Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နေရစ်တော့ ဝေဿန္တရာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နေရစ်တော့ ဝေဿန္တရာ

(မိုးမခ) ဇူလိုင် ၁၄ ၊ ၂၀၂၄

အစ်ကိုထွန်း လက်ထဲ ငပလီက ဟော်တယ်ကြီး ၆၅ လုံးနဲ့အတူ လေဆိပ်နဲ့လေယာဉ်အပါ ခရီးသွားလုပ်ငန်းတခုလုံး ပက်ကိတ်လှူဒါန်းလိုက်ပြီ။ 

ဒီအလှူမျိုးကြီး‌တွေ လှူဒါန်းနိုင်တာ ဒီဒွန္နယာမှာ မအလကလွဲ ဘယ်သူရှိမလဲ။ အလှူ‌မှာ‌တော့ ဦးမော့ချက်။ မစ္စတာဘီဂိတ်တောင် ကျိတ်ကြွေနေရတဲ့သူ။ သူတို့ ခေါသနီလင်မယား ရွာပြန်ရင်တောင် တည်းစရာမချန် လှူတာ။ စေတနာသုံးတန် ပြဋ္ဌာန်းချက်များတော့ မသေ‌သေးလို့ ရွာအလည်လာမယ် ဆိုရင်တဲ့၊ ဟော်တယ် မီးဖိုချောင်ဘေး လေးတိုင်စင်ထိုး မိုးကာပတ်အိပ်မတဲ့လေ။ 

ဘယ်နေ့ နေပြည်တော်က ဟော်တယ်တွေလဲ လှူမယ်မသိ။ တချိန်က မိုက်မိုက်မဲမဲ စေတီပုထိုးကြီးတွေပါ ဆွဲထည့်ပြီး မြေသိမ်း ယာသိမ်း လုပ်ဆောက်ထားတဲ့ ပုဂံက ဟော်တယ်တွေကို အရင်လှူမယ်လိုလိုလဲ သတင်းထွက်ရဲ့။ ပုဂံက သားစဉ်မြေးဆက် ဘုရားကျွန်တွေလို ဖြစ်မှာလဲ ကြောက်သေးသာကိုး။ 

အစ်ကိုထွန်းထက် ပွတာကတော့ ဝကိုယ်တော်ကြီး။ တန့်ယန်းမြို့ကြီးတမြို့လုံးကို ဝကွက်နှင်းအပ် မြတ်နိုးသဒ္ဓါ ဖြူစင်စွာလှူဒါန်းတာ။ အရင် ကိုးကန့်တွေတုန်းက မြို့အုပ်အဆင့်နဲ့ သဒ္ဓမ္မဇောတိကဘာညာ ဘွဲ့လောက်သာပေးတာ။ ခုလို မြို့ကြီးလိုက် နောက်လိုက်နောက်ပါ ငယ်ကျွန်တွေနဲ့တပါတည်းလှူဒါန်းတာမျိုးက မရှိသေးဘူးလေ။ 

ခုလို ကိုယ့်လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် စီမံလှူဒါန်းတာမျိုးကိုကျ သာဟတ္ထိက ဒါနဆိုလား ခေါ်သတဲ့။ မအလက အလှူမှာတော့ ဝေသန္တရာထက် သာသကိုး။ ဟိုခမျာ ဘုရားလောင်းသာ ပြောတယ်။ ၇ရက်၇လီစတုဒိသာကျွေးတာ၊ တိုင်းခြားကို ဆင်းလေးတကောင် လှူတာမျိုးလောက်သာ ရှိရှာတာ။ မအလကတော့ ရိုးရိုးအလောင်းတော်ထက်သာတဲ့ အလောင်းစည်သူဆိုတော့ကား ဂျပန်ကို ဆင်ဆိုလေးကောင်၊ ကျားလို ရှားပါးတိရစ္ဆာန် ဘာညာကတော့ တရုတ်ကို ပြောင်သလောက်လှူပြီးပြီ။ သူ့မဟေသီ ခေါသနီလည်း လက်ခံသူမရှိလို့သာ။ စစ်သည်ဗိုလ်ပါ လှူဒါန်းမှုလဲ ရင်းလိုက် ရင်းလိုက် မလိုက်မလိုက်။ ဘယ်စစ်သူရဲကောင်းမှ မလှူဘူးတဲ့ စစ်ကြောင်းအလှူမျိုးတွေတောင် ရှိတာကိုး။

လက်နက်ခဲယမ်းကတော့ အလှူရေစက် လက်နဲ့မကွာလို့တောင် ပြောရမလို။ နာရီမပြတ် လှူဒါန်းနေတယ်လို့တောင် ဆိုရရဲ့။ မြို့လိုက် လှူဒါန်းတာကတော့ လောလောဆယ် မြို့ပေါင်းခုနှစ်ဆယ်။ နယ်ပေါင်းတော့ မရေနိုင်။ သူ့ရက်နဲ့သူ တပြည်လုံး လှူဒါန်းသွားဖို့  ပိုင်းဖြတ်ပြီးသား။ နားတော့ ဝေဿန္တရာ၊ ဝေဿန္တရာ နားတော့။ ရာဇဝင်ထဲမှာဘဲ ဝေ့ကို ထားရစ်ပေါ့။ 

သူ တက်လာကတည်းက အရိပ်အမြွက်တော့ ပြပြီးသား။ အာဏာထိန်းတာနော်တဲ့၊ သိမ်းတာမဟုတ်ဘူးတဲ့။ သဘောက ယာယီခဏ လက်ခံထားတာပါပေါ့။ အခုလို ခွဲစိတ်မျှဝေ အတိုင်းတိုင်းအပြည်ပြည် ထောင်ပေးမယ်လို့ထိ ဘယ်ရိပ်စားမိမတုံး။ သူကတော့ သူ့မိုက်ကြွေးမိုက်ပြစ် အကုန်ကြေအောင်၊ ပြီးတော့ သူ့အဖေ သူ့အဘိုး မိုက်ဆိုး တာတေလံခဲ့သမျှ ပြေအောင်၊ ဒီနောက် သူ့သားတွေ သူ့မြေးတွေ သူ့ မြစ်တွေ ဆက်မမိုက်နိုင်အောင် အမြော်အမြင်နဲ့ကို လုပ်တော့တာပေါ့လေ။ 

သူ ကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဗုဒ္ဓကလဲ လူမိုက်ကို ရှောင်လို့ ဟောထားသမို့လား၊ ဘုရားဒကာပီပီ အသေအချာ လိုက်နာပြီပေါ့။ သူက သာမညောင်ညဘုရားဒကာ မဟုတ်၊ စမိုင်းလင်းဗုဒ္ဓရဲ့ဘုရားဒကာ ဆိုတော့ကား လူမိုက်ကို ရှောင်ရုံမျှသာ မဟုတ်၊ လူမိုက် မျိုးတုံးအောင်ထိပါ လုပ်တော်မူတာပ။

ဘုရားကား လိုက်နာပွား တရားလက်မလွတ်သူ မအလ။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar