Breaking News

အကူအညီ မမျှော်လင့်နိုင်တဲ့ ကျရှုံးနိုင်ငံက သဘာဝဘေးအန္တရာယ်

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၄

အကူအညီ မမျှော်လင့်နိုင်တဲ့ ကျရှုံးနိုင်ငံက သဘာဝဘေးအန္တရာယ်

အယ်လ်နီညို ဖြစ်စဥ် ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ် အစ နွေရာသီ အကုန်ထိ အစွမ်းကုန် ပူပြင်းခဲ့ပြီးနောက်မြန်မာနိုင်ငံတို့လို ရာသီဥတု ၃ ရာသီရှိတဲ့ နိုင်ငံတွေရဲ့  ၂၀၂၄ ရဲ့ မိုးရာသီမှာတော့ ပုံမှန်ထက် မိုးပိုမိုရွာသွန်းနေပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းတို့မှာ ရေဘေးအန္တရာယ် ကျရောက်လာနေပြီဖြစ်ပါတယ်။ ကချင်ပြည်နယ် ဇွန်လကုန်စတင်ကာ ဇူလိုင်လဆန်း ရက်တွေမှာ မြစ်ကြီးနားမြို့မှာ ရေကြီးခဲ့ပြီး ဆယ်စုနှစ် တခုနီးပါးအတွင်း အဆိုးဆုံး လို့ဆိုနိုင်တဲ့ ရေကြီးခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။ 

အဲဒီနောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို မြန်မာနိုင်ငံ မြောက်ဖျားရဲ့ အနောက်ဘက်ခြမ်းကနေ စီးဆင်းတဲ့ ချင်းတွင်းမြစ်ရေလည်း ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင် စတဲ့ ချင်းတွင်း အထက်ပိုင်း မြို့တွေမှာ စိုးရိမ်ရေမှတ် အထက်ကို ရောက်ရှိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ မြစ်ကြီးနားမြို့ နဲ့ မြစ်ကြီးနားရဲ့ အထက်ဘက် ဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ဖျားက ပူတာအိုတို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေလည်း မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမြေပြို၊ တံတားပျက်စီးတာတွေဖြစ်ပွားပြီး မကြာခင်လပိုင်းတွေက တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ကုန်ဈေးနှုန်းတွေ အဆမတန်တက်ခဲ့တဲ့ အနေအထားကနေ သက်သာရာမလားလို့ မျှော်လင့်နေချိန်မှာ သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေး ထပ်မံပြတ်တောက်ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခုလို ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကချင်ပြည်နယ်မှာတော့ လက်နက်ကိုင် တိုက်ပွဲတွေ ငြိမ်သက်နေပြီး ရေဘေးဒုက္ခတွေနဲ့ လက်နက်ကိုင်တိုက်ပွဲ ဘေးဒုက္ခ၊ တခုပေါ် တခုမဆင့်ရအောင် ရပ်နားထားတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ KIA ရဲ့ တိုက်ခိုက်မှုတွေ လတ်တလော သဘာဝဘေးအန္တရာယ်တွေကြောင့် ရပ်နားထားတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ တပ်စခန်းတွေ၊ မြို့တွေကိုထိန်းသိမ်းထားဖို့ အပြင်းအထန်ကြိုးစားကျား ကန်နေရတဲ့ စစ်ကောင်စီအနေနဲ့ စစ်ရေးကိစ္စကလွဲပြီး အခြားသော လူထုရဲ့ ဘေးဒုက္ခတွေကို ကယ် ဆယ်၊ ကူညီရေးကိစ္စတွေ စိတ်ဝင်စားခြင်းမရှိတော့ဘဲ၊ ဘေးဒုက္ခကျရောက်ရာဒေသက လူထုအနေနဲ့ မိမိတို့ ကြုံတွေ့ရတဲ့သဘာဝဘေးအန္တရာယ် ကို မိမိတို့တဦးချင်းဖြစ်စေ၊ လူထု အချင်းချင်း ကူညီမှုပေးတာ၊ ရယူတာဖြစ်စေအပြင် အခြားသောအကူအညီတွေ မမျှော်လင့်နိုင်တော့တဲ့ အခြေ အနေမျိုး ရောက်နေတာလည်း ဖြစ်ပါတယ်။ 

စစ်မက်ဖြစ်ပွားခြင်းမရှိတဲ့ ပုံမှန်အနေအထားမျိုးဆိုခဲ့ရင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ ရပ်ရွာအခြေပြု လူမှုကူညီရေးအသင်းတွေအနေနဲ့ သဘာဝ ဘေး အန္တရာယ် ကျရောက်ရာဒေသက သူတွေကို တတ်နိုင်သမျှ ကူညီပေးကြတာမျိုး ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် အထက်က လူသားချင်းစာနာမှု အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လှုပ်ရှားလုပ်ကိုင်ခွင့်တွေ ကန့်သတ်ခံနေကြရသလို၊ အချို့သော အဖွဲ့တွေအနေနဲ့ ဆက်လက်လုပ် ကိုင်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားလိုက်ကြရတာလည်း ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးတဲ့လုပ်ငန်းတွေလုပ်ကိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အခုလိုကချင် ပြည် နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ရေဘေးအန္တရာယ်ကျရောက်ပေမယ့် လုံခြုံရေးအခြေ အနေအရကြောင့် သော်လည်းကောင်း၊ စစ်ကောင်စီအနေနဲ့လည်း နယ်မြေကို စိုးမိုးထိန်းချုပ်ထားရုံသာ ရှိပြီး တာဝန်ယူဖြေရှင်းရမယ့်အခြေအနေမျိုးမရှိသလို ကန့်သတ်ချက်တွေ ချမှတ်ထားတာကြောင့် သော်လည်းကောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးနိုင်ခြင်း မရှိကြပါဘူး။ 

မြို့ခံလူထု အနေနဲ့ မိမိတို့အချင်းချင်း ကူညီထောက်ပံ့ပေးတာမျိုးကလွဲရင် အခြားဘယ်က မှ ရရှိစရာ အခွင့်အလမ်းမရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရေကြီးတဲ့ ကပ်ဘေးကို ပိုမိုဆိုးရွားစေတဲ့ အချက်တခုက အင်တာနက်လို ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတဲ့ အချက်ကလည်း သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မြန်မြန်ဆန်ဆန် ပျံ့နှံ့ရောက်ရှိဖို့ မလွယ်ကူတော့ဘဲ ရေကြီးမယ့် အန္တရာယ် သတိပေးချက်က လူထု အားလုံးဆီ မရောက်ရှိနိုင်တော့သလို အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမျိုးမှာလည်း အကူအညီတောင်းဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။ 

စစ်ဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးနိုင်တဲ့ လက်နက်၊ ကျည်တို့ကြောင့် ထိခိုက်သေဆုံးမယ့် အရေး စိုးရိမ်နေကြရသလို တပြိုင်နက်တည်းမှာပဲ စားနပ်ရိက္ခာ အခက်အခဲ၊ ဆေးဝါးကုသမှု အခက်အခဲ၊ အရေးပေါ် အကူအညီအခက်အခဲတွေကိုလည်း ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ 

ကျရှုံးနိုင်ငံလို့ ခေါ်ဆိုကြတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေ၊ အင်္ဂါရပ်တွေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့အနေအထားက တဖြည်းဖြည်းကိုက်ညီတဲ့အချက်များလာတဲ့အခြေအနေလို့ ဆိုရလောက်အောင် ဖြစ်လာနေပါတယ်။ တရားဥပဒေ မစိုးမိုးတော့တာ၊ အုပ်ချုပ်ရေးရယ်လို့ သတ်သတ်မှတ်မှတ် မရှိတော့တာ၊ ကျန်းမာရေး ကုသမှုခံယူနိုင်ဖို့ မသေချာတော့တဲ့ အနေအထား၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ ဥပဒေပြုရေးလို မဏ္ဍိုင်တွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေမှာမှ အကောင်အထည် ဖေါ်ဆောင်နိုင်တဲ့ အနေအထား မရှိတော့ပဲ၊ တာဝန်ခံမှု တာဝန်ယူမှုမရှိတော့တဲ့အနေအထားကိုရောက်ရှိနေပြီး ပြည်သူလူထုအနေနဲ့ တဖက်မှာ လက်ဝယ်သုံးစွဲနေတဲ့ ငွေကြေးက တလနဲ့တလ သိသာထင်ရှားလောက်အောင် တန်ဖိုးကျဆင်းနေတဲ့ အကျိုးသက်ရောက်မှုကိုလည်း ခံစားနေရတာ ဖြစ်ပါတော့တယ်။  

အခု ရေးခြယ်ပြတဲ့ ဒုက္ခတွေ ဘေးအန္တရာယ်တွေ အောက်မှာ ရှင်သန်နေထိုင်ရတဲ့ မြန်မာနိုင်ငံက လူထု အဖို့ ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာတဲ့ အဖြစ်ကြောင့် အသက်သေဆုံးသွားခြင်းက လွတ်မြောက်ခြင်း၊ ငြိမ်းချမ်းခြင်းလို့တောင် ကျန်ရစ်ခဲ့သူတွေက တင်စားပြောဆိုလာကြတဲ့ အထိ ဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar