မောင်သော်တာ -
စနေ တနင်္ဂနွေ
မောင်သော်တာ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၄
ပညတ်တွေခွာချပြီး ငါတို့ ဘယ်လို ဆက်သွယ်ကြမလဲ
ပေါက်ကွဲသံတစ်ခုခုကြားရပေမယ့် ထွက်ပြေးစရာလို့ကိုမထင်တော့ဘူး
နေ့တိုင်းနေ့တိုင်းဟာ တစ်ယောက်ယောက်ရဲ့ Happy Birthday မဟုတ်လား
လေယာဉ်သံကြားရတဲ့ မိုးမလင်းတလင်းအချိန်ကြီးတွေ
ကားဘီးပေါက်သံပဲ ဖြစ်မှာပါလို့ တစ်ယောက်က မှတ်ချက်ချပြီး ပြန်အိပ်တယ်
အကုသိုလ်များပါတယ် သေကိုမသေနိုင်တော့ဘူးလားလို့ တစ်ယောက်က ကျိန်ဆဲပြီး ထထိုင်တယ်
အိပ်မက်ဆိုးတွေအဖို့ စနေ တနင်္ဂနွေရယ်လို့ ရှိကောရှိရဲ့လား
မနက်မိုးလင်းရင် ဒီနေ့ဟာ တိမ်ပြာပြာနေ့တစ်နေ့လား သီချင်းသံ နားစွင့်မိပြန်တယ်
ခင်များတို့ ခွေးဖြူကိုက်တာ ကြိုက်သလား ခွေးမဲကိုက်တာကြိုက်သလားတဲ့
ဆရာတော်ဘုရားရယ် တပည့်တော်တို့အားလုံး သားရဲတွင်းထဲ အခု ရောက်နေပါပေါ့
တချို့က ခွေးချစ်သူများတဲ့လေ ခွေးကို ဟဲ့ ခွေးလို့ ဟန့်မိတာ စိတ်ကိုဆိုးလို့
မြစ်တစ်ဘက်ကမ်းကို မြစ်တစ်ဘက်ကမ်းက လက်နက်ကြီးနဲ့ လှမ်းထုလိုက်တယ်
မြစ်တစ်ဘက်ကမ်းဟာ တောင်တန်းတွေနဲ့လှပနေပြီး မြစ်တစ်ဘက်ကမ်းဟာ ချောက်နက်နက်ကြီးတွေ တူးဆွနေတယ်
မြစ်'ဆိုတဲ့အဓိပ္ပာယ်ကိုက တားမြစ်ခြင်း'စကားလုံးထဲကယူလာတာပဲ ကိုသော်တာရဲ့
နာမည်လှပြီး အသားမည်းတဲ့ မိုးပေါ်ကလကို ကျနော်တို့လွမ်းသလိုနေမှာပါပဲ
စကားစပ်လို့ လပေါ်မှာရော စနေ တနင်္ဂနွေတွေ ရှိရဲ့လား
ပြဿဒါးတွေ ရက်ရာဇာတွေ ရှိလား
မိုးရွာတယ် နေပူတယ်လို့ ရှိလား
တကယ့်ဘဝတွေမှာရော ဒီနေ့လို တိမ်ပြာပြာနေ့တစ်နေ့ ရှိမလား
ငတ်မွတ်ဆာလောင်မှုတွေ ၊စစ်မက်ဘေးဒဏ်တွေကရော
စနေ တနင်္ဂနွေကို ဘယ်လိုပစ်ခတ်ဖောက်ခွဲနေမလဲ
ပေါက်ကွဲသံတွေ မကြားရတော့တဲ့နေ့တစ်နေ့ကို မိုးလင်းရင် မြင်ရမှာလား
10 july.2024
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar