်းချင်တဲ့အတွက် ကျွန်တော်ဟာ တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက်တော့ ကြိုးစားပြီး စုံစမ်းကြည့်မိပါသေးတယ်။ ဒါပေမဲ့ အထမမြောက်ခဲ့ပါ။
အဲဒီအခေါက်ဟာ ကျွန်တော့်အိမ်ကို ပေါက်ချလာခဲ့တဲ့ သူ့ရဲ့နောက်ဆုံးအခေါက်၊ ဂန္ဒာလရာဇ်ခရီး နောက်ဆုံးအခေါက်လို့ပဲ ဆိုရတော့မှာပါ။ သူ့ကို အသက်ရှင်လျက် မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့ နောက်ဆုံးအခေါက် နောက်ဆုံးအကြိမ် လို့လဲ အမှတ်အသားပြုလိုက်ရတော့မှာပါ။ ဒါပေမဲ့ အဲဒီတုန်းကတော့ နောက်ဆုံးခရီး၊ နောက်ဆုံးတွေ့ဆုံ ဆုံဆည်းလိုက်ရခြင်း-ဆိုတာတွေကို သူလဲ မသိသလို၊ ကျွန်တော်လဲ မသိနိုင်ခဲ့ပါ။ ဘယ်သူမှလဲ သိနိုင်ကြမယ်မဟုတ်ပါ။
အခုတော့လဲ တကယ်ကို စိတ်ထိခိုက်စရာတွေပါပဲ။
ကိုဗစ်-၁၉ ..ကပ်ဘေးဆိုးကြီးရဲ့ရိုက်ချက်အောက်မှာ ကိုဝင်းသူတယောက် ဆုံးပါးသွားခဲ့ရပါပြီ။
ကိုဗစ်-၁၉ ဗိုင်းရပ်ဆိုးကြီးက မထင်မှတ်နိုင်လောက်အောင် ပျံ့နှံ့ဆိုးဝါးနေတဲ့ကြားထဲမှာ၊ စစ်အုပ်စု စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့ ရက်စက်လူမဆန်မှုတွေနဲ့ပါ ထပ်ဆင့်ပေါင်းလိုက်တော့ မြင်မကောင်းအောင် သေခဲ့ရ၊ ကြွေခဲ့ရတဲ့ ပြည်သူလူထုတွေကြားထဲမှာ ‘ကိုဝင်းသူ’ ဆိုတဲ့ အညာသားကြီးလဲ ပါသွားခဲ့ရပါပြီ။ ဆုံးပါးသွားခဲ့ရပါပြီ။
လွမ်းမောစွာ ကြေကွဲစွာနဲ့ပဲ နောက်ဆုံးဦးညွှတ်လိုက်ပါတယ် ကိုဝင်းသူ…။
ဝင်းတင့်ထွန်း
( ၂- ၈- ၂၀၂၁ )
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar