မောင်စွမ်းရည် - ‘အ’သုံးလုံး လှုပ်ရှားမှု
မောင်စွမ်းရည် - ‘အ’သုံးလုံး လှုပ်ရှားမှု
(မိုးမခ) ဇွန် ၂၂ ၊ ၂၀၂၄
‘အ’သုံးလုံး လှုပ်ရှားမှုကြီးကို ပညာရေးဌာနက ဦးဆောင်ပြီး လုပ်စဉ်က ကျွန်တော် မန္တလေးမှာပဲ ရှိနေပါသေးတယ်။ အလွတ်ပညာသင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းတော့ ‘ကျူရှင်ဆရာ” လုပ်နေတဲ့ ကျွန်တော်လည်း အစိုးရကျောင်းဆရာ ဖြစ်လာခဲ့ပါတယ်။ အထက်အညာဒေသမှာ ‘အ’သုံးလုံး လှုပ်ရှားမှုကို မိတ္ထီလာခရိုင်က စတင်ခဲ့ပါတယ်။ မိတ္ထီလာမှာ ဟောပြောပွဲတခု လုပ်တော့ ဦးလေး(လူထုဦးလှ) သွားတဲ့အခါ ကျွန်တော်လည်း လူထုတိုက်က မော်တော်ကား ချောင်တဲ့အတွက် လိုက်သွားခဲ့ပါတယ်။ ဟောပြောပွဲမှာ ပညာရေးဌာနက ညွှန်မှူး၊ ညွှန်ချုပ်တွေလည်း ပါရှိပါတယ်။
မိတ္တီလာက ပြန်လာပြီး မကြာခင် ကျွန်တော့်ကို ရန်ကုန်ပြောင်းမိန့် ချလိုက်ပါတယ်။ ရန်ကုန်မှာ ပညာရေးသုတေသနဌာနကို ပြောင်းရတာပါ။ အခြေခံပညာကျောင်းသုံးစာအုပ်ကော်မတီမှာ ကျောင်းသုံးမြန်မာနိုင်ငံသမိုင်း ရေးဖို့ တာဝန်နဲ့ပါ။ အဲဒီကာလမှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ဒေါက်တာသန်းထွန်းက မန်းတက္ကသိုလ်ကို ပြောင်းရပါတယ်။ ရန်ကုန်၊ မန္တလေး တက္ကသိုလ်နှစ်ခုလုံးမှာ မြန်မာနိုင်ငံသမိုင်းကို သီးခြားဘာသာရပ်တခုအဖြစ် မသင်သေးပါ။ ဒေါက်တာသန်းထွန်းက မန်းတက္ကသိုလ် ညနေသင်တန်းမှာ စာစမ်းသင်ပါတယ်။ မြန်မာနိုင်ငံသမိုင်းကို ယူသူမှာ တယောက်၊ နှစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်က စိတ်ဝင်စားလို့ ညနေသင်တန်းကို တက်ပြီး မြန်မာနိုင်ငံ သမိုင်းကို ယူပါတယ်။ ကျွန်တော်က ဘွဲ့မရဘဲ ကျူရှင်ဆရာ လုပ်နေတာပါ။
ပြည်သူပိုင်သိမ်းတော့ ဘွဲ့မရှိသူက အထက်တန်းပြ မဖြစ်နိုင်တော့ပါ။ ဒါကြောင့် ဘွဲ့ရအောင် ညနေသင်တန်းမှာ တတိယနှစ် (ဝိဇ္ဇာပထမနှစ်) က စတက်ပြီး မြန်မာနိုင်ငံသမိုင်းနဲ့ ဘွဲ့ယူခဲ့ပါတယ်။ ဒီဘွဲ့ကြောင့် ရန်ကုန်ကို ကျောင်းသုံးမြန်မာနိုင်ငံသမိုင်း ရေးဖို့ ကျွန်တော့်ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျောင်းသုံးစာအုပ် ရေးဖို့အတွက် ဌာနခွဲမှူး ဦးဘကောင်း လက်အောက်မှာ သမိုင်းသုတေသနလက်ထောက် ဦးဇော်ဝင်း နဲ့အတူတွဲပြီး အလုပ်လုပ်ရပါတယ်။
ဦးဇော်ဝင်း နဲ့ ဦးဘကောင်း ဆိုတာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ပါတယ်။ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ကျောင်းသားသမဂ္ဂအမှုဆောင်ဟောင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း မန်းတက္ကသိုလ် ကျောင်းသားညီညွတ်ေရးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂမှာ ပါဝင် လုပ်ဆောင်ခဲ့ဖူးတဲ့အတွက် သူတို့နဲ့ မိတ်ဟောင်းဆွေဟောင်း ရဲဘော်ရဲဘက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ အလုပ်လုပ်ရတာ မစိမ်းတော့ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသမိုင်းကျောင်းသုံးစာအုပ်က ကျွန်တော်လည်း ရောက်ရော ရေးပြီးနေပါပြီ။ ဘယ်သူက ဘယ်လို ရေးလိုက်တယ် မသိပါ။ ဒီလိုနဲ့ ကျွန်တော်တို့ မြန်မာစာသင်ရိုးအဖွဲ့ လက်ကို လွှဲပေးလိုက်ပါတယ်။
အခြေခံပညာ မြန်မာစာသင်ရိုးအဖွဲ့ အတွင်းရေးမှူးအဖြစ်နဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခနဲ့ တွဲပြီး အလုပ်လုပ်ရပါတယ်။ မြန်မာစာပါမောက္ခတိုင်းဟာ ရာထူးအရ အလိုလို မြန်မာစာသင်ရိုးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဲဒီကာလက မြန်မာစာပါမောက္ခမှာမှာ မန်းတက္ကသိုလ် မြန်မာစာဌာနမှာ အမှုထမ်းခဲ့တဲ့ ဒေါ်စီစီဝင်း ဖြစ်ပါတယ်။ ဒေါ်စီစီဝင်းက ကျွန်တော်တို့ မြန်မာစာသင်ရိုးအဖွဲ့ အတွင်းရေးမှူးအဖြစ် ရုံးကို ရောက်လာခဲ့ပါတယ်။
ဦးသန်းဦး ညွှန်ချုပ်အဖြစ် ဆောင်ရွက်နေတဲ့ ပညာရေးသုတေသနဌာနဟာ စာတတ်မြောက်ရေးလှုပ်ရှားမှုရဲ့ ရုံးချုပ် ဖြစ်ပါတယ်။ ကျွန်တော်က ပညာရေးသုတေသနရုံးကို ဝင်လာရတော့ အလိုလိုနေရင်း စာတတ်မြောက်ရေးလှုပ်ရှားမှု ဗဟိုအလုပ်အမှုဆောင်တွေထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ပညာရေးတက္ကသိုလ် မြန်မာစာသင်နည်းဌာန ပါမောက္ခဦးသန်းထွတ်၊ ပညာရေးသုတေသနအရာရှိ ဦးအေးစိုး၊ ဝိဇ္ဇာဌာနခွဲမှူး ဦးဘကောင်း၊ သုတေသနအရာရှိ ဦးဇော်ဝင်း စသူများနဲ့ တွဲဖက်ဆောင်ရွက်ရပါတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး ကဗျာဆရာ တင်မိုးလည်း အဖွဲ့ဝင် ဖြစ်လာရာက စာအုပ်တအုပ် ဝင်ရေးသွားခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ဟောင်းတွေဟာ လူငယ်စည်းရုံးရေး၊ ကျောင်းသားစည်းရုံးရေးမှာ အထူးကျွမ်းကျင်ပြီး ဝါရင့်ကျောင်းသားကြီးတွေချည်း ဖြစ်ကြပါတယ်။ လူငယ် လူသစ်ဆိုရင် ပညာရေးသုတေသနအရာရှိပေါက်စ ဦးတင်ဝင်း ခေါ် ကဗျာဆရာ ပျဉ်းမနားမောင်နီသင်း တယောက်ပဲ ပါရှိပါတယ်။
သုတေသနအရာရှိ ညွှန်ချုပ် ဦးသန်းဦးက လူထုသတင်းစာမှာ ပြည်စိုးမင်း ကလောင်အမည်နဲ့ ဘောဂဗေဒ ဆောင်းပါးများ ရေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ပညာရေးသုတေသနဌာနက ရန်ကုန်ပညာရေးတက္ကသိုလ် အဝင်ဝမှာ တည်ရှိပါတယ်။ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီး ကမ္ဘာကျော်အောင် အောင်မြင်နေတဲ့ကာလ ဖြစ်ပါတယ်။ “မိုဟာမက်ရီ ဇာပါလာဗီဆုကြီး ရရှိလို့ ဦးသန်းဦးက သွားရောက်လက်ခံ ယူခဲ့ရတဲ့ကာလ ဖြစ်ပါတယ်။
အဲဒီကာလက ပညာရေးဝန်ကြီးဟာ ဘူမိဗေဒပါမောက္ခ ဒေါက်တာညီညီ ဖြစ်ပါတယ်။ ဒေါက်တာညီညီက ကိုလိုနီခေတ်နှောင်းပိုင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုမှာ မန်းတက္ကသိုလ်ပါမောက္ခချုပ် ဖြစ်လာမယ့် သံတွဲဦးကျော်ရင်၊ မန်းတက္ကသိုလ် သမိုင်းပါမောက္ခ ဖြစ်လာမယ့် ဒေါက်တာသန်းထွန်း၊ တက္ကသိုလ်များအုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဦးစိုးသိန်း(ဦးခင်မောင်အုန်း) စတဲ့ တကသ၊ ဗကသ အမှုဆောင်ဟောင်းတွေ အားလုံးကို ခေါ်ယူပြီး ပညာရေးဌာနအတွင်းကို ထည့်သွင်းထားလိုက်ပါတယ်။ သူတို့အားလုံးဟာ စာတတ်မြောက်ရေးလှုပ်ရှားမှုကြီးရဲ့ ဗဟိုအချက်အချာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒေါက်တာညီညီ ဦးဆောင်တဲ့ တကသ၊ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေရဲ့ လူငယ်ကျောင်းသာ စည်းရုံးရေးစွမ်းအားကြောင့် စစ်အစိုးရခေတ် ဖြစ်လျက်နဲ့ ကျောင်းသားလှုပ်ရှားမှုကြီးအဖြစ်နဲ့ ‘အ’သုံးလုံး လှုပ်ရှားမှုကြီး အောင်မြင်မှုရခဲ့တာလို့ ကျွန်တော် ယူဆပါတယ်။
‘အ’သုံးလုံး (အ-အ-အ) ဆိုတာ (အရေး-အဖတ်-အတွက်) လို့ ဆိုတယ်။ ‘အ’နဲ့ စတဲ့ လှုပ်ရှားမှု သုံးခုရဲ့ အစ စာလုံးဖြစ်တဲ့ ‘အ’ သုံးလုံးကို စုစည်းလိုက်တာ ဖြစ်ပါတယ်။ နောက်တော့ ‘အတွက်’ မပါတာကြောင့် ‘စာမတတ်သူ ပပျောက်ရေးလှုပ်ရှားမှု’ လို့ ပြောင်းလဲ ခေါ်တွင်ခဲ့ပါတယ်။ ‘စာမတတ်သူ’ ဆိုတဲ့ စာသားမှာ ‘မ’ တလုံး ပါနေလို့ Negative Sense မပါအောင် ‘စာတတ်မြောက်ရေးလှုပ်ရှားမှု’ လို့ ပြောင်းလဲ ခေါ်တွင်စေခဲ့ပြန်ပါတယ်။
ဒါပေမဲ့ အများလူထုကတော့ ‘အ’သုံးလုံး ဆိုတဲ့ အခေါ်ကိုပဲ စွဲမြဲနေခဲ့ပါတယ်။ ဗဟိုရုံးချုပ်(ပညာရေးသုတေသန) က ဆရာတွေ၊ ဆရာမတွေကပဲ ‘စာတတ်မြောက်ရေးလှုပ်ရှားမှု’ ဆိုတဲ့ စကားလုံးကို စွဲစွဲမြဲမြဲ သုံးနေပါတယ်။ စစ်အစိုးရခေတ် ကျောင်းသားတွေဟာ လူထုလှုပ်ရှားမှုနဲ့ မကြုံဖူးခဲ့ကြပါ။
စစ်တပ်ကလည်း လူထုလှုပ်ရှားမှု လုပ်ရိုးလုပ်စဉ် မရှိပါ။ လူထုလှုပ်ရှားမှုနဲ့လည်း မပတ်သက်ပါ။ လက်နက်ကိုင်ပြီး စစ်မြေပြင်မှာ သူပုန်နဲ့ မျက်နှာချင်းဆိုင်ပြီး သူသေ ကိုယ်သေ ပစ်ခတ် တိုက်ခိုက်ကြရသူတွေပါ။ စာတတ်မြောက်ရေးလှုပ်ရှားမှုကြီး ဆိုတာက လူထုလှုပ်ရှားမှုကြီးပါ။ ဒေါက်တာညီညီ၊ ဦးဇော်ဝင်း ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ စည်းရုံးရေးအင်အားနဲ့ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။
ကျွန်တော် ရန်ကုန်ရှိ ပညာရေးသုတေသနဌာနကို ရောက်ရှိသွားခြင်းဟာ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီးရဲ့ ဗဟိုအချက်အချာကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ လှိုင်းလုံးကြီးရဲ့ ထိပ်ကို တက်စီးလိုက်ရတာ ဖြစ်ပါတယ်။ စာတတ်မြောက်ရေး လုပ်အားပေးခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ အရှိန်မပြေနိုင်ဘဲ ‘အ’သုံးလုံး ရုံးချုပ်လို့ ခေါ်တဲ့ ပညာရေးသုတေသနဌာနကို နေ့စဉ် လာရောက် စုရုံးကြပါတယ်။ အပြင်က မြက်ခင်းပြင်မှာပဲ စုထိုင်ကြပြီး လုပ်အားပေး စားမြုံ့ပြန်ကြပါတယ်။ ပညာရေးတက္ကသိုလ်က စားသောက်ဆိုင်တွေကို သွားပြီး စားသောက်ကြလို့ ဆိုင်သစ်တွေ လာရောက်ဖွင့်လှစ်ကြပါတယ်။ ပညာရေးသုတေသနရုံးချုပ်မှား ဦးဘကောင်း နဲ့ ဦးဇော်ဝင်း စတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းက သုံး၊ လေးယောက် ရှိပါတယ်။ ကျောင်းသားတွေက သူတို့နဲ့ တွေ့ချင်ပေမဲ့ လူများလွန်းလို့ မတွေ့ဆုံနိုင်ကြပါဘူး။ ကျောင်းသားအချင်းချင်းပဲ မြက်ခင်းပြင်မှာ ထိုင်ပြီး စကားပြောကြ၊ မိုးတိုးမတ်တတ် နှုတ်ဆက်ပြီး ပြန်ကြတာပါပဲ။ လုပ်အားပေးတုန်းက မပါခဲ့တဲ့ ကျောင်းသားများကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရအောင် လာလေ့ရှိပါတယ်။ လူစုံတွေ့ရလို့ မလာဘဲ မနေနိုင်။ နေ့စဉ် လာကြပါတယ်။
ရဲဘော်သုံးကျပ်ဝင် ဗိုလ်ကျော်ဇော သားက စာတတ်မြောက်ရေးလုပ်အားပေးအဖွဲ့မှာ မပါခဲ့ပါ။ စစ်အစိုးရက လုပ်တဲ့ကိစ္စမို့ မပါတာပါတဲ့။ ဒါပေမဲ့ သူငယ်ချင်းတွေ ရှိရာကိုတော့ လာပါတယ်။ ဒီလိုလာရင်းနဲ့ပဲ လုပ်အားပေးအဖွဲ့ထဲက ကျောင်းသူတဦးနဲ့ အိမ်ထောင်ကျသွားခဲ့ပါတယ်။ လုပ်အားပေးကျောင်းသားတွေ နောက်ဆုံးမှာ ဘယ်လို လူစုကွဲသွားတယ်ဆိုတာကိုတော့ ကျွန်တော် မမှတ်မိတော့ပါ။ ကျွန်တော့်အလုပ်ကလည်း ပညာရေးသုတေသနဌာနကနေ ရန်ကုန်တက္ကသိုလ်၊ မန္တလေးဆောင်၊ မြန်မာစာဌာနကို ပြောင်းသွားလို့ ဖြစ်ပါတယ်။
တချို့ပရိသတ်လည်း မန္တလေးဆောင်ကို လိုက်ပါလာခဲ့ပါတယ်။ ကျွန်တော် အငြိမ်းစားယူတဲ့အထိပါပဲ။
၂၀၂၄၊ ဇွန် ၂၀။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar