Breaking News

အမေရိကန်သမ္မတ ၂ ဦး၏ စကားစစ်ထိုးပွဲကြည့်ပြီး သောကရောက်နေတဲ့ TV လူရွှင်တော် Jon Stewart

အမေရိကန်သမ္မတ ၂ ဦး၏ စကားစစ်ထိုးပွဲကြည့်ပြီး သောကရောက်နေတဲ့ TV လူရွှင်တော် Jon Stewart
နိုင်ငံတကာသာဂိ (မိုးမခ) ဇွန် ၃၀၊ ၂၀၂၄
ကိုးကား - NYTime သတင်းစာ၊ မူလရေးသူ Trish Bendix


အသက် ၈၀ ဝန်းကျင် အဘိုးကြီး ၂ ဦးက အမေရိကန်သမ္မတအဖြစ် အရွေးခံနိုင်ရေး စကားစစ်ထိုးပွဲကို တီဗီကနေ ဇွန် ၂၇က တိုက်ရိုက်လွှင့်သွားပါတယ်။ အဲဒါကို ကြည့်ပြီး ချက်ခြင်း သုံးသပ်ချက်အစီအစဉ်ကို အမေရိကန်ဟာသချန်နယ် Comedy Central ၏ လူရွှင်တော် ဂျွန်စတူဝပ် က ထုတ်လွှင့်ပါတယ်။ လက်ရှိသမ္မတကြီး ဘိုင်ဒင်က အသက် ၈၀၊ သမ္မဟောင်း ထရန့်က အသက် ၇၈ နှစ်။ ဘိုးဘွားရိပ်သာမှာ စကားရည်လုပွဲကို ကြည့်နေရသလို အားလုံးက တုန်ချိချိ ၊ အသံတွေက မေးရိုးရိုက်၊ ရှေ့ပြော နောက်မေ့၊ ပြောရင်းနဲ့ စကားက ဘယ်ရောက်ကုန်မှန်းမသိ။ မေးသူက ဘာမေးမှန်းမသိ၊ ဖြေသူက ဖြေချင်တာ ဖြေ။ အမေရိကန်ပြည်ကြီးအတွက် လူတိုင်းက ရင်လေးကြောင်း၊ အလွန်စိတ်ပျက် အားငယ်မိကြောင်း တခဲနက် မှတ်ချက်ပေးကြတဲ့ ပွဲဖြစ်ပါတယ်။

ဂျွန်စတူးဝပ်ကတော့ အိမ်ပွဲစားကို အမြန်ဖုန်းဆက်ပြီး နယူးဇီလန်ကို ပြောင်းဖို့ အိမ်ရှာခိုင်းတော့မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

Jon Stewart သည် ကြာသပတေးနေ့တွင် "The Daily Show" ကို တိုက်ရိုက်လွှင့်တင်ခဲ့ပြီး သမ္မတ Biden နှင့် Donald Trump တို့ကြား စကားစစ်ထိုးပွဲကို ပြန်လည်သုံးသပ်ခဲ့သည်။ Stewart သည် အလွန်စိတ်ပူပန်သောက ရောက်ရပါသည်ဟု ဆိုလိုက်ပါသည်။

“လူနှစ်ယောက်စလုံးက လူနာတင်ကားခေါ်ရတော့မယ့် အခြေအနေ။ သူတို့နှစ်ယောက်လုံးက တောင့်တောင့်ကြီး ရပ်နေကြတယ်။ အသက်မထွက်သေးတာတော့ သေချာတယ်၊ တဆင့်တော့ အောင်ပြီ။” လို့ Stewart က စင်ပေါ်တက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ဟားလိုက်ပါတယ်။

Biden တုန်လှုပ်ဖွယ် လွဲချော်သော အဖြေတစ်ခု — “နောက်ဆုံးတော့ ငါတို့က Medicare (လူတိုင်းဆေးကုသခွင့်ရှိမှု) ကို အပြတ်ဖြတ်လိုက်တယ်” (တကယ်က ကိုဗစ်ကို အလဲထိုးလိုက်တယ်လို့ ပြောရမှာကို လွဲပြောခြင်း) — Stewart က ကင်မရာကို ထိတ်လန့်စွာ မျက်လုံးပြူးပြီး ကြည့်နေပုံ လုပ်ပြလိုက်ပါတယ်။

ဘိုင်ဒင်၏ သောက်တလွဲအပြောများကြောင့် သူ့ထောက်ခံသူများ ဒီမိုကရက်များသည် ပြတင်းပေါက်များမှ ခုန်ချကြခြင်း၊ အနီးဆုံးအိမ်သာမှာ သွားရောက် အော့အန်ကြခြင်းတို့ လုပ်သင့်သည် ဟု လူရွှင်တော်က ဝေဖန်လိုက်ပါတယ်။

"လူတော်တော်များများက 25th Amendment ဘက်ကို မျက်နှာမူသင့်နေကြပါပြီ။" - JON Stewart က အဲသလို မှတ်ချက်ပေးသည်။ အမေရိကန်၏ အခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ မှာ သမ္မတကို အရေးပေါ် အစားထိုး လူလဲ ခန့်အပ်ခြင်း ဖြစ်သည်။

Stewart က Trump ကို ဝေဖန်ရာမှာ သူ့ခင်မျာ အမှန်ကို မပြောတတ်တော့ဘဲ တသက်လုံး လိမ်လည်လှည့်ဖြားမှုများစွာ ပြောပြီး ဘ၀ကို အဆုံးသတ်နေသည်ဟု ဆိုလိုက်ပါတယ်။ ထရန့်က သူ့ဖာသာသာ လိမ်တာတင်မဟုတ်ဘဲ တပြည်လုံးကို လိမ်ပြီး သမ္မတပြန်ဖြစ်လာဦးမယ်ဆိုရင် ငါတို့လည်း ဘာဖြစ်ကုန်မယ် မသိဘူးလို့ ဆိုလိုက်ပါတယ်။

ထရန့်ပြောသမျှအားလုံးကို ရုပ်သံနဲ့ ကောက်နုတ်ပြပြီး လူရွှင်တော်က "ဒါတွေအားလုံး ရှင်းပါတယ်၊ Donald Trump ပြောခဲ့သမျှဟာ မုသားတွေချည်းပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။ နယ်စပ်ဖြတ်ကျော်တွေအားလုံး လူသတ်သမားတွေ ဖြစ်ကြောင်း၊ မိန်းမများကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို သူက ထိန်းကြောင်းပေးနေကြောင်း၊ သူ့ကြောင့် တိုင်းပြည်ကြီးကောင်းလာကြောင်း၊ ဘိုင်ဒင်လုပ်လို့ တိုင်းပြည်ကြီးပျက်စီးသွားပြီ ဖြစ်ကြောင်း၊ ဒါတွေကိုပဲ အထပ်ထပ်အခါခါပြောနေတာကို လူတွေက သီးခံကြည့်နေရတာဖြစ်တယ်လို့ သူက မှတ်ချက်ပေးလိုက်ပါတယ်။

“ဒီည စကားစစ်ထိုးပွဲ ကြည့်ပြီးမှ ပြောပါရစေ၊ ဒီလူ နှစ်ယောက်စလုံးက စွမ်းအားမြှင့် ယောကျာ်းအားတိုးဆေးတွေကို သုံးစွဲထားကြပုံရပါတယ်။ အဲသည်အားတိုးဆေးက ၎င်းတို့၏ ကြည်လင်ပြတ်သားမှု၊ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးမယ့်ပုံ လုံး၀မရှိပါ။ သူတို့သုံးစွဲနေသည့် အားတိုးဆေးတွေဆိုတာက ၎င်းတို့၏ သစ္စာရှိမှု၊ အကျင့်စာရိတ္တတို့ကိုကျဆင်းစေပြီး ဆိုးရွားသောအတ္တကြီးမှုများကို မြှင့်တင်ပေးမည်ဆိုပါက အဆို ပါထိုးဆေးကို ဖြတ်လိုက်ကြပါလို့ - JON Stewart က ပြောလိုက်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar