မင်းညွန့်လှိုင် - အရူးက မိန့်ခွန်းပြောတယ်
အရူးက မိန့်ခွန်းပြောတယ်
မင်းညွန့်လှိုင်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၄
တချို့က ပရိသတ်ကိုကြောက်တယ်
တချို့ကပရိသတ်မရှိမှာကိုကြောက်တယ်
အရူးကရဲရဲတောက်ပဲ
ဘာကိုမှမကြောက်ဘဲ
အရူးကမိန့်ခွန်းပြောတယ် ။
တက်ကျမ်းဆရာက
ပရိသတ်ကိုသစ်ငုတ်တွေလိုသဘောထားပါတဲ့
သစ်ငုတ်တွေကိုပရိသတ်လိုသဘောထားပြီး
အရူးကမိန့်ခွန်းပြောတယ်။
အရူးက
စင်မရွေးဘူး
နေရာမရွေးဘူး
လူထုထောင်သောင်းဆန့်တဲ့ကွင်းကျယ်ထဲမှာလည်း
(လူတယောက်မှမရှိဘဲနဲ့)
အရူးကမိန့်ခွန်းပြောတယ်
တစ်ကိုယ်စာအခန်းကျဥ်းလေးထဲမှာလည်း
အရူးကမိန့်ခွန်းပြောတယ်။
တကယ်ဆို အရူးမှာ
မိန့်ခွန်းပြောဖို့အကြောင်းအရာ
ဘာမှမရှိပါဘူး
ဘာမှမရွံ့ဘဲပြောတတ်တဲ့
ရဲရင့်မှုကတော့ ၁၀၀% အပြည့်ရှိတယ်
အရူးကမိန့်ခွန်းပြောတယ်။
သူဘာပြောပြောနားမထောင်သူတွေနဲ့
ဘယ်သူနားမထောင်ထောင် ပြောတတ်သူနဲ့
လောကကြီးက အဆင်ကိုပြေလို့
အရူးကမိန့်ခွန်းပြောတယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar