Breaking News

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၂)

ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၂)

(မိုးမခ) ဇွန် ၁၀ ၊ ၂၀၂၄

ပြီးခဲ့တဲ့အပတ်က ကျနော်တို့ အာဏာအကြောင်း အနည်းအကျဥ်း မိတ်ဆက်ခဲ့ကြပါတယ်။ အာဏာ (Power) ဆိုတာ လေးနက်ပြီး နက်နဲကျယ်ဝန်းတယ်လို့ ပညာရှင်များ သုံးသပ်ကြပါတယ်။

မိသားစုအတွင်း အာဏာ တည်ဆောက်တာကစပြီး နိုင်ငံအာဏာ တည်ဆောက်တာ အဆုံး၊အာဏာတည်ဆောက်မှုဟာ အရေးပါလေ့ ရှိပါတယ်။ အာဏာကို အာဏာရှင်စနစ်နဲ့ အကြမ်းဖက်တည်ဆောက်မှာလား၊ ဒါမှမဟုတ် အာဏာကို လူထု ဆန္ဒနဲ့အညီ တည်ဆောက်မှာလားဆိုတဲ့ အာဏာတည်ဆောက်မှုသဏ္ဌာန်ကလည်း အဆုံးအဖြတ်အခန်းမှာ ပါလာပြန်ပါတယ်။ ဒီအတွက် ကျနော်တို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုတာတွေဟာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြဋ္ဌာန်းတော့တာပါပဲ။

တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုတာ လူထုနဲ့ လူထုကိုယ်စား လူထုကို အုပ်ချုပ်မယ့် အစိုးရတွေကြား အခိုင်အမာ ထူထောင်ထားကြတဲ့ ကတိကဝတ် စာချုပ်စာတမ်းတွေပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့ ခေတ်ဟောင်းလူ့အဖွဲ့အစည်းတွေမှာ သေနတ်ရှိရင် အာဏာရှိတယ်ဆိုတဲ့ အယူအဆဟာ လွှမ်းမိုးလေ့ရှိပြီး လူ့အဖွဲ့အစည်းအတွက်လည်း အလွန်အန္တရာယ်ကြီးပါတယ်။

အာဏာအဝန်းအဝိုင်း ကျယ်ပြန့်လာတာနဲ့အမျှ အာဏာနဲ့ပတ်သက်ပြီး အသုံးအနှုန်းတွေ၊ အမျိုးအစားတွေ တည်ဆောက်မှုစနစ်တွေဟာ သိပ္ပံနည်းကျလာတာ တွေ့ရပါတယ်။

ပါဝါ ဆိုတာ ဘာလဲ။ ဘယ်လို သဏ္ဌာန်တွေနဲ့ လူ့အဖွဲ့အစည်းမှာ တည်ရှိနေသလဲ။

နယ်ပယ်အသီးသီးမှာ ရှိနေတဲ့ ပါဝါတွေနဲ့ပတ်သက်ပြီး ဘယ်လို နားလည်ယူကြမလဲ။

လက်တွေ့နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်နေသလဲ။ 

စစ်ပွဲတွေရဲ့ အဆုံးအဖြတ်ဟာ အာဏာပေါ် ဘယ်လို တည်မှီနေသလဲ စသဖြင့် ပါဝါရဲ့ ကျယ်ဝန်းတဲ့နယ်ပယ်တချို့ကို တူးဆွကြည့်လိုပါတယ်။

ပါဝါ ဆိုတဲ့ အသုံးအနှုန်းကို ကျနော်တို့ နိုင်ငံရေးနယ်မှာ အာဏာ ဆိုပြီး သုံးလေ့ရှိပါတယ်။ 

ဆိုလိုတာက အခြား နယ်ပယ်တွေမှာတော့ ပါဝါ ဆိုတာကို အာဏာဆိုပြီး သုံးလေ့မရှိပါဘူး။ ပါဝါ ဆိုတာကို ယေဘုယျပြောရရင်တော့ အလုပ်လုပ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းကို ဖော်ပြတဲ့ တိုင်းတာမှုတခုလို့ သတ်မှတ်ပြောကြရမယ် ထင်ပါတယ်။ 

ဥပမာ— အာဏာ (Political Power) ကို လူ့အဖွဲ့အစည်း၊ နိုင်ငံ၊ မတူကွဲပြားတဲ့ လူထုလူတန်းစားအဖွဲ့အစည်းများ လုပ်ငန်းများမှာ အစိုးရ၊ အုပ်ချုပ်မှု စတဲ့ လှုပ်ရှားမှုတွေကို စီမံထိန်းချုပ်နိုင်တဲ့ စွမ်းဆောင်မှုဟာ (အာဏာ) ဖြစ်ပါတယ်။

ပြည်သူ့အာဏာ ( People Power ) ဆိုတာကတော့ လူ့ထုရဲ့ ဆုံးရှုံးသွားတဲ့ အာဏာကို လူထုလက်ကို ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို ရည်ညွှန်းလေ့ရှိပါတယ်။ ဆိုလိုတာက လူထုကိုယ်တိုင် ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ပြီး မိမိ ဆုံးရှုံးသွားတဲ့ မူလ အခွင့်အရေးတွေကို ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများက စပြီး လက်နက်ကိုင်တိုက်ပွဲ နည်းနာမျိုးစုံသုံးစွဲပြီး ပြန်လည်ရယူစေခြင်းပဲ ဖြစ်ပါတယ်။ အဓိကတိုက်ပွဲသဏ္ဌာန်မှာ အာဏာရှင်တွေကို ဆန့်ကျင်ပြီး အာဏာရှင်အစိုးရတွေ တရားမဝင် အစိုးရတွေကို ပြောင်းလဲဖို့ ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။

လူထုရဲ့ လူမှုစီးပွားရေးကအစ လူမှုပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအပေါ် လူထုကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုလို့လည်း ပြောနိုင်ပါတယ်။ ကမ္ဘာမှာ ပြည်သူ့အာဏာ (People Power) လှုပ်ရှားမှုတွေ၊ တိုက်ပွဲဝင်မှုတွေ၊ အောင်ပွဲတွေများစွာ ရှိခဲ့ပါတယ်။ ဥပမာ Philippines 1986 (EDSA Revolution): နိုင်ငံအတွင်း အာဏာရှင် Ferdinand Marcos အစိုးရကို လူထုလှုပ်ရှားမှုနဲ့ အဆုံးသတ်စေခဲ့သလို Arab Spring: 2010 နှစ်ကာလအတွင်း အာရပ်နိုင်ငံများ တွင် ဖြစ်ပွားခဲ့သော အာဏာရှင် အစိုးရများကို ဆန့်ကျင်ပြီး ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေကလည်း ပြည်သူ့အာဏာတိုက်ပွဲတွေ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ကျနော်တို့ အခိုင်အမာ ပြောနိုင်တာကတော့ ပြည်သူ့အာဏာဆိုတာ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ အောင်ပွဲတွေရနိုင်သလို အကြမ်းဖက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွေ လုပ်ရတာတွေလည်း ရှိတယ် ဆိုတာပါပဲ။ အဓိကပြောလိုတာက အုပ်စိုးသူ လူတန်းစားတွေ အစိုးရတွေက တိုက်ပွဲသဏ္ဌာန်ကို ပြဋ္ဌာန်းကြလေ့ရှိတာပဲ ဖြစ်ပါတယ်။

အာဏာ ဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တိုးချဲ့ သုံးနှုန်းလာကြတာ လက်တွေ့နိုင်ငံရေးမှာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူ့အာဏာ (People Power) ၊ ပါဝါဒိုင်းနမစ် (Power Dynamics)၊ အာဏာမျှခြေ (Power Equilibrium)၊ အာဏာချိန်ခွင်လျှာ (Balance of Power) စတဲ့ အသုံးအနှုန်းတွေမှာ သီအိုရီတွေ အမြောက်အမြား တင်ပြလာကြပြီး အာဏာကို ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်လာကြတာကိုလည်း တွေ့ရပါတယ်။ 

ဒီလိုပဲ စွမ်းအင် (Energy) ထုတ်လုပ်ရေးတွေဖြစ်တဲ့ လျှပ်စစ်စွမ်းအင် (Electrical Power) ကစပြီးနျူကလိယစွမ်းအင် (Nuclear Power) အဆုံး စွမ်းအင်ထုတ်လုပ်ရေးတွေမှာလည်း သုံးစွဲကြတာတွေ့ရပါတယ်။ စက်မှုစွမ်းအင် (Mechanical Power)၊ လျှပ်စစ်စွမ်းအင် (Electrical Power)၊ အပူစွမ်းအင် (Thermal Power)၊ နေရောင်ခြည်စွမ်းအင် (Solar Power)၊ ဓာတုစွမ်းအင် (Chemical Power)၊ နျူကလိယစွမ်းအင် (Nuclear Power) စသဖြင့် နယ်ပယ်အလိုက် မတူညီတဲ့ နယ်ပယ်တွေမှာ မတူညီတဲ့ သဏ္ဌာန်တွေနဲ့ သုံးစွဲကြတာ တွေ့ရပါတယ်။

ဒီနေရာမှာ ကျနော်တို့ နိုင်ငံရေးအာဏာ အဝန်းအဝိုင်းကို လေ့လာလိုပါတယ်။ ဥပမာ- ပါဝါဒိုင်းနမစ် (Power Dynamics) ဆိုတဲ့ အသုံးအနှုန်းဟာ ကနေ့ အာဏာပြဿနာကို သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ထားတဲ့ လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ပြည်သူနဲ့ အစိုးရကြား အာဏာခွဲဝေမှု၊ လူ့အဖွဲ့အစည်းကြား အာဏာခွဲဝေမှု။

အဖွဲ့အစည်းတွေကြား အာဏာခွဲဝေမှုကစ မိသားစုအတွင်း အာဏာခွဲဝေမှုတွေဖြစ်တဲ့ ဆက်ဆံရေးလှုပ်ရှားမှုတွေကို စနစ်တကျ လေ့လာမှုတွေ ဖြစ်ပါတယ်။ ဒိုင်းနမစ် ဆိုတာ ရူပဗေဒ နယ်ပယ်က တွေ့ရှိချက်တခု ဖြစ်ပါတယ်။ ရွေ့လျားမှုတွေ ဖြစ်ပွားရခြင်း အကြောင်းရင်းနဲ့ ရွေ့လျားမှုတွေရဲ့ အပြောင်းအလဲ ဖြစ်ပေါ်ခြင်းကို လေ့လာတဲ့ ပညာရပ်လို့ ပြောရမှာ ဖြစ်ပါတယ်။ 

ဒါကို ကျနော်တို့ နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးသိပ္ပံပညာတခုအနေနဲ့ သုံးစွဲတဲ့အခါ စနစ်ကျတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို လက်တွေ့လုပ်ခွင့်ရလာသလို စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ် စတဲ့ နယ်ပယ်များစွာအထိ ကျယ်ပြန့်နက်ရှိုင်းလာတာ တွေ့ရပါတယ်။

အာဏာဒိုင်းနမစ်အနေနဲ့ လူ့အဖွဲ့အစည်းအတွင်း အကျိုးသက်ရောက်မှု များစွာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူမှုဆက်ဆံရေး၊ အာဏာအပြောင်းအလဲ၊ အာဏာရဲ့ အရင်းအမြစ်၊ အာဏာရဲ့ မူလရေသောက်မြစ်၊ နိုင်ငံရေးအဆောက်အအုံ၊ လူနဲ့ လူ့ပတ်ဝန်းကျင်တို့ရဲ့ အပြန်အလှန်အကျိုးပြုမှု၊ ဆန့်ကျင်မှု၊ ထိန်းညှိမှု သက်ရောက်မှု စတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ များစွာအထောက်အကူပြုပါတယ်။

ဥပမာ- ကနေ့ အာဏာချိန်ခွင်လျှာ အပြောင်းအလဲက ဘယ်လိုလဲ။ ဘယ်ဘက်ကို တိမ်းညွှတ်နေသလဲ။ အာဏာမျှခြေရောက်အောင် ဘာတွေလုပ်မလဲ။ ရန်ဘက် ကိုယ့်ဘက် လက်ရှိ လူထုအားကို ဘယ်လို ထိန်းးသိမ်းမလဲ။ အတွေးအခေါ်  ဘယ်လိုတည်ဆောက်မလဲ။

တပ်ပေါင်းစု ဘယ်လို ဖွဲ့မလဲ။ ဘဏ္ဍာ ဘယ်လိုစုဆောင်းမလဲ။  ကနေ့ကမ္ဘာမှာ စူပါ ပါဝါတွေက ဘယ်သူတွေလဲ။ ဒီစူပါ ပါဝါတွေကို ဘယ်လို အသုံးချမလဲ။ စစ်တပ်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းပေါင်း များစွာပေါ်က ဘယ်လို သေနင်္ဂဗျူဟာနည်းပရိယာယ်တွေ ရေးဆွဲ တိုက်ပွဲဝင်မလဲ၊ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းတွေကို ဘယ်လိုဆက်စပ် စီမံဆောင်ရွက်မလဲ စတဲ့ ပြည်တွင်း ပြည်ပ နိုင်ငံရေးအခင်းအကျင်း၊ စစ်ရေးအခင်းအကျင်းတွေအပေါ်  စည်းစနစ်တကျ၊ သိပ္ပံနည်းကျဘယ်လို ချဥ်းကပ်ဆောင်ရွက်မလဲ ဆိုတဲ့ လုပ်ငန်းလမ်းညွှန်တွေကို သိပ္ပံနည်းကျ လေ့လာဖော်ထုတ် တိုက်ပွဲဝင်နိုင်ကြဖို့ လိုပါတယ်။

ဒီအတွက် အတွေးအခေါ်တွေ လိုတယ်။ အတွေ့အကြုံတွေ လိုတယ်။ ကိုယ့်နယ်ပယ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုတယ်။ စစ်မှန်တဲ့ ဦးဆောင်မှုတွေ လိုတယ်။ တော်လှန်ရေးလုပ်တာ ညစာစားပွဲကျင်းပတာ မဟုတ်ဘူးလို့ တော်လှန်သူ ခေါင်းဆောင်များ ပြောတာ မှတ်သားဖူးပါတယ်။

တော်လှန်ရေးကို တော်လှန်ရေးနဲ့ တူအောင်လုပ်မှ တော်လှန်ရေး အောင်မြင်မယ်။

(စစ်အနိုင်တိုက်ချင်ရင် စစ်အနိုင်တိုက်နိုင်မယ့် အကြောင်းတရားတွေကို ကျိုးကြောင်းဆီလျော်စွာ ကျနော်တို့ လေ့လာဖို့ လိုပါတယ်။ အတ္တဘာဝနဲ့ ပကတိဘာဝကို အခိုင်အမာ ဆင်ခြင်နိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ပညာဆိုတာ သိပ္ပံပညာဖြစ်နေလို့ပါပဲ။)

နောက်တပတ် ဆက်ပြောကြရအောင်ဗျာ။

👉 ကိုအောင်မှိုင်း - လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar