ရှမ်းမြောက်က စစ်ပွဲတွေနဲ့ မြင့်တက်လာတဲ့ အရပ်သား သေဆုံးမှု၊ ကျယ်ပြန့်လာတဲ့ စစ်ဘောင်
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၉ မြင်ကွင်း
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၄
ရှမ်းမြောက်က စစ်ပွဲတွေနဲ့ မြင့်တက်လာတဲ့ အရပ်သား သေဆုံးမှု၊ ကျယ်ပြန့်လာတဲ့ စစ်ဘောင်
ခုရက်ပိုင်း နားဆင်၊ ဖတ်ရှုနေကြရသည့် ရှမ်းမြောက်က စစ်ပွဲသတင်းတွေ၊ မြို့တွေကို သိမ်းယူဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်၊ ဝိုင်းပတ်တိုက်ခိုက်မှုတွေ၊ တံတားတွေ ဖျက်ဆီးတာတွေ၊ လက်နက်ကိုင်အဖွဲ့တွေက လမ်းခရီး သွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားတာတွေ၊ မြို့တွေ လူနေရပ်ကွက်တွေ အပေါ် အမြောက်ကျည်၊ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကျတာတွေ၊ ဒရုန်းဗုံးကျရောက်တာတွေကြောင့် အရပ်သားသေဆုံးရတဲ့ အဖြစ်တွေ၊ မိသားစုတစုလုံးနီးပါး နေအိမ်မှာ ထိမှန်သေဆုံးကြရတဲ့ အဖြစ်တွေ တခုပြီးတခု ရင်နင့်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြားသိနေကြရပါတယ်။
မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားလာသည့် မြို့တွေမှ လူစွန့်ခွာသွားကြပြီလို့ အချို့သတင်းတွေမှာ ခန့်မှန်းပြောဆိုကြပေမယ့် အချို့သတင်းတွေမှာတော့ မြို့မှထွက်ခွာ ပြောင်းရွှေ့ရမယ့် လမ်းကြောင်းတွေပေါ်က တံတားတွေ ချိုးဖြတ်ထားလိုက်ကြတာတွေ၊ ကားလမ်းကို မြေသားဖြတ်တောက် ထားကြတာတွေနဲ့ မြို့နေလူထု အနေနဲ့ ထွက်ခွာတိမ်းရှောင်ဖို့ အခက်အခဲတွေ ပတ်ပတ် လည်ဝိုင်းနေသည့်အခြေအနေမျိုးလည်း ဖြစ်နေတာ ကြားသိနေရပါတယ်။
ကျောက်မဲ၊ သီပေါ တို့လို ရှမ်းပြည်နယ်မြောက်ပိုင်းက လမ်းမကြီးပေါ်က လူဦးရေသိန်းကျော် နေ ထိုင်ကြတဲ့မြို့တွေက လူထုတွေ ရက်အနည်းငယ်အတွင်းတိမ်းရှောင်ဖို့ ဆုံးဖြတ်ကြရတဲ့အနေ အထားက ပြောသလောက် လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ကျောက်မဲမြို့လို ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမြောက်ပိုင်းမှာရှိတဲ့ ပလောင်ဒေသတွေနဲ့ ဆက်သွယ်ကုန်စည်ဖလှယ်ရာမြို့မှ တိမ်းရှောင်ခြင်း မပြုနိုင်တဲ့သူတွေထိခိုက်သေဆုံးမှုသတင်းတွေ ထွက်ပေါ်လာရာမှာ ရက်အနည်းငယ်အတွင်း အရပ်သား သေ ဆုံးမှုကိန်းဂဏန်းတွေက ဆယ်ဂဏန်းနဲ့ရှိနေပြီလို့ သတင်းတချို့က ဖေါ်ပြကြတာတွေ့ရပါတယ်။ သေဆုံးသူ အားလုံးက အရပ်သားတွေလား တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေလား ဆိုတာ ရောထွေးနေတဲ့ အနေအထားလည်း ဖြစ်ပြီး အချို့ သတင်းတွေကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလို့ ဆိုပြီး အချို့သတင်းတွေမှာ နှစ်ဖက် တပ်ဖွဲ့ဝင် ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုကြပြန်ပါတယ်။
မြို့ကို လူအများစွန့်ခွာသွားကြချိန် ထွက်ခွာခြင်း မပြုနိုင်တဲ့သူတွေက ငွေကြေး၊ အဆက်အသွယ်၊ အခြားသောမြို့ရွာမှာ ဆွေမျိုးသားချင်း မရှိတဲ့သူတွေ၊ ကျန်းမာရေးမကောင်းလို့ ကားနဲ့တောင် မသွားနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ သူတို့ကို စောင့်ရှောက်သူတွေ၊ မိမိတို့ ပိုင်ဆိုင်မှု နေအိမ် ပစ္စည်းတွေကို ထားခဲ့ရမှာကို နှမြောသူ၊ မြို့မှာပဲ ဘယ်လိုဖြစ်ဖြစ် နေမယ်လို့ ဆုံးဖြတ်ထားသူ စသဖြင့် အမျိုးမျိုးသော အခြေအနေ ရှုထောင့်တွေကနေတွေးပြီး ကိုယ်နေထိုင် လုပ်ကိုင်စားသောက်ရာမြို့မှာပဲ တိုက်ပွဲဖြစ်တဲ့ ကြားထဲ နေရစ်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။
ဒီလိုအခြေအနေကြားထဲမှာ ပရဟိတကူညီရေးအသင်းတွေက မြို့တွေမှာ ဆက်လက်ရှိနေပြီး ထိ ခိုက်ဒဏ်ရာရသူတွေ ဆေးကုသပေးနိုင်တဲ့နေရာကိုပို့ဆောင်ပေးတာ၊ ရွှေ့ပြောင်းချင်တဲ့ သက်ကြီးရွယ်အိုတွေကိုသယ်ဆောင်ပေးတာ၊ စစ်ပွဲထဲ ထိခိုက်သေဆုံးရသူတွေကို သင်္ဂြိုဟ်ပေးတာတွေ လုပ်ဆောင်ပေးနေပြီး ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာကောင်းလောက်တဲ့ လုပ်ဆောင်မှုတွေနဲ့ မြို့တွေမှာ ကျန်နေရစ်ခဲ့ကြတာ တွေ့ရပါတယ်။
ကျောက်မဲမြို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ရှမ်းမြောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားတိုင်း တိမ်းရှောင်လာတဲ့စစ်ဘေးရှောင်တွေကို မြို့နေလူထု၊ ဘာသာရေးအဖွဲ့အစည်းတွေ ဘုန်း ကြီးကျောင်းတွေနဲ့ ပရဟိတအဖွဲ့တွေက လက်ခံကူညီစောင့်ရှောက်ခဲ့ကြတဲ့ မြို့တမြို့လည်း ဖြစ်ပြီး အခုတကြိမ်မှာတော့ ကျောက်မဲမြို့ခံတွေ ကိုယ်တိုင် စစ်ဘေးတိမ်းရှောင်ရတဲ့ အနေအထားကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲတွေက နိုင်ငံရေးအရ မဖြေရှင်းနိုင်တဲ့ပြဿနာတွေကို ဖြေရှင်းတဲ့ နည်းလမ်းတခုအဖြစ် အချို့က အဓိပ္ပါယ်ဖွင့်ဆိုကြတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ စစ်ပွဲနှင့်ပတ်သက်တဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ကို ဖွင့်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် ဖွင့်ဆိုသူတွေက နိုင်ငံရေးသမားတွေထက် စစ်ရေးခေါင်းဆောင်တွေက ဖွင့်ဆိုခဲ့ကြခြင်းက အများစုဖြစ်ပြီး စစ်ပွဲတွေမှာဦးဆောင်တိုက် ခိုက်ရင်း စစ်ပွဲတိုင်းမှာ နိုင်ငံရေးရည်ရွယ်ချက်များပါရှိသည့်အသွင်မျိုး ယေဘုယျကောက်ချက်ဆွဲကာ ဖွင့်ဆိုခဲ့ကြသည်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးဦးတည်ချက်ရှိတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးရည်မှန်းချက်ရှိသည့်အဖွဲ့အစည်းတွေ ရပ် တည်ရေး၊ ကျယ်ပြန့်လာရေးအတွက် စစ်ရေးနည်းလမ်း တနည်း လက်နက်ကိုင်နည်းလမ်းနဲ့ မိမိတို့ အဖွဲ့အစည်းကို ခုခံကာကွယ်၍ ရပ်တည် ကြသည်လည်းရှိသလို အချို့သော စစ်အင်အားစုတွေက တော့ နိုင်ငံရေးနည်းလမ်း၊ နိုင်ငံရေးရည်မှန်းချက်ထက် အာဏာကိုသာရည်ရွယ်ကြတဲ့သမိုင်းအဖြစ်အပျက်တွေလည်း သမိုင်းဖြစ်ရပ်တွေ၊ သာဓကတွေအနေနဲ့ ရှိနေကြတာလေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။
စစ်အင်အားစုတိုင်း နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေးအရ မဖြေရှင်းနိုင်တာကြောင့် စစ်ရေးနည်းလမ်းကို သုံးကြရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံ၊ လူမျိုးတွေရဲ့ သမိုင်းနောက်ခံ၊ အစဥ်အလာ၊ သမိုင်းဆိုင်ရာ အစွဲတွေ အယူအဆတွေရဲ့ သက်ရောက်မှုတွေကြောင့်လည်း စစ်ရေးနည်းလမ်းကိုသာ ကိုင်စွဲပြီး အာဏာကို တည်ဆောက်ဖို့ ကြိုးစားကြတာမျိုးလည်း သမိုင်းဖြစ်စဥ်တွေမှာ ရှိနေကြတာ တွေ့ရမှာပါ။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးက လွတ်လပ်ရေး ရပြီးနောက် တနှစ်ခန့်အကြာကတည်းက စတင်တောက်လောင်ခဲ့ရာမှာ အရှိန်ညီးညီးတောက်လောင်လိုက်၊ အရှိန်လျော့သွားလိုက်၊ ဆယ်စုနှစ်ချီ ကြိုကြားကြိုကြား တိုက်ပွဲတွေနဲ့ စစ်ပွဲကြီးကြီးမားမား မဖြစ်ပွားဘဲ ကျော်ဖြတ်လိုက် တကျော့ပြန် အရှိန်ကောင်းလာလိုက် ဖြစ်လာခဲ့တာ တွေ့ရမှာပါ။
စစ်ပွဲတွေရဲ့ ပြဿနာတွေက ဗမာနဲ့တိုင်းရင်းသားအကြား၊ စစ်တပ်က နိုင်ငံရေးအာဏာကို အပြည့် အဝချုပ်ကိုင်ပြီး ဆန့်ကျင်သူအဖွဲ့အစည်းတွေအားလုံးကို ဖိနှိပ်အုပ်ချုပ်ကာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘာသာစကား၊ ယဥ်ကျေးမှုထိန်းသိမ်းရေးလိုမျိုးကိုပင်လျင် လွတ်လွတ်လပ်လပ်လုပ် ဆောင်ခွင့် မပေးခဲ့ရာက အမျိုးသားရေး လှုပ်ရှားမှု၊ တနည်းအားဖြင့် လူမျိုးစု လွတ်မြောက်ရေး လှုပ်ရှားမှုအသွင်နဲ့ စစ်ရေးနည်းလမ်းက မြန်မာနိုင်ငံရဲ့ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ရပြီးနောက် သမိုင်းတလျှောက်မှာ လုံးလုံးလျားလျား ပစ်ပယ်ခြင်း မပြုနိုင်တဲ့ နည်းလမ်း တရပ်အဖြစ် ရှိခဲ့တာဖြစ်ပါတယ်။
သမိုင်းဖြစ်စဥ်တခု အချိန်ကာလတခုမှာ စစ်ရေးနည်းလမ်းကို ကိုင်စွဲခြင်းက မှန်ကန်သလား မှား ယွင်းသလားဆိုတာ လုံလောက်တဲ့ အချိန်ကာလတခု ရောက်မှ အကျိုးရလဒ်တွေကို ဆန်းစစ်ပြီး သမိုင်းမှာ မှတ်တမ်းတင်နိုင်ကြမယ်လို့ ထင်မြင်မိပါတယ်။
စစ်ရေးနည်းလမ်းကို ကိုင်စွဲဖို့ ဆုံးဖြတ်ခဲ့ကြသူတွေက အောင်မြင်သည် ဖြစ်စေ၊ အပြင်းအထန် ခုခံရပ်တည်နေရသည် ဖြစ်စေ စစ်ရေးနည်းနဲ့ ရင်ဆိုင်တိုက်ခိုက်နေစဥ် ကာလတွေမှာတော့ ဓမ္မဓိဋ္ဌာန်ကျတဲ့ သမိုင်းရှုမြင်မှုတခု မှန်ကန်စွာ သုံးသပ်နိုင်ဖို့ အနေအထားမှာ မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ မိမိတို့ ကိုင်စွဲတဲ့ လမ်းစဥ်မှန်ကန်ကြောင်းကို တဖက်အဖွဲ့အစည်းရဲ့ အပြစ်တွေ၊ ကျူးလွန်မှုတွေနဲ့ ယုတ္တိဆင်ခြင်မှု တည်ဆောက်ကြပြီး ဝါဒဖြန့်စည်းရုံးကြလေ့ရှိတာ သမိုင်းဖြစ်ရပ်တွေမှာ တွေ့မြင်ရမှာပါ။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ပြောင်းလဲလာတဲ့အခြေအနေကတော့ အာဏာသိမ်း စစ် တပ်ကို ဆန့်ကျင်တဲ့သူတွေ အများအပြားက စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ နကိုက လက်နက်ကိုင်တပ်တွေ မရှိခဲ့တဲ့နယ်မြေ ဒေသတွေမှာပင်လျှင် လက်နက်ကိုင် တပ်တွေ ရွာအလိုက်၊ မြို့အလိုက် ဖွဲ့စည်းကြပြီး အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့ အဖြစ်အပျက်လမ်းကြောင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့တာပါ။
စစ်ရေးနည်းလမ်းသာ ရှေ့ဆက်လို့ရတော့မယ် ဆိုတဲ့ ယူဆမှုကို ပိုမိုဖြစ်ပေါ်စေပြီး လူမျိုးစုတွေ အလိုက်၊ နယ်မြေဒေသတွေအလိုက် လက်နက်ကိုင် အဖွဲ့အသစ်တွေ ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေထဲကလည်း စစ်ရေးလမ်းစဥ်ကို သြဘာပေးကြတဲ့သူတွေ အများအပြားပေါ်ထွက်လာကြသလို အာဏာမသိမ်းမီကတည်းက ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း စစ်ရေးနည်းလမ်းကို ပိုမိုအားစိုက်ကာ လူ၊ လက်နက် အင်အားဖြည့်တင်းကြဖို့ အခွင့် အလမ်း ဖြစ်စေခဲ့ကာ လက်နက်ကိုင် တပ်ဖွဲ့အင်အား အရေအတွက် သိသိသာသာ တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ရေးနည်းလမ်း ပြည်တွင်းစစ်မီးရဲ့ တောက်လောင်မှုကို လူထုအနေနဲ့ စစ်ရေးနည်းလမ်းကို ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သက်ရောက်ခံစားကြရတဲ့ အခြေအနေဖြစ်ပြီး လူထုရဲ့ ဘယ်လောက်ရာနှုန်းက စစ်ရေးနည်းလမ်းကို ထောက်ခံသလဲ သို့မဟုတ် ဆန့်ကျင်သလဲ ဆိုတာ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူတာမျိုး မရှိတာကြောင့် မသိနိုင်တဲ့ အနေအထား ဖြစ်ပြီး စစ်ပွဲကာလတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝအတိုင်း လက်နက်ကိုင် အုပ် ချုပ်မှုအောက်မှာ သာမန်လူထုအနေနဲ့ မိမိတို့အမြင်ကို ထုတ်ဖော်ပြောဆိုမရဲတဲ့အနေအထားလည်း ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar