မန္တလေးမြို့နဲ့ နီးကပ်တဲ့ စစ်ကောင်စီ တပ်စခန်း PDF တပ်ဖွဲ့တွေ သိမ်းယူ၊ အေလာလေဆိပ် ရှော့တိုက်ဒုံး ပစ်ခတ်ခံရ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၆ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၄
မန္တလေးမြို့နဲ့ နီးကပ်တဲ့ စစ်ကောင်စီ တပ်စခန်း PDF တပ်ဖွဲ့တွေ သိမ်းယူ၊ အေလာလေဆိပ် ရှော့တိုက်ဒုံး ပစ်ခတ်ခံရ
ရှမ်းမြောက်ဒေသနဲ့ ဆက်စပ်နေတဲ့ မန္တလေးတိုင်း ရဲ့ မြောက်ဘက် နဲ့ အရှေ့မြောက်ဘက် ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကူညီမှုနဲ့ အတူ MDY PDF လို့အမည်ပေးထားတဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်း၊ ရဲစခန်း၊ ဘိလပ်မြေစက်ရုံ စတဲ့ နေရာတွေကို ခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို သိမ်းယူနေခဲ့ရာက ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံးအနေအထားမှာတော့ မန္တလေးမြို့နဲ့ ၂၀ မိုင်ဝန်းကျင်သာအကွာအဝေးရှိတဲ့ မတ္တရာမြို့ နယ်ထဲက ဘိလပ်မြေစက်ရုံကို သိမ်းယူခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက နောင်ချိုမြို့နဲ့ အနီးအနားက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး မန္တလေး လားရှိုး ပြည်ထောင်စုလမ်းမကြီး အတိုင်း တောင်ဘက်ကို ဆင်းလာမယ်ဆိုရင် ပြင်ဦးလွင်မြို့ဟာ နောက် ရည်ရွယ်တဲ့ ပစ်မှတ်တခုဖြစ်လာမယ့် သဘောလည်း ဖြစ်ပါတယ်။ အဲဒီလို ကားလမ်းအတိုင်းမဟုတ်ဘဲ မန္တလေးမြို့ကို ချဥ်းကပ်လာမယ် ဆိုရင်တော့ မတ္တရာမြို့နယ်ဘက်ကနေ ချဥ်းကပ်လာမယ့် သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှမ်းမြောက်ကမြို့အချို့က ကားလမ်းနဲ့ မြို့ကိုထွက်ဝင်နိုင်တဲ့ လမ်းကြောင်း အနည်းငယ်သာရှိတာဖြစ်ပေမယ့် မန္တလေးမြို့အနေအထားကတော့ မြေပြန့်နဲ့ အရပ်မျက်နှာအသီးသီးကို ထွက်လို့ဝင်လို့ရတဲ့အနေအထားမျိုးလည်းဖြစ်ပြီး မြို့ရဲ့ ဧရိယာက ကျယ်ဝန်းလွန်းတာကြောင့် လုံ လောက်တဲ့စစ်သည်အင်အား၊ လက်နက်အင်အား မဟာဗျူဟာတွေရှိမှသာ သိမ်းယူနိုင်မယ့် အနေ အထားမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် မန္တလေးမြို့ နဲ့ မဝေးကွာတဲ့ နေရာက မြို့ရွာ၊ စက်ရုံတွေလိုမျိုးကို PDF တွေအနေနဲ့ သိမ်းယူနိုင်တယ်ဆိုတဲ့ အချက်က စစ်ကောင်စီအဖို့ လက်တွေ့ မန္တလေးမြို့ကို မခြိမ်းခြောက်နိုင်သေးသည့်တိုင် စိတ်ဓါတ်ရေးရအရ ခြိမ်းခြောက်မှု တခုဖြစ်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ရှမ်းမြောက်က မြို့တွေရဲ့ အနေအထားက မြေပြန့်ဒေသတွေက မြို့တွေ၊ ရွာတွေနဲ့ မတူဘဲ မြို့တွေကို ဝင်နိုင်တဲ့ထွက်နိုင်တဲ့လမ်းက များများစားစား မရှိသလို၊ ကားလမ်းတလျှောက် မြစ်၊ ချောင်းတွေကဖြတ်စီးနေကြပြီး အဲဒီမြစ်ချောင်းတံတားတွေက ကုန်းလမ်းခရီးမှာ အရေးပါတဲ့ အနေ အထားလည်း ဖြစ်ပါတယ်။ အဲလို တံတားတွေကို ချိုးဖျက် ဖြတ်တောက်ထားခဲ့ရင် တဖက်လက်နက် ကိုင်အဖွဲ့အနေနဲ့ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းဖို့ မလွယ်ကူတဲ့အနေအထားမျိုးဖြစ်ပေမယ့် မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းလို မြေပြန့်မှာရှိတဲ့ မြို့တွေကတော့ အပြန့်ကျယ်တဲ့ မြေပြန့်လွင်ပြင် ပထဝီ အနေအထားကြောင့် လွယ်လွယ်ကူကူ ပိတ်ဖို့ မလွယ်ဘဲ အင်အားအများအပြားသုံးမှသာ မြို့တွေကို ဝိုင်းပိတ်နိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။
မန္တလေးမြို့က စီးပွားရေးအရရော အထက်မြန်မာနိုင်ငံရဲ့အချက်အချာမြို့ဖြစ်ခြင်းကြောင့် အုပ်ချုပ်ရေး၊ စီးပွားရေးအရ အရေးပါပြီး ချင်း၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်တို့ရဲ့ ဆုံတဲ့ မြို့ကြီးတမြို့လည်းဖြစ်လို့ စစ်ကောင်စီ အနေနဲ့ မန္တလေးကို ရှိသမျှ အင်အားသုံး ကာကွယ်ဖို့ ပြင်ဆင်ထားမယ့် အနေအထားလို့ မှန်းဆနိုင်ပါတယ်။
အခု အနေအထားမှာပဲ စစ်ကောင်စီ အနေနဲ့ မန္တလေးမြို့ကနေ ခံစစ်အနေအထားအတွက် တချို့သော အမြင့်နေရာတွေမှာ လက်နက်ကြီးတွေ နေရာချတာတွေ လုပ်ဆောင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်က သိမ်းယူနိုင်ခြင်း မရှိသေးတဲ့ လားရှိုး၊ သီပေါတို့လိုမြို့တွေကို မန္တလေးထက် ပိုပြီးအာရုံစိုက် ခုခံကာကွယ်ဖို့ လုပ်ဆောင်နေသလို၊ စစ်တက္ကသိုလ်နဲ့ စစ်တပ်အရာရှိကြီးတွေရဲ့ မိသားစုတွေ အခြေစိုက်ကြတဲ့ ပြင်ဦးလွင်ကိုလည်း ဦးစားပေးခုခံကာကွယ်ဖို့ ပြင်ဆင်ရမယ့်အနေအထားလည်း ဖြစ်နေတဲ့သဘောလို့ ကောက် ချက်ချရပါတယ်။
ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်က အေလာ လေ ဆိပ်ကို PDF အဖွဲ့တဖွဲ့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တောင်တန်း သူရဲကောင်းများ ကာကွယ်ရေးအဖွဲ့ MKCDF လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့က လယ်ဝေးမြို့နယ် ပန်းတင်ကျေးရွာအနီး ကြံစိုက်ခင်းတွေထဲကနေပစ်ခတ်ခဲ့တာလို့ သတင်းဌာနတချို့မှာ ဖော်ပြထားကြပါတယ်။ ဒီတိုက်ခိုက်တဲ့ ကာကွယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အရာရှိ ၄ ဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့တယ်လို့ ပြောဆိုထားပြီး တိုက်လေယာဥ်တွေလည်း ပျက် စီးခဲ့သလို လေယာဥ်ပြုပြင်ထိန်းသိမ်းရေးစက်ရုံ ထိမှန်ပျက်စီးခဲ့တယ်လို့လည်း ပြောဆိုထားတာ ဖြစ်ပေမယ့် အချို့သော သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ဖော်ပြထားခြင်း မရှိဘဲ ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတာ တွေ့ရပါတယ်။
ရှော့တိုက်ဒုံးတွေကို အေလာ လေယာဥ်ကွင်းနဲ့ အလှမ်းမီတဲ့ အကွာအဝေးထိ သယ်ဆောင်လာနိုင်တာကို ကြည့်ရင် စစ်ကောင်စီ အနေနဲ့ နေပြည်တော်လို ၄င်းတို့ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရုံးတည်ရှိတဲ့ မြို့တော်ရဲ့ ပတ်ပတ်လည် နယ်မြေတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်မလာနိုင်အောင် လုံခြုံရေးမချနိုင်တဲ့ အနေအထားလို့ ကောက်ချက်ချနိုင်တာလည်း ဖြစ်ပါတယ်။ မကြာသေးတဲ့ ဧပြီလအတွင်းကလည်း နေပြည်တော် လေဆိပ်၊ နေပြည်တော် စစ်ရုံးနဲ့ စစ်ခေါင်းဆောင် နေအိမ်တွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေ နဲ့ ဗုံးချကာ တိုက်ခိုက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုမှာ စစ်အရာရှိတွေ သေဆုံးတယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုတာတွေ ရှိပေမယ့် စစ်ကောင်စီဘက်က ငြင်းဆိုပြီး သီးခြားအတည်ပြုနိုင်တာ မရှိခဲ့ပါဘူး။ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အချို့သောသတင်းဌာနတွေက ဖော်ပြရာမှာတော့ စစ်ကောင်စီဘက်က လူထိခိုက်တာ၊ လေယာဥ်နဲ့ ဂိုဒေါင်တွေ ထိမှန်တာမျိုး ဖော်ပြထားခြင်း မရှိတာလည်း တွေ့ရပါတယ်။
စစ်ကောင်စီအဖို့ နေပြည်တော်ကိုလည်း မကြာခဏ ဒရုန်းနဲ့ သော်လည်းကောင်း၊ ရှော့တိုက်ဒုံးနဲ့ သော်လည်းကောင်း တိုက်ခိုက်တာတွေ ရှိနေတယ်ဆိုတဲ့ အချက်က အတိုင်းအတာတခုထိ ခြိမ်းခြောက်ခံရတဲ့ အနေအထားဆိုတာ ငြင်းလို့မရတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar