Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၆ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၆ )

(မိုးမခ) ဇွန် ၂၂ ၊ ၂၀၂၄

22/6/24

Diary in the darkness 

ဇွန်လ ၁၉ ရက်နေ့က နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပစ်သတ်ခဲ့သူဟာ ကျောက်ဆည်တပ်နယ်မှ ဗိုလ်မှူးမိုးမင်းဦးနှင့် ငါန်းဇွန်ပြည်သူစစ်ခေါင်းဆောင် မျိုးမင်းခိုင် အဖွဲ့တို့ ဖြစ်တယ်လို့ သတင်းတွေမှာ ဓာတ်ပုံနဲ့တကွ တင်ထားကြတယ်။

ဆရာတော် အသတ်ခံရတာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဝေဖန်ချက်တွေ၊ အမြှောက်အမြား အင်တာနက်ပေါ်မှာ တက်နေတယ်။ မျက်မြင်သက်သေ ကန်သုံးဆင့်ဆရာတော်ရဲ့ ထွက်ချက်ကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေးသမားတွေရဲ့ လိမ်ညာဝါဒဖြန်ချိတာတွေ ဘူးပေါ်သလိုပေါ်ခဲ့ရတာပါ။

စစ်ကောင်စီ ရဲ့ ရှိစုမဲ့စု အရှက်တွေလည်း ဗြန်းဗြန်းကွဲနေပါတယ်။ 

ဒီဖြစ်ရပ်ဟာ မတော်တဆဖြစ်ရပ်တခုထက် စစ်ကောင်စီရဲ့ ကွပ်ကဲမှု ညံ့ဖျင်းတာ၊ မရိုးဖြောင့်တာ၊ တာဝန်ယူ တာဝန်ခံမှု မရှိတာ၊ ရက်စက်ကြမ်းကြုတ်တာတွေက ပိုမိုပေါ်လွင်နေပါတယ်။ 

ဘုရားပန်းလာပို့နေကျ ကောင်မလေးက ဒီမနက်မှ ပြန်ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသည်တွေ အားလုံး ပန်းမရောင်းဖို့ သက်ဆိုင်ရာက သတိပေးထားတာကြောင့် သူမလာရတာဖြစ်ကြောင်း တောင်းပန်ပါတယ်။ ကျွန်တော်တို့အိမ်မှာ ဆန်ပြုတ် ပြုတ်သောက်တဲ့နေ့မို့ သူ့ကိုလည်း ဆန်ပြုတ်တချိုင့် ထည့်ပေးလိုက်ပါတယ်။ အိမ်မှာ တပတ်ကို နှစ်ရက် ဆန်ပြုတ် ပြုတ်သောက်လေ့ ရှိပါတယ်။ အိမ်နီးချင်းတွေကိုလည်း ဝေဖြစ်ပါတယ်။ 

အိမ်နီးချင်းတွေကလည်း ဆူးပုတ်၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ မကျည်းရွက်နု စတဲ့ ခြံစည်းရိုးဟင်း ရွက်တွေ ပေးဝေလေ့ရှိပါတယ်။ ခရမ်းချဉ်သီး သုံးလုံး တထောင်၊ ခရမ်းသီး တစ်လုံး ခုနှစ်ရာ ၊ ကန်စွန်းရွက် တစ်ပင် တစ်ရာ ဖြစ်နေချိန်မို့ ပေးဝေသူတွေကို ကျေးဇူးအထူးတင်မိပါတယ်။ 

လားရှိုးကို ညီနောင်သုံးဖွဲ့က သိမ်းတော့မယ်၊ သံတွဲကို AA က သိမ်းတော့မယ် ဆိုတဲ့ သတင်းတွေကြောင့် ည တရေးနိုးတိုင်း အင်တာနက် သတင်းဖွင့်ကြည့်ရတာ အမောပါပဲ။ မြို့သိမ်းတိုက်ပွဲသတင်းတွေ မျှော်နေချိန် ဆရာတော်ဘုရား သေနတ်မှန်လို့ ပျံလွန်တော်မူတဲ့ သတင်းကြားရတော့ စိတ်ထိခိုက်ရတယ်။ 

စစ်ကောင်စီ တပ်ပျက်နေချိန်မို့ အချိန်မရွေး အခြေအနေတွေ ဆိုးသွားနိုင်တယ်ဆိုတာ မျှော်လင့်ထားပေမယ့် တကယ်ကြုံလာရတဲ့အခါ တုန်လှုပ်မိတာ အမှန်ပါ။ ရက်စက်လိုက်တာကွာ ဆိုတဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ အသံကို ထပ်ကာထပ်ကာ ကြားယောင်နေမိတယ်။ အဖြစ်မှန်ကို ရဲရဲဝံ့ဝံ့ ပြန်ပြောရဲတဲ့ ဆရာတော်ကိုလေးစားဂုဏ်ယူမိပါတယ်။ လူတိုင်းရဲ့နဖူးကိုသေနတ်နဲ့ချိန်ပြီး သွေးရူး သွေးတန်း ဖြစ်နေတဲ့ စစ်ကောင်စီတွေကို မကြောက်ဘဲ အမှန်အတိုင်း ပြောရဲတဲ့ ဆရာတော်ကို ကြည်ညိုမိပါတယ်။ ဗုဒ္ဓမှာ သားကောင်းရတနာတွေရှိနေပါသေးသလား ဆိုတဲ့အသိဟာ ကျွန်တော်တို့အတွက် တအားပါပဲ။ 

ကျွန်တော်တို့ အိမ်နီးချင်းတွေကို ဆန်ပြုတ်ဝေတဲ့အခါ အဆိုးဆုံးအခြေအနေကို ပြင်ဆင်နေတာလားလို့ မိတ်ဆွေတွေ စ ပါတယ်။ တကယ်တော့ အခြေအနေတွေက ဒီထက်အများကြီး ဆိုးလာနိုင်တယ် ဆိုတာ သိပါတယ်။ 

အခြေအနေတွေ သိပ်မဆိုးခင်၊   မိမိတို့ အသက်နဲ့ခန္ဓာ မြဲချိန်ကလေးမှာ မိမိတို့အဝန်းအဝိုင်းကလေးကို တတ်နိုင်သလောက်တော့ ဖေးကူချင်တာက အဓိကပါ။

အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar