ရှမ်းမြောက်က စစ်ဘေးရှောင်တွေရဲ့ အကျပ်အတည်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၃၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၄
ရှမ်းမြောက်က စစ်ဘေးရှောင်တွေရဲ့ အကျပ်အတည်း
သီပေါနဲ့ ကျောက်မဲ အကြားက ဖောက်ခွဲချိုးဖျက်ခံထားရတဲ့ တံတားတစင်း ရဲ့ စောက်မတ်တဲ့ ဆင်ခြေလျောမှာ လူတွေဆင်းတက်နိုင်ဖို့ ကြိုးတချောင်းကို ချည်နှောင်ထားပြီး ကြိုးကို တွယ်ဆင်းနေတဲ့ သီလရှင်ငယ် ၁၀ ပါးခန့်ရဲ့ ပုံကို ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံက လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့လာပါတယ်။ နောက်ဓါတ်ပုံတပုံကတော့ လမ်းမလျှောက်နိုင်တဲ့ ကျန်းမာရေးမကောင်းသူကလည်း အဆိုပါ တံတားမှာ ကြိုးနဲ့ နောက်ပြန်လျောဆင်းတာကို လူ ၃/၄ ဦးက ဝိုင်းကူညီဖေးမနေကြတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေကိုမြင်ရတဲ့အခါ သီပေါ၊ ကျောက်မဲ အစရှိတဲ့ ရှမ်းမြောက်ဒေသက ဘုန်းကြီးကျောင်း သီလရှင်ကျောင်းတွေက ဘုန်းတော်ကြီးနဲ့ သီလရှင်တွေလည်း စစ်ဘေးတိမ်းရှောင်ရတဲ့အထဲ ပါ ဝင်နေတယ်ဆိုတာကို ပေါ်လွင်စေတာ ဖြစ်ပါတယ်။ သာမန်လူထုတွေတင်မက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေပါ တိမ်းရှောင်ကြရတဲ့အနေအထား စစ်ပွဲလှိုင်းက အားလုံးသိမ်းကျုံးတိုက် စားသွားမယ့်အနေအထားမျိုးဆိုတာကိုသတိပြုမိသလို သီလရှင်ငယ်တွေရဲ့ ရုပ်ပုံမြင်ရတဲ့အခါ ဒီသီလရှင်ငယ်တွေဟာ ဘာသာရေး အကြောင်းသက်သက်ကြောင့်မဟုတ်ပဲ၊ ပြည်တွင်းစစ်ကြောင့် သီလရှင်အဖြစ်ကိုရောက်လာရတဲ့ သူတွေ ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း မတွေးမိပဲမနေနိုင်ပါဘူး။
ဆယ်စုနှစ်တခုမက ကြာရှည်လာနေတဲ့ ပြည်တွင်းစစ်ကာလတွေအတွင်း ကျေးရွာတွေမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေက လူသစ်စုဆောင်းတဲ့အခါ အမျိုးသားပါမက အမျိုးသမီးပါစုဆောင်းတာတွေရှိခဲ့တာကြောင့် မိဘတွေအနေနဲ့ မိမိတို့သားသမီးအရွယ်မရောက်ခင်ကတည်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း သို့မဟုတ် သီလရှင်ကျောင်းတွေမှာ သာသနာ့ဝန်ထမ်းအဖြစ်ထည့်သွင်းပြီး ပညာဆက်လက်သင်ယူခွင့်ရအောင် စီမံလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ ကိုရင်၊ ရဟန်းနဲ့ သီလရှင်တွေ အရေအတွက် ကြာလေများလာလေဖြစ်နေခြင်းဟာ တိုင်းရင်းသားဒေသတွေမှာ စစ်မက်ဖြစ်ပွားနေတယ်ဆိုတဲ့အချက်ကို ထင် ဟပ်စေတာလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ မန္တလေး၊ ပခုက္ကူတို့က စပြီး မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေ အထိ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ တိုင်းရင်းသားဒေသက ကိုရင်/ သီလရှင်ဝတ်လာသူ အများအပြား ရှိတယ်ဆိုတာ အများသိရှိပြီးသားကိစ္စတခုလို့ ဆိုနိုင်ပါတယ်။
ယခင်ဆယ်စုနှစ်တွေအတွင်း ရှမ်းမြောက်မှာဖြစ်ပွားတဲ့စစ်ပွဲတွေကြားမှာ ဘုန်းတော်ကြီးတွေ၊ဘုန်းတော်ကြီးကျောင်းတွေကို ၂ ဖက်စလုံးက တိုက်ခိုက်ခြင်းမရှိကြပဲ၊ ကျေးရွာတွေက နေထိုင်သူတွေအားလုံး စစ်ဘေးတိမ်းရှောင်ကြရသည့်တိုင် ရွာရဲ့ ဘုန်းတော်ကြီးကျောင်းက ဘုန်းတော်ကြီးတွေက တိမ်းရှောင်ခြင်းပြုစရာမလိုပဲ ကျန်နေခဲ့ကြတာမျိုးဖြစ်ပါတယ်။ အဲဒီကာလတွေက နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ရန်ရှာခြင်းမပြုပဲ၊ တခါတရံ ရွာမှာကျန်ခဲ့တဲ့ ဦးဇင်း သို့မဟုတ် ဆရာတော်တွေရဲ့ ဆွမ်းကွမ်းကိစ္စတွေကိုပင်လျှင် လက်နက်ကိုင်အဖွဲ့တွေက လှူဒါန်းတာမျိုးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ယခင်အတိတ်ကာလတုန်းက ရှမ်းမြောက်ဒေသရဲ့ မိုင်းငေါ့မြို့အနီးက ကျေးရွာတချို့နဲ့ ကျောက်မဲမြို့နယ်ထဲက အချို့ကျေးရွာတွေမှာ ရှမ်းလက်နက်ကိုင်တပ်၊ တအန်းလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။ အဒီကာလတွေတုန်းက ကျေးရွာတွေမှာ အခုလို တရွာလုံးမီးရှို့ခံရတဲ့အဖြစ်မျိုး၊ အရပ်သားတွေ သာသနာ့ဝန်ထမ်းမရွေး တိုက်ခိုက်သတ် ဖြတ်တာတွေ အလွန်နည်းပါးခဲ့တာတွေ့ရပြီး ဘုန်းတော်ကြီးတွေအနေနဲ့ စစ်ဘေးရှောင်ရသူတွေ အစုထဲ မပါဝင်ခဲ့ပါဘူး။
အခုတကြိမ်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မီးက အဲဒီကာလတွေ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့တဲ့ ခေတ် ကာလတွေထက် အဆများစွာဆိုးရွားပြီး ပျက်စီးမှုအနေနဲ့လည်း မနှိုင်းယှဥ်နိုင်လောက်အောင် များ ပြားသလို၊ အရပ်သားအသက်ဆုံးရှုံးမှု လည်းအများဆုံး ကာလတခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။
ရခိုင်မှာ ကရင်နီဒေသမှာ၊ မွန်၊ ကရင် စစ်ကိုင်းနဲ့ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့လို ဒေသတွေမှာလည်း စစ်ဘေးရှောင်တိမ်းကြရတာရှိသလို ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပြီး အမှန်တော့ မြန်မာနိုင်ငံဘယ်ဒေသမှာမဆို စစ်ဘေးရှောင်ရတဲ့အဖြစ်က သာမန်အဖြစ်အပျက် တရပ်သဖွယ်ယူဆလာကြတဲ့အနေအထားလည်း ဖြစ်ပါတယ်။
ဇွန်လနှောင်းပိုင်းမှာ စတင်လိုက်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကတော့ တရားဝင်ထုတ်ပြန်ထားတာမတွေ့ရသေးသော်လည်း သတင်းမီဒီယာတွေနဲ့အချို့သော လေ့လာစောင့်ကြည့်သူတွေက ၁၀၂၇ စစ်ဆင်ရေးရဲ့အဆက် ဒုတိယလှိုင်းလို့အမည်ပေးထားကြတဲ့ ရှမ်းမြောက်ဒေသရဲ့ ဒုတိယအကျော့စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ စတင်ပြီး ရက်အနည်းငယ်အတွင်း မြို့တွေပေါ်ကို လက်နက်ကြီးကျည်ကျရောက်လာသလို၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း လျင်မြန်စွာရောက် လာပြီး ဒီဒေသက လူထုတွေအနေနဲ့ စစ်ဘေးကနေ ရုတ်တရက်ရှောင်တိမ်းကြရတဲ့အဖြစ်တွေ ဖြစ်လာခဲ့တာပါ။ ရှမ်းမြောက်ဒေသအနေနဲ့ အခြားဒေသတွေထက် ထူးခြားတဲ့စိမ်ခေါ်မှုကတော့ မြို့ကနေ ထွက်ခွာမယ့်လမ်းကြောင်းတွေနည်းပြီး အဲဒီလမ်းကြောင်းတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ လက်နက်ကိုင်အဖွဲ့တွေက ဖျက်ဆီးလိုက်တဲ့အခါ ကားလမ်းတွေကိုအသုံးပြုခွင့်မပေးပဲ ပိတ်ထားလိုက်တဲ့အခါ မြို့နေလူထုတွေအရူးမီးဝိုင်းအဖြစ်မျိုးကြုံကြရပြီး အချို့လည်းမြို့ကနေ ထွက်ခွာရှောင်တိမ်းမယ့်စိတ်ကူးကို စွန့်လွှတ်လိုက်ကြကာ ကိုယ့်နေအိမ်မှာပဲနေကြဖို့ ဆုံးဖြတ်လိုက်ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့အနေနဲ့တော့ အခုတကျော့ စစ်ဆင်ရေးမှာ နယ်မြေထပ်မံ သိမ်းယူနိုင်ရေး၊ မြို့တွေသိမ်းယူနိုင်ရေး၊ မြေပြင်ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေ ပိတ်ဆို့ရေးကိုသာ အာရုံစိုက်ပြီး တတ်နိုင်သမျှအမြန်ဆုံးသိမ်းယူဖို့ လက်နက်နဲ့ လူအင်အားအကုန်သုံးကာ တိုက်ခိုက်နေကြချိန် ဒီဒေသထဲမှာ နေထိုင်နေကြတဲ့ သာသနာ့ နယ်ပယ်ကသူတွေအပါအဝင် လူထုတွေအနေနဲ့ အသက်ဘေးလွတ်ဖို့ကိုသာ ပထမ ဦးစားပေးထားပြီး တိမ်းရှောင်နိုင်တဲ့အခွင့်အလမ်းတွေကိုဖမ်းဆုပ်ကာ အသက်ဘေးလွတ်ဖို့ ကြိုးပမ်းနေကြရတဲ့အနေအထားလည်း ဖြစ်ပါတော့တယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar