အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၆ )
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ဖြိုလှဲနေချိန်မှာ ယိုင်နေတဲ့ ပြည်သူတွေကလည်း လဲနေတဲ့ ပြည်သူတွေကို ထူ မ ပေးနေကြတယ်။
တနေကုန် စစ်သတင်းတွေပဲ နားစွင့်နေမိ။ ဘာမှ မလုပ်နိုင်။ စိတ်မော လူမော။
လားရှိုးက စစ်ရှောင်လာတဲ့ကား ရာပေါင်းများစွာ လမ်းမှာပိတ်မိ။ ပုံမှန် ၅နာရီသာ သွားရမယ့်ခရီးကို တောလမ်းကိုဖြတ်ခါ ၇ ရက်ကျော် သွားနေရ။ မန္တလေးနဲ့ တောင်ကြီးကို ဦးတည်သွားနေကြ။
မြို့ရဲ့ ကောင်းကင်ယံမှာ ဒရုန်းတွေ ငှက်အုပ်တွေ ပျံသလို ပျံတက်လာကြ။
မေမြို့ကောင်းကင်ယံမှာ စစ်ကောင်စီလေယာဉ်တွေ နာရီဝက်တစီးနှုန်း ပျံတက်နေရာမှ ယနေ့ တနေကုန် ၅ စီးမျှသာ ပျံတက်နေ။
ကာလဝမ်းရောဂါ အခြေအနေ ပိုဆိုးလာ။ ရန်ကုန်မှာ လူတရာကျော် ဆေးရုံရောက်။ စစ်ကောင်စီ ရုပ်သံကလည်း ဝမ်းရောဂါဖြစ်နေကြောင်း အသိအမှတ်ပြု။
သံတွဲလေဆိပ် AA ထိန်းချုပ်နိုင်ပြီ။ AAဟာ လေဆိပ်ကို ပထမဆုံး သိမ်းပိုက်နိုင်တဲ့ တော်လှန်ရေး အင်အားစု ဖြစ်လာ။ ရေတပ်ကိုလည်း ဝိုင်းထားပြီး။ မကြာမီ အမ်းမြို့ဟာ AA လက်ထဲ ကျတော့မယ်လို့ ခန့်မှန်းနေကြ။
မိုးကုတ်က စစ်ရှောင် တူမလေးတို့ အုပ်စု ဇရပ်ကွင်းမှ သပိတ်ကျင်းဘက်ကို ပြန်တက်သွား။ ဧရာဝတီမြစ်အနောက်ဘက်ကမ်းသို့ ကူးကာ မန္တလေးကို ဝင်ဖို့ ပြင်ဆင်။
PDF တွေက မန္တလေးနဲ့ မိုင်နှစ်ခန့် အဝေးသို့ ရောက်ရှိနေ။ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးတဦးနဲ့ နောက်လိုက် ဆယ်ယောက်ကျော်ကို PDF က ဖမ်းမိထားကြောင်း ဓာတ်ပုံတွေနဲ့အတူ အင်တာနက်ပေါ်ထင်ထား။ စစ်ကောင်စီ တင့်ကားတစ်စီးလည်း ဖျက်ဆီးခံရ။
မိုးကုတ်-မန္တလေး ကားလမ်းပေါ်ရှိ စစ်စခန်းအတော်များများကို PDF က ထိန်းချုပ်ထားကြောင်းနဲ့ စစ်တပ်က အဆက်မပြတ် ဗုံးကြဲနေကြောင်း သတင်းတွေ ထွက်ပေါ်။
စစ်ရှောင်တွေကို ကူညီနေတဲ့ ဒေသခံတွေလည်း ရိက္ခာပြတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို ဖြိုလှဲနေချိန်မှာ ယိုင်နေတဲ့ ပြည်သူတွေကလည်း လဲနေတဲ့ ပြည်သူတွေကို ထူ မ ပေးနေကြတယ်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar