မြန်မာနိုင်ငံအခြေအနေ အဆိုးဆုံးရောက်ပြီလား
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၇ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၄
မြန်မာနိုင်ငံအခြေအနေ အဆိုးဆုံးရောက်ပြီလား
ခု လပိုင်းတွေမှာ နံနက်ခင်း သတင်းတွေ စပြီးဖတ်ရှုနားထောင်ချိန်ကစလို့ ညမိုးချုပ် အိပ်ရာမဝင်ခင် အချိန်ထိ ဖတ်ရှု ကြားသိရတဲ့ သတင်းအဖြစ်အပျက်တွေဟာ စိတ်ချမ်းမြေ့ဖွယ်ရာ တခုမျှ မတွေ့ရဘူးလို့ ဆိုရင် ပိုပိုသာသာပြောတယ်လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ အမှန်လည်း ကြား သိရတဲ့သတင်းတွေက အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်း ဆုံးရှုံးမှုနဲ့ အသက်ရှင်သန်နေထိုင်ဖို့ ခက်ခဲကျပ်တည်းမှုတွေ နဲ့ ရာဇဝတ်မှု၊ တိုက်ပွဲ၊ ပျက်စီးဆုံးရှုံးမှုတွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းမှာတင် စစ်ဘေးတိမ်းရှောင်ကြရတဲ့ အရေအတွက်က အနည်းဆုံး ၃ သန်းကျော် ရှိလာနေတာ၊ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကြောင့် သေဆုံးရတာ၊ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ အရေအတွက်က ဘယ်သူမှ အတိအကျ ကောက်ယူနိုင်ခြင်း မရှိသည့်တိုင် ခန့်မှန်း ကိန်းဂဏန်းတွေက သောင်းဂဏန်း ကြီးကြီးကိုရောက်နေပြီလို့ မှန်းဆရပါတယ်။ အဲဒီအရေအတွက်ထဲမှာ အရပ်သားသေဆုံးမှုတင် သောင်းနဲ့ချီ ရှိနှင့်ပြီးလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်ပြားသွားချိန်မှာ ဖြစ်ပွားတဲ့ ကိုဗစ်ကပ်ဘေးကြောင့် အသက်ဆုံးရှုံးရတဲ့ အရေအတွက်တင် သောင်းဂဏန်းနဲ့ ချီရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကာလမှာ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ၊ နယ်ပယ်အသီးသီးက အတွေ့အကြုံ၊ ပညာရှိကြတဲ့ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ အများအပြား ဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ အကယ်၍သာ စစ်အာဏာသိမ်းတာ မရှိခဲ့ရင် ကပ်ရောဂါဘေးကို အတိုင်းအတာတခုထိ အင်အားရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ရင်ဆိုင် ဖြတ်သန်းနိုင်ခဲ့ရင် အခုလို အဆုံးအရှုံး မများဘူးလို့ ကောက်ချက်ချမယ်ဆိုလည်း ချနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
အရပ်သား သေဆုံးမှုတွေနောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သေဆုံးမှုအရေအတွက်တွေလည်း သောင်းဂဏန်းနဲ့ ချီရှိမှာ ဖြစ်ပြီး ၂ ဖက်လုံးရဲ့ ကိန်းဂဏန်းအတိအကျတော့ ဘယ်အဖွဲ့အစည်းကမှ ကောက်ယူနိုင်ခြင်းမရှိသော်လည်း သောင်းဂဏန်းနဲ့ ချီရှိနှင့်ပြီလို့ မှန်းဆရပါတယ်။
မကြုံဖူးတဲ့ ငွေကြေးဖောင်းပွမှု၊ နိုင်ငံရေး စစ်ရေးဖြစ်ရပ်တွေအပေါ်မူတည်ပြီး ကျဆင်းခဲ့တဲ့ မြန်မာကျပ်ငွေတန်ဖိုးကြောင့် တနိုင်ငံလုံးက လူထုတွေကို ဆင်းရဲမှုနဲ့ ငတ်မွတ်မှုတွေ ဆီတွန်းပို့သလို ဖြစ်နေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲသတင်းတွေ အကြား၊ လက်နက်ကိုင် တိုက်ပွဲကြောင့် အသက်သေဆုံး ဒဏ်ရာရရှိတဲ့ သတင်းတွေအကြားမှာ စီးပွားရေးကြောင့် အခက်အခဲ အကြပ်အတည်း ကြုံရတယ်ဆိုတဲ့ သတင်းတွေက တိမ်မြုပ်သွားကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မိုးရာသီမှာ ရေကြီးတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရတာ၊ ပိုင်ဆိုင်မှု၊ စိုက်ပျိုး ရေးလုပ်ငန်းတွေရဲ့ ဆုံးရှုံးမှုသတင်းတွေက နေ့စဥ် အပတ်စဥ် ထွက်ပေါ်နေပေမယ့်လည်းလက်နက် ကိုင်ပဋိပက္ခသတင်းတွေလောက်၊ စစ်ပွဲသတင်းတွေလောက် အာရုံစိုက်ခြင်းမခံကြရတဲ့ အနေ အထားလည်း ဖြစ်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည် ဘယ်နှထောင်၊ ဘယ်နှသောင်း ရိက္ခာအခက်အခဲကြုံတွေ့နေရပြီး အကူ အညီလိုအပ်တယ်ဆိုတဲ့သတင်းတွေက မထူးဆန်းတော့တဲ့ သတင်းတွေလို့ယူဆလာကြပြီး အခုလို ဒုက္ခရောက်နေကြတဲ့သူတွေကို အရင်ကာလတွေတုန်းကလို ပရဟိတအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြို့ခံရွာခံ လူထုက ကူညီအားပေးကြတဲ့ သတင်းတွေကြားသိချင်ပေမယ့် လက်တွေ့မှာတော့ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ နည်းသည်ထက် နည်းလာကြသလို၊ အကူအညီပေးနိုင်တဲ့ ငွေကြေးအင်အားလည်း မရှိကြတော့တာ မြင်တွေ့ရမှာပါ။
ဘယ်မြို့နယ်၊ ဘယ်ကျေးရွာမှာ စစ်ဘေးရှောင်အရေအတွက် ဘယ်၍ဘယ်မျှ အကူအညီလိုအပ်တဲ့အကြောင်း သတင်းခေါင်းစဥ်တွေ နေ့စဥ်တက်လာနေပေမယ့် အကူအညီ ပေးအပ်တဲ့ သတင်း၊ အကူအညီရရှိတဲ့ သတင်းတွေက ဒီလောက် မကြားသိကြရပါဘူး။ လတ်တလော ဖြစ်ပွားနေတဲ့ ရှမ်းမြောက်က တိုက်ပွဲတွေကနေ တိမ်းရှောင်ကြရတဲ့ စစ်ဘေးရှောင်တွေ အဖို့ ငွေကို လမ်းခင်းပြီး ရှောင်တိမ်းကြရတဲ့ အနေအထားမျိုးဖြစ်နေတာ တွေ့မြင်ကြားသိနေကြရတာပါ။ ပုံမှန်အခြေအနေမှာ သောင်းဂဏန်းအနည်းငယ်မျှသာ ကျသင့်မယ့် လမ်းခရီးကို ခုလို အခြေအနေမှာ တယောက်ကို ၅ သိန်း၊ ၇ သိန်းထိ ကားခကျသင့်မှာမို့ မြို့မှာပဲ ဖြစ်တဲ့နည်းနဲ့ ရင်ဆိုင်မယ် ဆုံးဖြတ်ပြီး နေထိုင်ကြရတဲ့ သတင်းတွေလည်း ကြားနေကြရတာပါ။
ယခင်လတွေ ယခင်နှစ်တွေတုန်းက ကြုံတွေ့ကြရတဲ့ အခြေအနေက အဆိုးဆုံးလို့ မှတ်ယူခဲ့ကြပေမယ့် အခုလက်ရှိကြုံတွေ့လာကြရတဲ့အခြေအနေက အရင်အခြေအနေတွေထက် ပိုမိုကြပ်တည်း၊ ပိုမိုအန္တရာယ်များလာတဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်လာကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။ ယခင်က ကျေးရွာတွေ၊ တိုက်နယ်မြို့တွေ နဲ့ သိပ်ပြီးလူဦးရေ မများတဲ့ မြို့တွေသာ စစ်ဘေးရှောင်ခဲ့ကြရပေမယ့် အခုလက်ရှိမှာ လူဦးရေ သိန်းနဲ့ချီတဲ့ မြို့တွေက မြို့နေလူထုတွေ စစ်ဘေးတိမ်းရှောင်ကြရတဲ့ အနေအထားမျိုး ရင်ဆိုင်လာကြရတာ ဖြစ်ပြီး မကြာခင်ကာလတွေမှာ ဒိထက်ပို လူဦးရေများတဲ့ ပိုမိုကြီးတဲ့ မြို့တွေအထိ စစ်ဘေးရှောင်ကြရတဲ့ အနေအထားလည်း ရောက်ကောင်း ရောက်လာနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာရှိတဲ့အဲဒီ စစ်ပွဲရောက်လာတဲ့ မြို့တွေမှာနေထိုင်တဲ့ လူထုအနေနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ရပ်ဆိုင်းပြီး စစ်ဘေးရှောင်ကြရတဲ့ အနေအထားဖြစ်လာနိုင်ပါတယ်။
တိုင်းရင်းသားနဲ့ ဒေသအလိုက် PDF၊ NUG လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ကတော့ ဆက်လက်တိုက်ခိုက်ဖို့ရည်ရွယ်ထားကြတာဖြစ်လို့ စစ်ရှိန်က ဆက်လက်မြင့်တက်လာဖို့ အလား အလာရှိနေပြီး မြန်မာနိုင်ငံထဲက မြို့တွေ၊ ရွာတွေ လူထုအနေနဲ့တော့ အခုထက်ပိုမိုကျယ်ပြန့်လာမယ့် စစ်ပွဲအရှိန်၊ လက်နက်ကိုင်တိုက်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေကို ဆက်လက် ရင်ဆိုင် ကျော်ဖြတ်ကြရမယ့်သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ တခုတည်းသော သို့မဟုတ် ဘုံရည်မှန်းချက်ရှိနေသလား ဆိုတဲ့မေးခွန်းတွေနဲ့ ဘုံမဟာဗျူဟာ နည်း ဗျူဟာတွေ ရှိနေလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပြီး လတ်တလောတော့ အဖြေမရှိသေးတဲ့ သဘောလည်း ဖြစ်နေတယ့် အနေအထားလို့ဆိုရင် မှားမယ် မထင်ပါဘူး။
#MoeMaKaMedia
#WhatsHappeningInMyanmar