ဆယ်ပေါင်တူ - ပြည်ထောင်စုသမ္မတ ဘောမကျွန်းနိုင်ငံ
ဆယ်ပေါင်တူ - ပြည်ထောင်စုသမ္မတ ဘောမကျွန်းနိုင်ငံ
(မိုးမခ) ဇူလိုင် ၂၅ ၊ ၂၀၂၄
‘အကိုကြီးဘက်က အတည်တော့ မဖြစ်နိုင်ဘူးနော်’
‘အင်းပါ…အကိုကြီးရဲ့၊ ယာယီဆိုလည်း ကျေနပ်ပါတယ်’
ကြင်စိုးတယောက် ကပျာကယာနှင့် ကြည့်လက်စ ဗီဒီယိုကားကို ပိတ်လိုက်သည်။ ဇာတ်ဝင်ခန်းထဲမှ ကာရာအိုကေခန်းထဲတွင် ပြီတီတီပြောနေကြပုံများက သူ့ကို မလုံမလဲဖြစ်သွားစေသည်။
‘ဆင်ဆာအဖွဲ့က စကားလုံးတွေကို သေသေချာချာ စစ်ဆေးဖို့ကောင်းတယ်၊ ယာယီ ဆိုတာက နိုင်ငံတော်သုံး စကားလုံး၊ အခုလို လက်လွတ်စပယ် သုံးဖို့မကောင်းဘူး’ဟုလည်း ပွစိပွစိ ပြောနေသည်။
‘အင်း၊ ယာယီဖြစ်ဖြစ် ဘာဖြစ်ဖြစ် သမ္မတတော့ ဖြစ်သွားပြီ၊ သမ္မတဆိုတာ ဟိုးရှေးရှေးကတော့ ဘုရင်ရာထူးပဲ၊ ဘုရင်တပါးက သူ့တိုင်းသူပြည်သားတွေ အကြောင်းကို သိရအောင် ဘယ်လိုလုပ်ကြလဲ’
ဘုရင် ဆိုသည့် စကားသံအကြားတွင် ဒီလိုဆိုသူလည်း မိဖုရားခေါကြီး ဖြစ်သွားလေပြီဟု ဆွဲတွေးပြီး ပါးစပ်ကို လက်ဖြင့် အသာအုပ်ရင်း ပီတိဖြစ်ကာ ခပ်တိုးတိုးလေး ရယ်လိုက်သည်။ပြီးမှ မြန်မာစာ မြန်မာဘာသာ အကြောင်းကိုသာမက မြန်မာ့ရာဇဝင်ကိုလည်း ရိပ်ဖမ်းသံဖမ်း ရှိသူပီပီ ‘ရှေးဘုရင်တွေကတော့ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လည်ကြတာပဲ’ ဟု ပြန်ဖြေသည်။
ဘာရယ်ကြောင့်မသိ LV အိတ်ကို အရင်ကတည်းက ကိုင်ချင်စိတ်ဝင်နေသည့် ကြင်စိုးက အမျိုးသမီးပုံစံ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်လည်ဖို့ စိတ်ကူးလိုက်သည်။ မနက်ရောက်သည်နှင့် ပိုသေချာသွားအောင် ကျည်ကာအင်္ကျီ နှစ်ထပ်ဝတ်ထားပြီး အချို့က ဘောကပ်ပညာရှင်ဟု အတိုခေါ်ကြသော ဘောမမိတ်ကပ်ပညာရှင်များ၏ အလှပြင်ဆင်ပေးမှုကို ခံယူသည်။
ထိုအခါ ပုပုကွကွ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်နှင့် ရှိသည့်အသက်ထက် ပို၍ ငယ်ရွယ်ဟန် ပေါက်သွားသော အန်တီ ကြင်စိုးသည် LV အိတ်ကို စတိုင်နှင့်ပိုက်ကာ တိုင်းခန်းလှည့်လည်ဖို့ အသင့်ဖြစ်သွားလေသည်။ လုံခြုံရေး အဖွဲ့ဝင်များကလည်း သူနှင့်မနီးမဝေးတွင် လိုက်ပါလာကြသည်။
အိမ်ရှေ့တွင် ပေါင်း နုတ်နေသည့် အဒေါ်ကြီးတယောက်ကို အတွေ့တွင် အန်တီကြင်က—
‘နေကောင်းလားရှင့်၊ ယာယီသမ္မတကြီးအကြောင်း ကြားပြီးပြီလား’ဟု စကားစလိုက်သည်။
‘စောစောစီးစီး အမင်္ဂလာကောင်အကြောင်း လာမပြောနဲ့’
‘အမကြီး နားကြားလွဲသွားတာ ဖြစ်မယ်၊ ကျမက ဟိုဘုရားဒကာ ယာယီသမ္မတကြီးအကြောင်းကို မေးတာပါ’
‘စောစောစီးစီး ဒီအမင်္ဂလာကောင်အကြောင်း လာမပြောပါနဲ့ဆို’
‘အင်း၊ နားသိပ်မကောင်းဘူးနဲ့ တူတယ်’ဟု အန်တီကြင် ရေရွတ်လိုက်သော အသံကို လျှို့ဝှက်တပ်ဆင်ထားသော မိုက်ကရိုဖုန်းမှ ကြားလိုက်ရသောအခါ ခပ်လှမ်းလှမ်းတွင် လိုက်ပါလာကြသည့် လုံခြုံရေးများက ‘ဟုတ်တယ် အန် တီ၊ အဲမှားလို့ ဟုတ်တယ် အဘ၊ သူက နားမကောင်းဘူး၊ ဟိုဘက် ဆက်သွားကြရအောင်’ဟု ပြောကာ တခြားဘက်သို့ ခေါ်ထုတ်သွားသည်။
လမ်းတလျှောက် ကြုံရသူများကို ခုနကအတိုင်း ယာယီသမ္မတကြီးအကြောင်း ဆက်၍မေးလာသော်လည်း စကားပြန်မရ။
‘ခွေးတိရိစ္ဆာန် အကြောင်း လာမပြောနဲ့၊ အမိယုတ် အဖယုတ်အကြောင်း လာမမေးနဲ့၊ ကလေကဝ စောက်ရူး စောက်ပေါအကြောင်း အချိန်ကုန်ခံမနေချင်ဘူး၊ သားရေကြိုး မအလ၊ ကိုယ်ဝန်ပျက်ကျခဲ့ဖို့ ကောင်းတာ၊ အသေလေးမွေးခဲ့ဖို့ ကောင်းတာ၊ ခွေးလေခွေးလွင့် ခွေးရူးစိတ်ပေါက်နေတဲ့ကောင်အကြောင်း လာမမေးနဲ့၊ နေ့ ငရဲကြီးရှစ်ထပ် ညအဝီစိကို ဇောက်ထိုး တလှည့်စီကျမယ့်ကောင်အကြောင်း လာမပြောနဲ့’ ဆိုသည်မျိုးကိုသာ တယောက်ပြီးတယောက် မိုးမွှန်အောင် ဆဲဆိုပြောသွားကြသည်။
အန်တီကြင်သည် သူ့ကို မြှောက်ပင့် ဘောမနေကြသူများနှင့်သာ နီးနီးကပ်ကပ် နေခဲ့ဖူး၍ ယခုလို ရပ်ကွက်ထဲရှိ ပြည်သူစစ်စစ်များ၏ ရင်ထဲက စကားလုံးအစစ်များကို ကြားရသောအခါ သူ့ကို ပြောနေသည်ဟု မထင်မိသေး။
‘ဪ တရပ်ကွက်လုံး နားမကောင်းတဲ့သူတွေ စုနေကြတာနဲ့ တူတယ်၊ ငါ မေးတာ ကောင်းကောင်း မကြားကြဘူး၊ တခြားဘက်က သွားကြရအောင်’ဟု သူ့လုံခြုံရေးတွေကို လှမ်းပြောသည်။
သိပ်မကြာလိုက်၊ ဓားတချောင်းဖြင့် သိုင်းလေ့ကျင့်နေသော ဦးကြီးတယောက်၏ ခြံဝိုင်းနားသို့ ရောက်လာကြသည်။ လက်ထဲတွင် ဓားကိုင်ထားသောကြောင့် လုံခြုံရေးများက အန်တီကြင်ကို အနားသို့ မကပ်စေချင်။ သို့ သော် အန်တီကြင်က ဘောကပ်များ၏ မိတ်ကပ်လက်ရာစွမ်းကို ယုံကြည်သည့်အပြင်၊ ထိုဦးကြီး၏မျက်နှာတွင် ဖော်ရွေဟန်လည်းရှိသည့်အတွက် ‘ငါက ရုပ်ဖျက်ထားတာပဲ ရပါတယ်၊ သိပ်ဝေးဝေးမှာတော့ မနေကြနဲ့ ‘ဟု လုံခြုံရေးများကိုသတိပေး မှာကြားပြီး အပြုံးနှင့် သွားရောက်နှုတ်ဆက်လေသည်။
ထိုသူက သဘောကောင်းပုံရပြီး ‘လာ ရေနွေးကြမ်းသောက်လှည့်၊ အဘလည်း သိုင်းကစားနေတာကနေ ခဏနားမလို့’ဟု ပြောသည်။ ထို့နောက် အန်တီကြင်က ထုံးစံအတိုင်း ယာယီသမ္မတကြီးအကြောင်းကို မေးတော့သည်။ သူက ရေနွေးကြမ်း မှုတ်သောက်နေရာကနေ—
‘ အဘကတော့ သဘောကျသကွာ၊ အဲဒီလို ဖြစ်ရမယ်’
အန်တီကြင်၏ မျက်နှာ ဝင်းခနဲ ဖြစ်သွားကာ ဆက်ပြောလာမည့် စကားသံကို နားစွင့်နေသည်။
‘သမ္မတ တကယ်မလုပ်ခင်မှာ ယာယီသမ္မတ အရင်လုပ်ကြည့်ရမှာပေါ့ကွ’
အန်တီကြင်လည်း ဝမ်းသာလုံးဆို့သွားပြီး စိတ်ထဲက ‘အင်း၊ တိုင်းခန်းလှည့်လည်ရကျိုးတော့ နပ်ပြီ’ ဟု ဆိုရင်း ‘ဆက်ပြောပါဦး အဘ’ဟု ထောက်ပေးလိုက်သည်။
‘ငါတို့ကတော့ အဲဒီလိုနေ့မျိုးစောင့်နေတာ၊ ကျွန်းပေါ်မှာ သမ္မတအတု ဆက်လုပ်ပြီး တရားစီရင်မယ့်နေ့ကိုစောင့်၊ နောက်မကြာခင်တော့ ကြိုးစင်ပေါ်မှာပဲ နိဂုံးချုပ်ကြပေါ့၊ မဟုတ်ဘူးလား’
နားရှုပ်သွားဟန်ရှိသည့် အန်တီကြင်က မျက်လုံးအဝိုင်းသား ဖြစ်သွားရင်း ‘ဘယ်ကနေကျွန်းတွေ၊ ကြိုးစင်တွေက ပါလာရတာလဲ’ဟု မေးလိုက်သည်။
‘ဒီလို ငါ့တူမကြီးရ၊ တော်လှန်ရေးကြီး ပြီးသွားရင် အခုယာယီ ဘာညာကွိကွ ဆိုပြီးလုပ်နေတဲ့ စောက်ရူးနဲ့ သူ့ ဘောမတသိုက်ကို ဖမ်းပြီး လူသူမနေတဲ့ ကျွန်းတကျွန်းကိုပို့၊ ပြီးတော့သူ့ကို ဘောမတွေရဲ့ သမ္မတ ခဏခန့်ထား၊ အချိန်ကျတော့ တရားစီရင်တာခံရပြီး ကြိုးစင်ကို တန်းပို့လိုက်၊ လူဆိုး၊ လူမိုက်၊ လူယုတ်မာတို့ရဲ့ နောက်ဆုံး သွားရာလမ်းပေါ့’
အန်တီကြင် အသားတဆတ်ဆတ်တုန်လာပြီး ဒေါသထွက်နေသည်ကို သူက သတိထားမိဟန် မတူဘဲ ဆက်ပြောနေသည်။
‘ဒီစောက်ကျင့်မကောင်းတဲ့ အမျိုးယုတ်ကောင်တင်မကဘူး၊ သူ့နောက်က ဘောမတသိုက်ကိုလည်း တကောင် တမြီးမှ ငါတို့ အနာဂတ်ဖက်ဒရယ်နိုင်ငံသစ်ထဲမှာ မမြင်ချင်ဘူး၊ ဒါ့ကြောင့် ‘ပြည်ထောင်စုသမ္မတ ဘောမကျွန်းနိုင်ငံ’ ဆိုပြီး ကျွန်းတခုပေါ်ကို စုပို့ထားလိုက်မယ်လို့ ပြောတာ။
အမှန်ကတော့ အကျဥ်းထောင်တမျိုးပါပဲ။ တရားရုံး ထုတ်ခါနီးတော့ ပြန်ခေါ်၊ သူ့ပြစ်ဒဏ်နဲ့ သူခံကြ။
ငါတို့နိုင်ငံထဲ မျက်စိနောက် သက်သာတာပေါ့။
အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပြည်သူတွေရဲ့ ဘဝကို လက်တွေ့ခံစားနိုင်အောင် ကျွန်းပေါ်မှာ ဘာမှဆောက်ပေးမထားဘူး။ ကိုယ့်ဘာသာ နေထိုင် စားသောက်ဖို့ စီစဉ်ကြ။ လျှပ်စစ်မီးလည်း မရှိဘူး။ အမျိုးတွေကို ဖျော်ဖြေချင်လို့ ရောက်လာတဲ့သူနဲ့ ‘အလင်းရောင်…သန်းခေါင်ယံညနက်ထဲ…ကြယ်စင်များအိပ်စက်…အလင်းရောင်’ ဆိုပြီး မှောင်ကြီးမည်းမည်းထဲမှာ အလင်းရောင်ကို မျှော်ရင်း သီချင်းအော်ဆိုကြ၊ သူတို့အဘ သမ္မတရူးက ကြိုးပေးမခံရချိန်အထိတော့ အဲဒီမှာ ဘောမသမ္မတပေါ့’ ပြောပြောဆိုဆို အရှိန်တက်လာပုံရပြီး မာန်နှင့် ဓားကိုကောက်ဆွဲကာ တက်တချက် ခေါက်လိုက်သည်။
‘တောက် တရားဥပဒေဆိုတာ ရှိနေလို့ပေါ့၊ နို့မို့ဆိုရင် စောက်ဂျပု မအလကောင်ကို ငါ့လက်ထဲက ဓားနဲ့ ဟောဒီလို၊ ဟောဒီလို’ ဟုဆိုကာ အန်တီကြင်၏ ခေါင်းနားက ကပ်ပြီး ဓားကို ဝှေ့ယမ်းခုတ်ပြလိုက်သည်။
ဤတွင်မှာပဲ ‘ပြည်ထောင်စုသမ္မတ ဘောမကျွန်းနိုင်ငံ’ ၏ သမ္မတအလောင်းအလျာ အန်တီကြင်တယောက်ခမျာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး ထဘီမနိုင် ပဝါမနိုင်ဖြင့် ခြံပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။
ဇာတ်လမ်းက ဒီမှာတင်မရပ်။ လမ်းပေါ်တွင် ဝရုန်းသုန်းကား ပြေးနေကြသော အန်တီကြင်စိုးတို့အဖွဲ့နောက်သို့ ရပ် ကွက်ထဲမှ ခွေးများက တဟုန်ထိုး လိုက်ဆွဲကြပြန်သည်။ ခွေးဆိုသည်က မျက်နှာစိမ်းခွေးများ အနားကပ်လာလျှင် ရန်လိုရန်စောင် လိုက်ဟောင်တတ်သည့် သဘောသဘာဝရှိကြသည်ပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar