Breaking News

ဇာနီကြီး - တိုင်းရင်းသားမဟာမိတ်၊ PDF တွေနဲ့ NUG ၏ နေရာ

တိုင်းရင်းသားမဟာမိတ်၊ PDF တွေနဲ့ NUG ၏ နေရာ

ဇာနီကြီး 

(မိုးမခ) ဇွန် ၂၈၊ ၂၀၂၄

ရှမ်းမြောက် စစ်ဆင်ရေးပြန်စတင်ခြင်း နဲ့ပတ်သက်ပြီးသုံးသပ်ချက်များအရ

ဧရာဝတီသတင်းဌာနက တရုတ်အကျိုးစီးပွားကသာအဓိကဖြစ်ကြောင်း၊ NUG အပါအဝင် PDF နဲ့တိုင်းရင်းသားတပ်အားလုံး တရုတ်ကိုပဲ အားထားနေရကြောင်း ၊ ဟိုင်ဂင်သဘောတူချက် ၅ ကြိမ်ဆွေးနွေးပြီး မြေပြင်တပ်များလိုက်နာသော်လည်း စစ်ကောင်စီက လေကြောင်း၊ အမြောက်ကြီးများနဲ့ တိုက်ခိုက်နေတာ အားပြန်ကောင်းလာရင် ရှမ်းမြောက်ကို ပြန်သိမ်းလိုခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနဲ့ထွက်ပေါက် တရုတ်အလိုကျရှာနေသော်လည်း မြန်မာပြည်သူက တရုတ်မလို လားကြောင်း။

ဦးသန်းစိုးနိုင် ဝါရင့်နိုင်ငံရေးသမားကြီးကတော့ တိုင်းရင်းသားတပ်များမညီညွတ်ရင် ၁၉၄၈ တုန်းကလို ကွန်မြူနစ်၊ အလံနီ၊ ရဲဘော်ဖြူနီ၊ ကရင်KNU တပ်များမညီညွတ်ရာမှ ဦးနုအစိုးရက အိန္နိယနဲ့ယူဂိုဆလားဗီးယားက လက်နက်အင်အားရပြီး တဖြည်းဖြည်း ရှုံးနိမ့်သွားတာ နှစ် ၇၀ ကြာသလို စိုးရိမ်ကြောင်း၊ မိမိအကျိုးပဲ ဝ တပ်မတော်လို ငြိမ်သွားကြရင် နောက်နှစ် ၁၀၀ ထပ်ကြာသွားမှာ စိုးကြောင်း၊ ဟိုင်ဂင်သဘောတူချက် တရုတ်ကြားဝင်တာမဖောက်ဖျက်ချင်ရင် TNLA က မန္တလေးဘက်၊ AA က မကွေးဘက် တပြိုင်တည်း စစ်ကောင်စီအားချည့်နဲ့နေချိန် ထိုးစစ်ဆင်ဖို့ အကြံပြုပါတယ်။ 

အခြားသုံးသပ်ချက်များအရ အိမ်နီးချင်းတနိုင်ငံကမှ တော်လှန်ရေးဘက်ကိုမလိုက်တဲ့အပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့က စစ်ကောင်စီဘက် ဖြစ်နေကြောင်း၊ စစ်ကောင်စီနဲ့အလွမ်းသင့်တဲ့ ထိုင်းအစိုးရကပဲ အတိုက်ခံ Move Forward ပါတီကြောင့် တော်လှန်ရေးအင်အားစုကို အရင်ကလောက် မနှိပ်ကွပ်တော့ကြောင်း မြင်နေရပါတယ်။

NUG ရဲ့လုပ်ဆောင်မှုများကို ဝေဖန်ပြောကြားခြင်း မရှိကြပါ။ မဝေဖန်ချင်ကြပါ။ 

ကျနော့်သုံးသပ်ချက်

NUG ကလည်း မြေပြင်အထိ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့အဖွဲ့က စည်းရုံးနိုင်အား နည်းနေပါတယ်။ ငွေကြေးမလုံလောက်ခြင်းကို ခဏခဏပြောပြစရာမလိုပါ။ မပွင့်လင်းနိုင်သော်လည်း ကာကွယ်ရေးဝန်ကြီးရဲ့ PDF စစ်ဒေသမှူး ဆိုသူများက စစ်ရေးအတွေ့ကြုံမရှိတဲ့အတွက် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူးတိုင်းများမှာ "ရန်သူလက်နက် မိမိလက်နက်ဖြစ်အောင်" လဲ ပြည်သူ့စစ် စခန်းသိမ်းပွဲများ ထိရောက်စွာမလုပ်နိုင်သေးတာ စည်းရုံးရေားအားနည်းချက်ပါ။ တိုင်းရင်းသားတပ်များကလဲ NUG / PDF ကို လက်နက်ပေးမယ်မထင်ပါ။ သူတို့လည်း လက်နက် လိုအပ်နေပါတယ်။ 

NUG လုပ်နေတာက စစ်ရေးကိုအင်အားကြီး KIA AA TNLA MNDAA တို့ကြားမှာ ညှိနှိုင်းပေးရေးပဲ ဖြစ်ပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ 

ကရင်နီ၊ ကရင် နဲ့ မွန်လက်နက်ကိုင်များအကြား ညှိနှိုင်းရေးကိုတော့ အစွမ်းကုန်လုပ်ပေးနေသော် လည်း ခက်ခဲနေပါတယ်။ 

နိဂုံးသုံးသပ်ချက်

NUG /PDF က တိုက်ပွဲကြီးများကို မတိုက်နိုင်ပါ။ လုပ်ရမယ့်အလုပ်က ကြားခံညှိနှိုင်းရေး ဖြစ်ပါတယ်။ လွတ်မြောက် ဒေသအုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေးပေါ်လစီ အခိုင်အမာချပြရုံမက လုပ်ပြရပါမယ်။ 

အကယ်၍ စည်းရုံးရေးကောင်းသော Dr ဆာဆာ၊ Dr ဇော်ဝေစိုး၊ Dr တေဇာစန်း တို့လို "မြန်မာချေဂွေဗားရား" အကြီးအငယ်များကို သူတို့ရဲ့တာဝန်များကဆွဲထုတ်ပြီး မြန်မာပြည်တွင်းလွတ်မြောက် နယ်မြေများက စစ်သည်နဲ့ ပြည်သူများ၊ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များထံ ညှိနှိုင်းပေးဖို့ မြေပြင်ချီတက်ဖို့ တာဝန်ပေးရင်၊ တိုင်းရင်းသားတပ်များ ဘုံရန်သူစစ်ကောင်စီကို မြေပြင်မှာ အလျင်အမြန်အောင်နိုင်မယ်လို့ သုံးသပ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar