ရဲဘော်တေး - ဝကွက်
ရဲဘော်တေး - ဝကွက်
(မိုးမခ) ဇူလိုင် ၁၄ ၊ ၂၀၂၄
နွေဦးကာလ တော်လှန်ထကြွသော အခါသမယတွင် မြန်မာ့တပ်မတော် အသေမင်းတြားကြီးကြင်စိုးသည် တန့်ယန်းမြို့ကြီးကို ဝအရှင်မင်းတရားကြီးထံ လက်ဆောင်ဆက်သွင်း နှင်းအပ်လိုက်ဘိသည်။ ချဉ်းကပ် နှင်းအပ်ပုံမှာ တန့်ယန်းနယ်ပယ်တခုလုံးရှိ မြေ ရေ လေ၊ ရဟန်း ရှင် လူ ဟူဟူ သမျှ၊ တောစောင့်နတ် တောင်စောင့်နတ် ရုက္ခစိုးနတ်တို့မချွင်း၊ တိရစ္ဆာန်တကောင်တမြီးမချန်၊ အိုးအိမ်တိုက်တာ ရုံးကန်ကန္နားနှင့်အတူ ကျေးတော်ကျွန်တော်နန်းများကိုပါအလှူကြီးလှူ၍ စာရင်းပြတ် နှင်းအပ်ခြင်း ဖြစ်သည်။
နောင်တွင် ယင်းအခြင်းအရာမျိုးကို ပါဠိလို “မုတ္တစာဂီ” မြန်မာလို “ဝကွက်” အပ်နှင်းခြင်းဟု ခေါ်ဆိုသမှုပြုကြပြီးလျှင် မြန်မာ့စစ်ရှုံးဝေါဟာရတခုပင် ဖြစ်လာတော့သည်။ ဥပမာ ဖြတ်လျှောက်ခွင့် လေရှူခွင့်မှ ပြန်မရအောင်ရှုံးသွားလျှင် “နောင်ချိုဝကွက်” ”မတူပီဝကွက်” “နမ့်ခမ်းဝကွက်” “သံတွဲဝကွက်” “ရှားတောဝကွက်” စသဖြင့် သုံးနှုံးကြတော့သည်။ “မတ္တရာဝကွက်လုလု” “အမ်းစစ်ဌာနချုပ်ဝကွက်လုလု” “စဉ့်ကူးဝကွက်လုလု” “မြဝတီဝကွက်လုလု” “မိုးကုတ်ဝကွက်လုလု” “ချင်းပြည်ဝကွက်လုလု” “ကချင်ပြည်ဝကွက်လုလု” စသဖြင့်လည်း “လုလု” နှင့်တွဲစပ်၍ “လုလုအခြေအနေ” မှာ ဂယက်အနက်ကို ဖြန့်ထွက်သုံးလာကြသည်။
တတိုင်းပြည်လုံး လုလုအခြေအနေဆိုက်လာလေပြီ။ ဘဏ်များ ပြိုလုလု၊ စက်ရုံများ ရပ်လုလု၊ အလုပ်ရုံများ တန့်လုလု၊ ဆီ ပြတ်လုလု၊ တပ် ကုန်လုလု၊ ရိက္ခာ ငတ်လုလု၊ စစ်သား ပြေးလုလု၊ ပြည်သစ်ထောင်လုလု၊ အဲသလို လုလုအခြေအနေမှာ ကာချုပ်သည် စစ်ရှုံးစစ်ဗိုလ်ကြီးများအတွက် ထောင်များပင် တိုးချဲ့လိုက်သေးတော့သည်။ သူစစ်အာဏာသိမ်းလို့ စစ်တိုက်နေရသည်ကို သူနှင့်မဆိုင် သူပိုင် မဟုတ်၊ စစ်ရှုံးတာ သရေကြိုးကိုးကွင်းအလုပ်၊ အဲသဟာကြောင့် စစ်ရှုံးကောင်တွေ ထောင်သွင်းဖြုတ်ထုတ်သတ်ရသည်ဟု ဆိုလိုသည်။
စီးပွားရေးပျက်တာလည်း သူ့ဝိသမလောဘကြီးကြီးနှင့် သူ့ဉာဏ်သေးသေးကြောင့် ပျက်ခြင်းမဟုတ်၊ ကုန်သည်ပွဲစား လူလွန်မသားများကြောင့်ဖြစ်ဘိသည်ဟု ဆိုပြန်သည်။ သူ့လို လူစဉ်မမီလို့ အလိုလို ဦီးမော့မော့နေရသူအာဏာသိမ်းကထဲက စီးပွါးရေးလည်း အလိုလို ဦးမော့နေရမည်မှာ ဓမ္မတာဟုပင် ဗျာဒိဗ်ရပြီးသား ဘုရားလောင်းလိုလိုပုံနှင့် မိန့်ခွန်းတော် ချွေလေသေးသည်။
ကိုယ်တိုင်က ကျားဖြန့်သခင် မာဖီးယားဘုရင် ဖြစ်ပါလျက်၊ ကျားဖြန့်နှင့် မူးယစ်ဂိုဏ်းသားတွေကို မြို့အုပ်နယ်စိုးခန့်ကာ သဒ္ဓမ္မဇောတိက ဘွဲ့ထူးတွေ ချီးမြင့်မြှောက်စားထားသူဖြစ်ပါလျှက် စစ်ရှုံးဒေသက တိုင်းရင်းသား သူ့ဘော်ဘော်ကျားဖြန့်များကိုကယ်တင်စောင့်ရှောက်ဟန်လိမ်လည်ခေါ်ဆောင်၍ လူဆိုးသူခိုးကို ဉာဏ်ဆင်ဖမ်းပေးသည့် ရဲမှူးဂိုက်မျိုးပေးပြီး အခွက်ပြောင်တက်တက်နှင့် တရုတ်လက် ဝကွက်အပ်လိုက်သေးသည်။ တလက်စတည်း ကြံရာပါအမည်တပ်၍ တပ်ထဲက သူသဘောမကျတဲ့ စစ်ဗိုလ်ချုပ်တွေကိုပါ ကျားဖြန့်စာရင်းနှင့် ထောင်သွင်းလိုက်သည်။ သူ့ကို ဘယ်ဘက်ကမှ သူရဲကောင်းမသတ်မှတ်။ သူရဲဘောကြောင်ကြောင်နှင့် လုပ်ကြံဇာတ်ခင်း လုပ်ကြံသတ်ဖြတ်ခြင်းမှာ ကျွမ်းကျင်သူဟူ၍သာ သတ်မှတ်ကြသည်။
လည်သာလည်တာ တပတ်မပြည့်သည့် ငပု၊ ခု တရုတ်က သူ အပ်လိုက်သည့်သူတွေကတဆင့် အရင်သိနှင့်ပြီးသားထက် သူ့အကြောင်းပိုသိပြီး အဆင်း ဘီးတပ်ပေးဖို့ လုပ်နေပြီ။ မအလနှင့် တပ်မတော်ခေါင်းဆောင်ပိုင်းတချို့ရယ်၊ နယ်ခြားစောင့်ယောင်ယောင် နယ်ခြားအမှောင့်ယောင်ယောင်ကောင်တွေရယ်လို ကမ္ဘာ့ကျားဖြန့်စွန့်ဦးလုပ်ငန်းရှင်တွေရှိသရွေ့ ကျားဖြန့်မပျောက် သူ့နိုင်ငံကြီးသားတွေ ဒုက္ခရောက်နိုင်မှန်းသိသလို သူ့အကျိုးစီးပွားတွေ ထိခိုက်ပျက်ပြားနိုင်မှန်းသိလို့ တရုတ်ကို လူစုံခေါ်ပြီး ပထမအဆင့် မအလအမြစ်ဖြတ်ဖို့ အလုပ်အပ်နေပြီလတည်း။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar