နေသွင်ညိဏ်း - 'လေးမောင့်စံကျောင်း’ကို ပြန်ခံစားခြင်း
'လေးမောင့်စံကျောင်း’ကို ပြန်ခံစားခြင်း
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၄
ကျနော် အကြိုက်ဆုံး ကဗျာတွေထဲ ဦးပုညရဲ့ လေးမောင့်စံကျောင်း လည်း ပါတယ်။ ငယ်ငယ်ကနေ အခုထိ အကြိုက်ဆုံးကဗျာတွေက သိပ်မများလှဘူး။
တေးထပ်ဆိုတဲ့အတိုင်း အသံချိုတယ်။ အတွေးလှတယ်။ သွက်တယ်။ ချစ်စရာကောင်းတယ်။ လေးနက်တဲ့ အကြောင်းအရာကို ပေါ့ပေါ့ပါးပါး ဖော်ကျူးတယ်။ စသဖြင့်ပေါ့လေ။
ကဗျာနဲ့ ပတ်သတ်လို့ မှတ်မှတ်ရရတခုက ကျနော်တို့နှစ် ဆယ်တန်း စာမေးပွဲမှာ ဒီကဗျာဟာ အတန်းတင်မေးခွန်းဖြစ်ခဲ့တယ်။ ကျနော်ဟာ ဒီကဗျာကို ရူးသွပ်သူ ဖြစ်လေတော့ စိတ်ကြိုက်စကားပြေရေးလိုက်တာ မျောသွားလို့လားမသိ၊ နောက်ဆုံး စာစီစာကုံး မဖြေလိုက်ရဘူး။ ကဗျာ စကားပြေဆိုတာ အလွတ်ကျက်ရတာ မဟုတ်ဘူးလို့ ကျနော်က ငယ်ငယ်ကတည်းက ကြီးကျယ်ခဲ့မိတော့ ကွဲခဲ့တယ်ပေါ့။
မုလေးရုံတောအစ
ဒေါနလမ်းမြေညီ
လျောကျစမ်း ရေသင်းကြည်တယ်
ရွှေနှင်းဆီကန်ချောင်း
လွမ်းမတတ် စကားဝါငူမှာ
နံ့သာဖြူလေးမောင့်စံကျောင်း
ဘယ်လောက်စိတ်ကူးယဉ်လို့ ကောင်းလိုက်ပါဘိလဲ။ လေးမောင့်စံကျောင်းဆီ မဝင်ခင် လှမ်းကြည့်လိုက်ရင် မုလေးရုံတွေ တောအစပ်မှာ။ ဆက်လျောက်သွားရင် ဒေါနပင်တွေ နှစ်ဖက်မှာ ပေါက်နေတဲ့ သို့မဟုတ် ဒေါနတောကြား ဖောက်ထားတဲ့ မြေညီလမ်းကလေး။ ဘေးနှစ်ဖက်မှာ စမ်းချောင်းကလေးကလည်း တသွင်သွင်စီးလို့။ ရေတွေက ကြည်ကြည်လင်လင်။
ဆက်လျောက်သွားရင် နှင်းဆီတွေ ပတ်လည် ပွင့်နေတဲ့ ရေကန်သာ။ စံကားဝါပန်းခင်းကြီး ထိပ်မှာတော့ နံ့သာဖြူနဲ့ ဆောက်ထားတဲ့ တပါးစံကျောင်း။
ကဗျာအသွားအလာအရ တောရဆောက်တည်နေတဲ့ ပုဂ္ဂိုလ်က ပျိုရွယ်သေးပုံရပါတယ်။ လေးမောင့်စံကျောင်း ဆိုတော့ ပျိုလေးရဲ့ မောင်လား။ သို့မဟုတ် အစ်မတွေ၊ နှမတွေက ချစ်ရတဲ့ မောင်လား မဆိုနိုင်ဘူး။ ကဗျာ ကြည့်ရတာကတော့ ‘မောင်’ ဟာ တောရဆောက်တည်တာ ကြာသေးပုံမရပါဘူး။
ကဗျာဇာတ်ကြောင်းပြောသူရဲ့ ခံစားမှုဟာ လတ်ဆတ်နေသေးတယ်။ အကယ်၍ လေးမောင် ကိုယ်တိုင်က ကဗျာပြောသူဆိုရင်လည်း အလှအပတွေအပေါ် စွဲလမ်းစိတ် မပြတ်နိုင်သေးသူသာ ဖြစ်ပါလိမ့်မယ်။ ‘လွမ်းမတတ်’ ဆိုတဲ့ နာမဝိသေသနက ပြောနေတဲ့ လတ်ဆတ်ဆဲ၊ စွဲလမ်းစိတ်မပြယ်သေးတဲ့ သဘောတွေ။
ကဗျာ ကို ဒီလိုမျိုး စတင်ခံစားလိုက်မိရော။ ဒေါနပင်တွေကြား ဖောက်ထားတဲ့ လမ်းကလေးဟာ မြွေလိမ်မြွေကောက်လေး ဖြစ်နေမလား။ မြေနီလမ်းကလေးလား။ သို့မဟုတ် ဂဝံခပ်ကျဲကျဲခင်းထားတဲ့ နီညိုညိုလမ်းကလေးလား။ သို့မဟုတ် မြေသားတွေချည်း ဖို့ထားတဲ့ ခပ်မို့မို့ လမ်းသွယ်ကလေးလား။
ကဗျာထဲမှာ ပန်းတွေ ပွင့်နေပုံထောက်ရင်၊ ရာသီဥတုသာယာပုံထောက်ရင် မိုးအကုန် ဆောင်းအကူး ရာသီဥတု ကြည်လင်တဲ့အချိန် ဖြစ်မယ်။ စမ်းကလေးက ရေကြည်နေဆဲ။ ကန်တွေမှာ ရေတွေ ပြည့်နေသေးတယ် ဆိုတာကိုး။ ကောင်းကင်အရောင်ဟာ အပြာနဲ့ မီးခိုး ရောနေဆဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မိုးကလေး မပြတ်တတ်သေးတော့ စံပယ်တွေကလည်း ပွင့်နေဆဲ။
‘စံပယ်ချပ် သရဖီချောင်မှာ
ခွါညိုတောင် ခိုအောင်း’
ခွာညိုတောင် ဆိုတော့ ပြာသိုလမှာ ပွင့်တတ်တဲ့ ခွာညို လှိုင်လှိုင်ပွင့်နေတာလား။ ဒါမှမဟုတ် ခိုအောင်း ဆိုတာကို မပွင့်သေးဘဲ ပွင့်ချိန်ကို စောင့်နေဆဲလို့ ယူရမလား။ ရာသီမသိ ပန်းနဲ့ ညှိ ဆိုသကိုး။
ကျနော်အတွက် ကဗျာရဲ့ အဖွင့်ကစလို့ တွေးသလောက် ကမ္ဘာကုန်ကျယ်သ၍ ဖြစ်နေပြီ ဆိုပါတော့။ ဆက်ဖတ်ကြည့်ရင်လည်း ဆက်ပြီး စိတ်ကူးယဉ်စရာတွေချည်း။
မွှေးနံ့သာစုပေါင်းလို့
နုညောင်စောင်းထက်မှာ
ပဒုမ္မာကြာသင်္ကန်းနှင့်
ခါဆင်မြန်းတောမွှေ့ပျော်ရာ။
ပန်းတောကြီးအလယ်မှာ ရဟန်းပြု သီတင်းသုံးနေတဲ့ ကိုယ်တော်။ အမျိုးသည်လည်း မြတ်သည် ဖြစ်ရမယ်။ စည်းစိမ်ရှိအသိုင်းအဝိုင်းကလည်း ဖြစ်ရမယ်။ ‘နုညောင်စောင်း၊ ကြာသင်္ကန်း’နှင့် ဆိုတာကြောင့်ပါ။
ပန်းသော်ကာတံတိုင်းကာသည်
ဇီဇဝါ မုခ်ခြားလို့
တံခါးက ချရားကြိုင်
သင်းတဲ့ဂနိုင်။
ကဗျာက လမ်းကလေးအဝင်ကစပြီး လေးမောင့်ကိုယ်တော်ဆီ အနီးကပ်ဆွဲ (zoom in) ပြသွားတယ်။ ပြီးတော့မှ တခါ zoom out ပြီး ဒရုန်း shot နဲ့ မြင်ကွင်းကျယ်ပြပြန်တယ်။ သော်ကာပန်းတံတိုင်း၊ ဇီဇဝါ၊ ချရားပန်း။ ပန်းတံတိုင်း၊ ပန်းဇာပုဝါ တလွှာပြီး တလွှာ ဖွင့်ပြတယ်။ ပြီးတော့မှ သင်းတဲ့ ဂနိုင်တဲ့။ ( တကယ်တော့ အောက်ပြည်သား ကျနော်က ပန်းအစုံကို မသိပါဘူး။)
ခံစားသူအနေနဲ့ဆိုရင် ဒီကဗျာကို ဘယ်ရူ့ထောင့်က ကြည့်သလဲဆိုတဲ့ အပေါ်မူတည်ပြီး ရသဟာ ပြောင်းနိုင်တယ်။
စောစောကလို ဒီကဗျာဟာ ‘မောင်’ ကိုယ်တိုင်က ပြောတယ်ဆိုရင် တကိုယ်တည်း တောရပ်ထွက်လာတဲ့ လူငယ်ကလေးက အနေအစား ဒုက္ခရောက်နေမလားလို့ စိတ်ပူနေမယ့် မိဘ၊ မောင်ဖွား ချစ်သူများကို စိတ်မပူဖို့ ရေးလိုက်တဲ့ စာလည်း ဖြစ်မယ်။ မပူပါနဲ့ဗျာ ကျနော် အဆင်ပြေပါသည်ပေါ့။
ဒီလိုမဟုတ်ဘဲ လောကီကို စိတ်ကုန်လို့ တောရပ်ခိုနေတဲ့ ရဟန်းပျိုလေးဆီ အစ်မ၊ နှမ ချစ်သူတို့က လူပြန်ထွက်ရအောင် လာစည်းရုံးရင် မြင်ရတဲ့ ပတ်ဝန်းကျင်သဘော ခံစားကြည့်မယ်ဆိုရင် ...
ယုဇန မဟာမြိုင်မှာ
ကမ္ဘာတိုင်မှီမယ်ပလေး
ဆိုတဲ့ အဆုံးကို အလွမ်းလေးနဲ့ ခံစားချင်စရာပေါ့။ မောင် ကတော့ ဒီလောက်သာယာတဲ့ ပန်မြိုင်အလယ်မှာ ပျော်မွှေ့နေပါပြီ။ ခေါ်လို့လည်း လူ့ဘဝထဲ ပြန်လိုက်တော့မယ့်ပုံမရှိတော့ပါဘူး၊ လက်လျော့ရတော့မယ်ဆိုတဲ့သဘောနဲ့ နောက်ဆုံးပိုဒ်ကို ခံစားကြည့်တာပါ။
အသက်ရလာတော့ ကျနော်က ကဗျာကို နိုင်ငံရေးနည်းနည်းထည့်ကြည့်ချင်ပြန်တယ်။
ဒီကဗျာဟာ မင်းပြစ်မင်းဒဏ်သင့်တဲ့ လူငယ်တယောက်၊ သူ့မဟုတ် မင်းဆိုးမင်းညစ်ကို တော်လှန်သူ တောပုန်းတယောက် အနေနဲ့ ခံစားကြည့်တယ်။ ဦးပုည ကိုယ်တိုင်ကလည်းမင်းပြစ်မင်းဒဏ် သင့်ခံသူ ဖြစ်လေတော့ အတွေးကို ဆွဲဆန့်ကြည့်တဲ့သဘောပါ။
တောပုန်းလူငယ်လေးဟာ သူရှိတဲ့ လျှို့ဝှက်နေရာကို သူတို့ချင်း နားလည်တဲ့ စကားဝှက်နဲ့ မိတ်ဆွေတွေဆီ စာပါးလိုက်တာမျိုးပေါ့။
ဒီလိုဆိုရင် ကဗျာထဲက နာမည်အမျိုးမျိုးနဲ့ ပန်းအပေါင်းဟာလည်း အဓိပ္ပါယ်တွေ အမျိုးမျိုး ဖြစ်ကုန်လိမ့်မယ်။ ပန်းတံတိုင်းအထပ်ထပ်၊ စည်းအထပ်ထပ် ကာရံထားတဲ့ အလယ်မှာ ပျိုတို့မောင်၊ မေမေချစ်တဲ့သားလေးဟာ ဘေးကင်းသာယာစွာရှိနေပါတယ်ပေါ့။
တကယ်ကျတော့လည်း တောထဲတောင်ထဲ ဒီလောက်ပြည့်စုံတဲ့နေရာဆိုတာ ဘယ်ကမ္ဘာမှာ ရှိနိုင်ပါ့မလဲ။ ဒီလိုဆိုရင် တော်လှန်သူ လူငယ်လေးဟာ မိဘမောင်ဖွားများ စိတ်မပူရအောင် တောထဲတောင်ထဲ ကျနော်အဆင်ပြေပါတယ်လို့ အမှာစကားပါးလိုက်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုနဲ့ ကျနော်ဟာ လေးမောင့်စံကျောင်းကို တမျိုးတဖုံ ခံစားကြည့်နေပြန်တယ်။ ဆိုလိုတာက လေးမောင့်စံကျောင်း ကဗျာနဲ့ ပတ်သက်လာရင် ကျနော်ဟာ အခုထိ အတွေးချော်ဆဲ၊ အတွေးခေါင်နေဆဲ၊ လမ်းလွဲနေဆဲ။ စာမေးပွဲဖြေခိုင်းရင် ထပ်ကွဲမယ့်သဘောရှိနေပါတယ်။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar