Breaking News

စစ်ကောင်စီတပ်နဲ့ သဘောတူညီမှုရပြီး မိုင်းရယ်မြို့ထဲ SSPP တပ်တွေ ဝင်ရောက်လာ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၄

စစ်ကောင်စီတပ်နဲ့ သဘောတူညီမှုရပြီး မိုင်းရယ်မြို့ထဲ SSPP တပ်တွေ ဝင်ရောက်လာ 

ဇူလိုင်လ ၁၁ ရက်မှာ ထောင်နဲ့ချီတဲ့UWSA တပ်ဖွဲ့ဝင်တွေ တန့်ယန်းမြို့ထဲ ဝင်ရောက်လာကြတဲ့ အဖြစ်အပျက်ဖြစ်ပွားပြီး ၂ ရက်အကြာမှာ မိုင်းရယ်မြို့ထဲကို သျှမ်းပြည်တိုးတက်ရေးပါတီရဲ့ လက်နက်ကိုင်အဖွဲ့ SSPP/SSA တပ်တွေ ရာနဲ့ချီ မိုင်းရယ်မြို့ထဲ ဝင်ရောက်လာကြပြန်ပါတယ်။ အဆိုပါ မြို့နှစ်မြို့လုံးက လက်ရှိ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပြီး စစ်ကောင်စီနဲ့ အထက်ပါ လက်နက်ကိုင် ၂ ဖွဲ့အကြား သဘောတူညီမှု တစုံတရာရှိပြီးနောက် အခုလို မြို့တွေထဲ အလံလွှင့်ထူဝင်ရောက် လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခုလို ဝင်ရောက်လာတာကို လတ်တလော စစ်မက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း သိရှိအောင် ရည်ရွယ်ပြီး အလံလွှင့်ထူကာ စစ်သုံး ထရပ်ကားတွေနဲ့ ဝင်ရောက်လာတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

လက်ရှိစစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ MNDAA နဲ့ TNLA တို့ကို သိရှိစေလိုတဲ့ သဘောလို့ ယူဆရပြီး စစ်ကောင်စီ အနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမထားတဲ့ SSPP/SSA တပ်ဖွဲ့ဝင်တွေကို ဖိတ်ခေါ်ခဲ့ခြင်းဟာ နည်းပရိယာယ်အရ မဟာမိတ်ပြုခြင်း သို့မဟုတ် အပေးအယူပြုခြင်းလားလို့ မှန်းဆကြည့်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

အခုလို ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့၊ ဒုတိယအကျော့ ကာလတွေ မတိုင်ခင်မှာတော့ စစ်ကောင်စီ အနေနဲ့ ရှမ်းပြည်နယ်မှာ စစ်တပ်အင်အားနဲ့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့မှ ခွဲဝေပြီး ထိန်းချုပ်တာမျိုး လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ နယ်မြေထိန်းချုပ်စိုးမိုးမှုနဲ့ ပတ်သက်လို့ ဆယ်စုနှစ်များစွာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သမိုင်းတွေသာ ရှိခဲ့ပြီး ပြည်သူ့စစ်ဖွဲ့ပြီး စစ်တပ်ရဲ့ အမိန့်အောက်မှာ လှုပ်ရှားရတဲ့ အနေအထားမျိုးအရ နယ်မြေတွေ ထိန်းချုပ်ခွင့်ပေးတာကလွဲရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကို ၄င်းတို့အလံနဲ့တကွ လာရောက်နေရာယူဖို့ ဖိတ်ခေါ်ခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ တနည်းအားဖြင့် ပြည်မက အစိုးရ စစ်တပ်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်တိုင်းဌာနချုပ် လားရှိုးနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းမြို့ မကျအောင် နည်းလမ်းရှာဖွေရာမှာ လက်ရှိ ယှဥ်ပြိုင်တိုက်ခိုက်ခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နဲ့ အပေးအယူလုပ်ဖို့၊ သို့မဟုတ် လက်လွှတ်ရမယ့် အနေအထားမှာ လက်ရှိရန်ဘက် ဖြစ်မနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လက်ထဲ အပ်ဖို့ ဆုံးဖြတ်မှုမျိုးကို ရွေးချယ်ခဲ့တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ 

ရှမ်းမြောက်နဲ့ ရှမ်းပြည်နယ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာတော့ အခုလို တဖက်နဲ့ တိုက်ခိုက်နေစဥ် အခြားတဖက်နဲ့ မဟာမိတ်ပြုခြင်းဟာ အချင်းချင်း ဆက်ဆံရေး ထိခိုက်စရာ အနေအထားမျိုးဖြစ်စေတယ်လို့ ရှုမြင်မှုတွေလည်း ရှိနိုင်တာ ဖြစ်ပေမယ့်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာ ဘယ်အဖွဲ့၊ ဘယ်လူမျိုးတွေရဲ့ နယ်မြေဖြစ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကျိုးစီးပွားချင်း ဆန့်ကျင်ဘက် ဖြစ်တဲ့ အနေအထားတွေက ရှိနှင့်ပြီးဖြစ်လို့ SSPP/SSA လို လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီနဲ့ သဘောတူညီမှု တချို့ရယူခြင်းကို အပြစ်တင်ဖို့ ခက်ခဲတဲ့ သဘောလည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးအပြီး နယ်မြေ စိုးမိုးမှုနဲ့ ပတ်သက်လို့၊ အချို့သော နေရာ၊ စစ်ဆေးရေးဂိတ်တွေ ၊ အကောက်အခွန်ကောက်ယူမှုတွေ နဲ့ပတ်သက်လို့ TNLA နဲ့ KIA အကြား၊ TNLA နဲ့ MNDAA အကြားမှာပင်လျင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်ခြေမှာ အထင်အမြင်လွဲမှားမှုလို့ အကြောင်းပြခဲ့ကြသော်လည်း တဖက်နဲ့ တဖက် ရပိုင်ခွင့်ကို သွေးတိုးစမ်းအားပြိုင် ကြတဲ့ ဖြစ်ရပ်တွေလို့ ယူဆရမှာ ဖြစ်ပါတယ်။ 

အလားတူ မကြာခင်ရက်ပိုင်းအတွင်း ကျောက်မဲ၊ သီပေါ မြို့နယ်တွေမှာ SSPP/SSA တပ်တွေနဲ့ TNLA တပ်တွေအကြား ပစ်ခတ်မှုတွေ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ လောလောလတ်လတ် ဖြစ်ရပ်တွေကလည်း SSPP/SSA အနေနဲ့ ၄င်းရဲ့ ထိန်းချုပ်ခွင့်ရှိတဲ့ နယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ရာမှာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ 

အခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ အနေအထား အပြောင်းအလဲတွေကို ကြည့်ရင် ရှမ်းမြောက်မှာ အင်အားကြီးပြီး အဲဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် သြဇာလည်းရှိတယ်လို့ ဆိုနိုင်တဲ့ UWSA အဖွဲ့ရဲ့ ပါဝင်လှုပ်ရှားမှုဖြစ်ပါတယ်။ လက်နက်ကိုင် လူအင်အား နဲ့ လက်နက်ယန္တရားအရ အကြီးဆုံး အဖွဲ့ဖြစ်ပြီး လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပေါ်ပေါ်ထင်ထင် ပါဝင်ခြင်းမရှိခဲ့တဲ့ UWSA အနေနဲ့ တန့်ယန်းမြို့ကို စစ်အင်အား ထောင်ချီပို့တဲ့ အဖြစ်အပျက်က လက်နက်ကိုင် တိုက်ပွဲထဲ ပါဝင်ခြင်း မရှိသော်လည်း လက်နက်ကိုင် တပ်တွေအင်အားကို ပြသသလို စစ်ကောင်စီနဲ့ ဆက်ဆံပြောဆိုမှုတွေ ရှိနေတဲ့ အချက်ကို သက်သေပြလိုက်သလို ဖြစ်ပြီး ဘယ်လို စဥ်းစားဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့သလဲ ဆိုတာ ဖြေရခက်တဲ့ မေးခွန်းတခု ဖြစ်နေဆဲပါ။ သတင်းမီဒီယာ တခုကို ဖြေကြားရာမှာတော့ လားရှိုးမြို့ တဝိုက်က စစ်မီး တန့်ယန်းမြို့ကို ကူးစက်မလာဖို့ ဆိုတဲ့ သဘောမျိုး ပြောဆိုထားတာတွေ့ရပြီး အဆိုပါ အကြောင်းပြချက်က တစိတ်တပိုင်းမှန်နိုင်ပြီး ဘာကြောင့် ဆုံးဖြတ်ရသလဲ ဘယ်လို ဆွေးနွေး သဘောတူညီမှုတွေ ရှိထားသလဲဆိုတာက အများက ပိုပြီးသိရှိချင်ကြတဲ့ အချက်လည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့တော့ လားရှိုးမြို့ မကျဖို့ရာအတွက် ခုခံတိုက်ခိုက်တဲ့ နည်းလမ်းအပြင် အခြားဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှ သုံးဖို့ ပိုင်းဖြတ်ထားပုံရပြီး လက်ရှိပြဿနာတွေကို အနာဂတ်ဆီ ရွှေ့ထားလိုက်ပြီး လက်ရှိ အကျိုးရလဒ်အတွက်ကိုသာ ဦးစားပေးဆုံးဖြတ်ခဲ့ပုံ ရပါတယ်။ နိုင်ငံရေး၊ စစ်ရေး နယ်ပယ်မှာ အများသိကြတဲ့ ဆိုရိုးစကားတခုအတိုင်း အမြဲတမ်း ရန်သူ ဆိုတာမရှိဘဲ အမြဲတမ်း အကျိုးစီးပွားသာ ရှိတယ်ဆိုတဲ့ ဆိုရိုးစကားက ရပ်တည်ချက်တွေ၊ ခံစားချက်၊ ချစ်ခြင်း မုန်းခြင်းတွေကို ဘေးဖယ်ထားပြီး လက်တွေ့ အကျိုးစီးပွားကို ကြည့်ကာ ဆုံးဖြတ်ကြတဲ့ သဘောသဘာဝဟာ လက်ရှိ အဖြစ်အပျက်တွေနဲ့ ကိုက်ညီနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အခုလို တနေ့နဲ့တနေ့ ကြိုတင်မျှော်လင့်မထားတဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာ၊ တွန်းအားပေးမှုတွေလည်း အတိုင်းအတာတခုထိ ပါဝင်ကောင်း ပါဝင်နေလိမ့်မယ်လို့ မှန်းဆကြည့်မိပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar