ရှမ်းမြောက်တိုက်ပွဲတွေ အတွင်း UWSA ရဲ့ အခန်းကဏ္ဍ ၊အများသတိမမူမိကြတဲ့ ငွေကြေးအရ လွတ်မြောက်ရေး
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၁ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၄
ရှမ်းမြောက်တိုက်ပွဲတွေ အတွင်း UWSA ရဲ့ အခန်းကဏ္ဍ ၊အများသတိမမူမိကြတဲ့ ငွေကြေးအရ လွတ်မြောက်ရေး
ဇူလိုင်လ ၁၁ ရက်နေ့သတင်းတွေမှာတော့ စစ်သည်အင်အား ထောင်ချီပါရှိတဲ့ “ဝ”ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က လက်နက်ကိုင်တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းက လက် နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိသေးတဲ့ တန့်ယန်းမြို့ထဲကို ဝင်ရောက်လာတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မီဒီယာတွေမှာ ပေါ်ထွက်လာပြီးနောက် သတင်းဌာနတွေက အတည်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။
UWSA အလံတပ်ဆင်ထားတဲ့ စစ်ထရပ်ကားတွေ အများအပြား စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့ထဲဝင်လာတဲ့ မြင်ကွင်းက အများကို အံ့အားသင့်သွားစေပြီး အင်အား ၂ ထောင် ကျော်ပါဝင်တယ်လို့ သတင်းဌာနအချို့က ရေးသားကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အရှိန်အဟုန် မြင့်တက်လာပြီး စစ်အင်အားစုဆောင်းမှုတွေ အပြိုင်အဆိုင် မလုပ်ကြခင် အနေအထားအထိ UWSA လက် နက်ကိုင်အဖွဲ့ဟာ ပြည်မက စစ်တပ်အင်အားပြီးနောက် ဒုတိယအင်အား အကြီးမားဆုံး လက်နက် ကိုင်အဖွဲ့ဖြစ်သလို ကိုယ်တိုင်လည်း လက်နက်ခဲယမ်းထုတ်လုပ်နိုင်တဲ့အနေအထားရှိပြီး လက်နက်နဲ့ လူအင်အားအတွက် အခြားသော အဖွဲ့အစည်းတွေကို မှီခိုစရာမလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့လို့ ဆိုရင် မမှားပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အသစ်သောလက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာခဲ့သလို၊ ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အင်အားအများအပြား စုဆောင်းဖွဲ့စည်းနိုင်ခဲ့လို့ UWSA တပ်အင်အားက ပြည်မက စစ်တပ်အင်အားပြီးနောက် အများဆုံးအဖြစ် ရှိမရှိ အတည် ပြုဖို့ ခက်ခဲနေသေးတဲ့ အနေအထားဖြစ်ပါတယ်။ သို့ပေမဲ့ စီးပွားရေးအရ၊ စုစည်းမှု၊ တခုတည်းသော အမိန့်အာဏာ အောက်က အင်အားသောင်းဂဏန်း ချီရှိပြီး လက်နက်ခဲယမ်း ကောင်းစွာတပ်ဆင်ထားနိုင်တဲ့ UWSA ရဲ့ အနေအထားကိုတော့ အသစ်ထွက်ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လောလောဆယ် ယှဥ်ဖို့ ခက်ခဲနေဦးမယ့် သဘောလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ တန့်ယန်းကို UWSA တပ်တွေ ဝင်ရောက်လာခြင်းဟာ UWSA နဲ့ စစ်ကောင်စီအကြား သဘောတူညီမှု၊ ဆွေးနွေးမှုတခု ရှိထားတာ မေးစရာမလိုတဲ့ မေးခွန်းဖြစ်ပြီး သဘောတူညီမှုက ဘယ်လောက်အထိ ရှိထားကြလဲ၊ ဘာကြောင့် အခုလို အဖြစ်အပျက်ထွက်ပေါ်လာဖို့ ဖြစ်လာစေသလဲ၊ လတ်တလော လားရှိုးမြို့ကို သိမ်းယူဖို့ ကြိုးစားနေတဲ့ MNDAA အနေနဲ့ ဒီလို UWSA ရဲ့ အခန်းကဏ္ဍ၊ ရပ်တည်ချက်ကို သိရှိပြီးသားလားဆိုတဲ့ မေးခွန်းတွေ ပေါ် ထွက်လာစေပါတယ်။
ဇူလိုင် ၁၁ ရက်နေ့က အဖြစ်အပျက်က ရှမ်းမြောက် အင်အားချိန်ခွင် လျှာကို ပြောင်းလဲသွားစေမှာလား ဆိုတဲ့ စိုးရိမ်မှု၊ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်အနေအထား အဖြစ်နဲ့ ကျန် လက်နက်ကိုင် အဖွဲ့တွေ၊ အင်အားစုတွေက စိတ်ဝင်စားကြမယ့် အဖြစ်အပျက်တခုလို့ဆိုရမှာ ဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့တော့ အခုအဖြစ်အပျက်ကို ဘယ်လို ဖြစ်သလဲ အတိအကျ မသိသည့်တိုင် လားရာနဲ့ ရပ်တည်ချက်တွေကို ခန့်မှန်းရိပ်စားမိထားကြပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
UWSA လက်နက်ကိုင် အဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မည်သည့်ဘက်ကမှ ပါဝင်မှာမဟုတ်ဘဲ ကြားနေမယ်လို့ ယမန်နှစ်ကုန်ပိုင်းကတည်းက အသိပေးကြေညာထားတာ ဖြစ်ပြီး အခုဖြစ်ရပ်မှာ စစ်ကောင်စီနဲ့ ထိတွေ့ပြောဆိုမှု ရှိနေတယ်ဆိုတဲ့ အချက်က စစ်ကောင်စီ အနေနဲ့ တန့်ယန်းလို ဒေသကို MNDAA လက်ထဲ အကျမခံနိုင်ဘဲအပြန်အလှန်သဘောတူညီမှုရနိုင်တဲ့ UWSA လက် နက်ကိုင်အဖွဲ့ရဲ့ ထိန်းသိမ်းထားတဲ့ အနေအထားကို ရွေးချယ်လိုက်တဲ့ ဖြစ်နိုင်ခြေ လည်း ရှိနေတာဖြစ်ပါတယ်။
ရှမ်းမြောက် လက်နက်ကိုင်တပ်တွေရဲ့ ရပ်တည်ချက် ချိန်ခွင်လျှာ အလှည့်အပြောင်းလား၊ အခုလို ဖြစ်ပေါ်လာတာ ဘာကြောင့်၊ ဘယ်လိုဆိုတာတွေက မကြာခင်ရက်ပိုင်းအတွင်း ပိုမိုထင်ရှားလာလိမ့်မယ်လို့ မှန်းဆရပါတယ်။
ဒီနေ့ အဖို့ နောက်အကြောင်းအရာ တခုကတော့ လက်နက်ကိုင် တပ်တွေ နယ်မြေတွေ၊ ဒေသတွေနဲ့ နောက်တဆင့်တက်ရင် ပြည်နယ်တွေကို တိုက်ခိုက်ထိန်းချုပ်ကြဖို့ ကြိုးစားကြပြီး တစိတ်တပိုင်း ထိန်းချုပ် အုပ်ချုပ်နိုင်ကြပေမယ့်၊ ငွေကြေးအရ လွတ်မြောက်မှုဆိုတဲ့ အချက်ကိုတော့ သတိမမူမိကြပဲ ဘုံသုံးစွဲနေတဲ့ ငွေကြေးဖြစ်တဲ့ မြန်မာကျပ်ငွေကိုသာ ဆက်လက် သုံးစွဲနေကြတာတွေ့ရပါတယ်။ နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်နိုင်ကြပေမယ့် ငွေကြေးအရ စီမံခန့်ခွဲခွင့်၊ လွတ်လပ်ခွင့်ရဖို့ အဆင့်ထိ ဘယ်လက်နက်ကိုင် အဖွဲ့မှ ကြိုးစားကြတာ မတွေ့ရသေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဆိုရရင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ယခုနှစ်ဆန်းပိုင်းမှာ ရှမ်းမြောက်က မြို့တွေ တဒါဇင်ကျော် နဲ့ဆက်စပ်နေတဲ့ နယ်မြေဒေသတွေကို စစ်ကောင်စီ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်အောင် တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပေမယ့် ငွေကြေးအရတော့ မြန်မာကျပ်ငွေကိုသာ ဆက် လက်သုံးစွဲနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ မိမိတို့ ကိုယ်ပိုင် ငွေကြေး ရိုက်နှိပ် ထုတ်ဝေကာ သုံးစွဲဖို့ ရည်မှန်းချက် ရှိ၊ မရှိတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ပေမယ့် ငွေကြေးနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ မရှိကြပါဘူး။ ရေရှည်မှာ နိုင်ငံရေးအရ အုပ်ချုပ်ရေးအရ ဘယ်လိုဖွဲ့စည်းပုံနဲ့ သွားကြမလဲ ဆိုတာ သဲသဲကွဲကွဲ မသိနိုင်သေးပေမယ့်လည်း မြန်မာကျပ်ငွေကို ဆက်လက်သုံးစွဲတာ သို့မဟုတ် အိမ်နီးချင်းနိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ ယွမ်၊ ဘတ် တို့လို ငွေကြေးကို အသိအမှတ်ပြု ကြေ ညာပြီး အစားထိုး သုံးစွဲတာမျိုး လုပ်ကောင်းလည်း လုပ်နိုင်ပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့ ပုဂ္ဂလိကဘဏ်တွေ ကို စစ်ကောင်စီ လက်အောက်က ဗဟိုဘဏ်က သတိပေးမှုတွေ ထွက်ပေါ်လာတာ၊ ရိုးမဘဏ်ရဲ့ အကြီးဆုံး တာဝန်ရှိသူဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတဲ့ သတင်းက မြန်မာကျပ်ငွေတွေကို တန်ဖိုးသိသာစွာ ကျဆင်းစေပြီး မြန်မာကျပ်ငွေ သုံးစွဲရတဲ့ လူထုအနေနဲ့ လက်ဝယ်ရှိတဲ့ ငွေကြေးတန်ဖိုးကျဆင်းပြီး နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအဖွဲ့အစည်းတွေနဲ့ အချို့သော တော်လှန် ရေးမီဒီယာတွေ ကိုယ်၌က စစ်ကောင်စီရဲ့ ငွေကြေး ကသောင်းကနင်းဖြစ်မှုကို နိုင်ငံရေးအရ အမြတ်ထွက်တဲ့ အခြေအနေအဖြစ် သော်လည်းကောင်း၊ စစ်ကောင်စီ မြန်ဆန်စွာ ပြိုလဲစေဖို့ အထောက်အကူပြုတဲ့ အကြောင်းအချက်တခုအဖြစ်နဲ့ ရှုမြင်ကြပြီး အဲလိုအခြေအနေကို ပိုမိုဆိုးရွားစေဖို့ လိုလားကြ၊ တွန်းအားပေးကြတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီလို လုပ်ဆောင်မှုဟာ အမြော်အမြင်ရှိတဲ့ လုပ်ဆောင်မှု၊ ဆန္ဒသဘောထားတော့ မဟုတ်ပါဘူး။ အမြော်အမြင်ရှိတဲ့ လုပ်ဆောင်မှု အနေနဲ့ ဆိုရင် စစ်ကောင်စီ သုံးစွဲနေတဲ့ ကျပ်ငွေကို သူ့လက်အောက်မှာ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာသာ သုံးစွဲတာမျိး ဖြစ်စေပြီး လွတ်မြောက်နယ်မြေတွေအနေနဲ့ ငွေကြေးအရပါ လွတ်မြောက်မှု ရှိစေမယ့် အစီအမံ ပြင်ဆင်မှုတွေကို လုပ် ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းဟာ စစ်ကောင်စီရဲ့ တလွဲစီမံခန့်ခွဲခြင်းကို သရုပ်ပေါ်စေတာ မှန်သော်လည်း စစ်ကောင်စီ ထိန်းချုပ်မှုအောက်က သာမန်လူထုအတွက်တော့ ပိုမိုခက်ခဲကျပ်တည်းစေတဲ့ အကျိုးရလဒ်သာ ထွက်ပေါ်စေတာ ဖြစ်ပါတယ်။
တဖက်လှည့်တွေးရင် စစ်ကောင်စီ အနေနဲ့ နေပြည်တော်မှာနေပြီး မြန်မာကျပ်ငွေ တွေ ထပ်မံရိုက်နှိပ် ထုတ်ဝေတာ ဖြစ်စေ ၊ လက်ရှိ အတည်မပြုနိုင်တဲ့သတင်းတွေအရ အွန်လိုင်းကနေ ဒစ်ဂျစ်တယ်ကျပ်ကို အထိမ်းအကွက်မဲ့ လဲပေးနေတာတွေ ဖြစ်စေ၊ အလားတူ လုပ်ဆောင်မှုမျိုး လုပ် ဆောင်ခဲ့ရင် လွတ်မြောက်ပြီးနယ်မြေတွေမှာ သုံးစွဲနေတဲ့ ကျပ်ငွေ တန်ဖိုးတွေပါ ထပ်မံကျဆင်းစေတာ ဖြစ်လို့ ဒါဟာ နိုင်ငံရေးအရ ကြိုတင်ကြံစည်မှု တခုသဖွယ်တောင် ယူဆနိုင်ပြီး၊ ငွေကြေးကို နိုင်ငံရေး ရှုထောင့်က နားလည်အောင် ကြိုးစားမှု မရှိခြင်းက လွတ်မြောက်နယ်မြေမှာ နေထိုင်ကြတဲ့ လူထုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခြင်းလို့သာ ကောက်ချက်ချရမှာလည်း ဖြစ်ပါတယ်။
နိုင်ငံရေး၊ စစ်ရေး အရ လွတ်လပ်ခြင်းနဲ့အတူ ငွေကြေးအရ ဘဏ္ဍာရေးအရ လွတ်လပ်ခြင်း ပါရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် လူထုအဖို့ ငွေကြေးအရ အကာအကွယ်မဲ့တဲ့ အနေအထားမှာ မိမိတို့ ထောက်ခံတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေကပင်လျှင် လူထုလက်ဝယ်က ငွေကြေး တန်ဖိုးမဲ့အောင် မရည်ရွယ်ဘဲ လုပ်ဆောင်သလိုလည်း ဖြစ်နေတယ်လို့ ဆိုရင် လွန်မယ်မထင်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar