Breaking News

ကိုနီတွတ် - ကျောက်မဲမြို့သိမ်းတိုက်ပွဲနောက်ဆက်တွဲ

Art by Than Htay Maung

ကျောက်မဲမြို့သိမ်းတိုက်ပွဲနောက်ဆက်တွဲ
ကိုနီတွတ်
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၄

               ငှက်ကြီးတောင်ဓားဆွဲထွက်လာပြီးသတ္တိထွက်ပြ၊ မပြီးဆုံးသေးသည့်ကျောက်မဲမြို့သိမ်းတိုက်ပွဲထဲက သွေးသံရဲရဲ ဒဏ်ရာဗလဗွနဲ့ပြန်လာသည့်မအလ၏အကြမ်းဖက်စခများအကြောင်း ဆိုရပါဦးမည်။ မြန်မာပြည်သူများ အလွန်မုန်းသောအကြမ်းဖက်စခများသည် မည်မျှပင်ခံရပစေ အမှတ်သည်းခြေမရှိကြ။ သူတို့ကို မည်သို့ပြောရမှန်း မသိတော့။ အထက်အမိန့်ကို တစ်သွေမတိမ်းနာခံကာ အသေခံကြသည်။ ထွက်ပြေးကြသည်။ထမင်းငတ်ခံကြသည်။ အဝတ်အစား ယူနီဖောင်းတွေကမြေကြီးအလိမ်း လိမ်း ရွံအလူးလူး စုတ်စုတ်ပြတ်ပြတ်။ ကိုယ်မကျွမ်းကြင်သောနယ်မြေကိုလက်နက်အားကိုးနဲ့ဝင်လာ၊ လက်နက်ကြီးကိုင်ပြီးကြောက်လန့် တကြား ထွက်ပြေး။ သေသူကသေ၊ လက်နက်ချသူချ၊ အလံဖြူထောင်သူထောင်။ ရှမ်းလိုနောင်ကွမ် မြန်မာလို "သမင်ရေအိုင်" ကျေးရွာအုပ်စုအမည်ရဒေသမှ ကျောက်မဲမြို့အထိ ၁၈ မိုင်အတွင်းအဖြစ်အပျက်များဖြစ်ပါသည်။

(၂၅-၆-၂၀၂၄) နေ့ ကျောက်မဲမြို့သိမ်းတိုက်ပွဲစဖြစ်တော့ တော်လှန်ရေးတပ်များ၏လျင်မြန်မှုအောက်တွင် ၈၀% သောမြို့ဧရိယာများကို၂ ရက်အတွင်းသိမ်းပြလိုက်သည်။ ကျန်နေသော ၅၀၁၊ ၅၀၂ နှင့် လက်ကျန်တပ်များစုပေါင်းစခ၊ ရခများကိုဝိုင်းထားလိုက်ကြသည်။ ထိုနေ့ (၂၆-၆-၂၀၂၄) ည ၇/၃၀ နာရီတွင် Y12 လေယာဉ်၅ စီးဖြင့် အကြမ်းဖက်လေတပ်က ၁ နာရီနီးပါး ဗုံးကျဲချသည်။ ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းကြသည်။(၂၇-၆-၂၀၂၄) နေ့နံနက် ၃ နာရီမှစတင်ကာ ဒရော့ဗုံးများနေရာအနှံ့ကျဲချသည်။ မအလလက်ကျန်တပ်များမှအမြောက်ကြီးများ၊ လက်နက်ကြီးများဖြင့် မြို့အနှံထိ ချင်ရာထိပစ်သည်။ ပြည်သူများဆိုင်ကယ်၊ ကား၊ ဆိုက်တွဲယာဉ်များဖြင့် အလံဖြူထောင် ပြေးကြရသည်။ ထိုကာလတိုအတွင်းသေဆုံးသူနှုန်းကလည်း အလွန်မြင့်မားသည်။ ၂/၃ ရက်အတွင်း ၃၀ ကျော်ဆိုသည်က အလွန်ကြောက်စရာမဟုတ်လား။
              ကျွန်တော်တို့လည်းဘာသားနှင့်ထုထားလို့လဲ။ မြန်မာလိုနွားစားကျက်အမည်ရကျေးရွာငယ်လေးသို့ အလောတကြီးပြေးလာရသည်လေ။ ထိုနယ်က ရှမ်းအပိုင်နယ်။ မြို့မှာနေစဉ်က မကြားချင်အဆုံးလက်နက်ကြီး၊ လက်နက်ငယ်၊ အမြောက်သံများလည်း မကြားရတော့။ကြိုကြားကြိုကြား အမြောက်သံများကြားရသော်လည်း ၁၃ မိုင်ခန့်ဝေး၍ စိတ်အေးရသည်။ သို့သော် Y12၊Jet fighter လေယာဉ်ပျံသန်းသံများနေ့စဉ်ရက်ဆက်။ အင်တာနက်လှိုင်းကလည်း မရသည်က များသည်။တယ်လီဂရမ်အကောင့်တစ်ခုမှ ကျောက်မဲသတင်းကို နားစွန့်နေရသည်။ တခါတခါ တော်လှန်ရေးတပ်များ၏ခွင့်ပြုချက်ဖြင့် စားဝတ်နေရေးအတွက် လိုအပ်ချက်များကို ပြန်ယူ ပြန်ထွက်၊ အင်တာနက်ခဏကြည့်၊ အပျက်အစီး၊ သေဆုံး၊ ဒဏ်ရာရစသည့်စစ်ပွဲအနိဋ္ဌာရုံများကို စုံစမ်းနေရင်းသတင်းတစ်ခုကြားရသည်။ ကျောက်မဲမြို့၏အထင်ကရဟိုတယ် ONE LOVE ဟိုတယ်သတင်း။ သတင်းနောက်ဆက်တွဲတော်လှန်ရေးသမား ၁၉ ဦးအကြောင်း စိတ်မကောင်းခြင်းကြီးစွာပေါ့။ စိတ်ထဲမှာစိုးရိမ်မိပြန်သည်။မြို့သိမ်းတောမလှန်ရေးတပ်များအခြေအနေကောင်းပါ့မလားပေါ့။
       ထို့အပြင် သာကောကြီး၏ခြေဝင်ရှုပ်မှုကြောင့် ၄ ရက်အပစ်အခတ်ရပ်စဲထားမည်။ တော်လှန်ရေးတပ်များအနေဖြင့် အလှည့်ကျတိုက်၊အလှည့်ကျ နားအခြေအနေမှ အားယူအနားယူချိန်ပြန်ရသည်ဖြစ်၍ သူတို့အတွက်ပြည်သူများဝမ်းသာနေမိချိန်၊ နောက်ထပ် သတင်းတစ်ခုကြားရသည်။ ရှမ်းလို "ခိုလမ်" မြန်မာလို "အိမ်မဲ" မြို့မှတပ်များ၊ ဟိုကဖြည့် သည်ကဖြည့်ထားသည့် တပ်မ ၁၁/၅၅ များအပါအဝင် စုစုပေါင်းအင်အား ၇၀၀ ဖြင့် ရပ်စောက် -ကျောက်ဂူ-ပုံဝိုးလမ်းမှ ဝင်လာခွင့်ကို ရှမ်းတပ်များထံ တောင်းထားသည်တဲ့။ သို့သော် ထိုလမ်းတစ်လျှောက်စစ်ရှောင်များပြည့်နေ၍ ခွင့်မပေးချင်။ ရပ်စောက်-ကျောက်ဂူ-တောင်ခြေ-နောင်ပိန်လမ်းမှသွားရန်ခွင့်ပေးခဲ့သည်။ အမှန်တကယ်လည်း ပုံဝိုးတိုက်နယ်၊ ကျွဲကုန်းတိုက်နယ်နမ့်လန်မြို့နယ်များတွင်စစ်ဘေးရှောင်များအပြည့်။ ကျောက်မဲမြို့အနီးအနားရွာများပါမကျန် မြို့သူမြို့သားအများစုသည် ဆွေမျိုးရှိသူကဆွေမျိုးများထံ၊ မရှိသူများကလည်း ထိုဒေသခံများချထားပေးသည့်နေရာများတွင် နေကြရသည်။ အရင်ပြေးသူက နီးစပ်ရာတိုက်နယ်၊ နောက်ကျပြေးသူက ဝေးရာတိုက်နယ်၊ မည်သည့်နေရာကြည့်ကြည့် ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များ၊ စာသင်ကျောင်းများ၊ အိမ်များတွင် စစ်ဘေးရှောင်များ။ ယခင်ကတည်းက အခွန်အတုတ်များကောက်နေပြီး ပြည်သူအကျိုးမသည်ပိုးသောဒေသခံထိုနယ်စိုးတပ်များကို ပြည်သူများက မကြည်ဖြူချင်၊ ယခုလည်း မအလအကြမ်း ဖက်တပ်များကို မတိုက်ထုတ်ပဲ နောက်ကတိတ်တဆိတ်ပူးပေါင်းနေမှုကြောင့် ပြည်သူများ၏ သည်းမခံနိုင်မှုများ ထွက်ပေါ်လာကြသည်။

        ထိုပြည်သူများ၏အသံကိုထို EROs တပ်ကမကြားပဲနေမည်မဟုတ်။သို့ဖြစ်၍ ရပ်စောက်ကျောက်ဂူလမ်းမှကျောက်မဲနယ်ဖက်အဝင် တောင်ခြေရွာအနီးတွင် အကြမ်းဖက်မအလ၏တပ်များနှင့် တိုက်ပွဲဖြစ်သယောင်ပုံဖော်ရင်း စစ်ကူလာသောစစ်ကားအစီး ၅၀ ကို မသိမသာလွတ်ပေးလိုက်သည်။ အင်အားမမျှ၍ လွှတ်ပေးလိုက်သည်ပေါ့။ စိုးရိမ်ထိပ်လန့််မှုရှိနေဆဲ၊ မျက်ရည်တို့ဖြင့် စစ်ဘေးရှောင်လာသောပြည်သူများ ဘယ်ဆက်ပြေးရမှန်းမသိတော့။ အကြမ်းဖက်လေတပ်ကလည်း နေ့ညမပြတ်ကျောက်မဲ၊ နမ့်ဆန်၊ လာရှိုး၊ သိန္နီတို့ကို အလှည့်ကျ ဗုံးကျဲချနေပြန်သည်။အများဆုံးကား ကျောက်မဲနှင့် လာရှိုး။ စစ်ကူစခတပ်များပုံဝိုးအရောက်စစ်ကြောင်း၂ ကြောင်း ခွဲလိုက်သည်။ တစ်ကြောင်းကား ပန်လော့ နမ့်ပျဉ်ရွာဖက်ရွာဟောင်းရှိရာ နနတ်တောင်ထိပ်၊ တစ်ကြောင်းကား ပုံဝိုး၊နောင်ကွမ်(သမင်ရေအိုင်)၊ နားပုံ၊နားပြိန်းရွာကျောက်မဲဖက်တောင်ထိပ်တို့တွင် အခြေတည်နေရာယူထားကြသည်။ ကျောက်မဲမြို့ကိုအမြောက်ကြီး၊ ၁၂၀၊ ၁၂၂ လက်နက်ကြီးများ လက်လှမ်းမီသောနေရာများ။
          ရောက်သည့်နေ့မှစကာပါလာသည့် လက်နက်ကြီးများဖြင့်အဆက် မပြတ်ပစ်တော့သည်။ မည်မျှပစ်မှတိကျသည်ဆိုရသော် လက်နက်ကြီးကျသောနေရာတိုင်း ပြည်သူပိုင်အိမ်များ၊ သေဆုံးသွားသူများသည်လည်းအိမ်စောင့်မြို့နေပြည်သူများ။ ပန်လော့ နမ့်ပျဉ်ဖက်ကပစ်လိုက်သည့်အမြောက်ကျည်သည် နားပုံနားပြိန်း ၂ ရွာကြား လယ်ကွက်ထဲကို ၃ လုံးဆက်တိုက်ကျခဲ့သည်။ မိုးစပါးစိုက်ပျိုးရန်လယ်ထွန်နေသောလယ်သမားများနှင့် လယ်ထွန်စက်များမိုးပေါ် မြှောက်တက်လွှင့်စင်သွားသည်။ မိုးရာသီ၊ လယ်ထွန်ချိန် ရွံမြေဖြစ်နေ၍ လယ်သမားများဘာမှမဖြစ်ခဲ့။

ကံကောင်းထောက်မစွာကျလာသောကျည်များ လယ်မြေပျော့ထဲ စိုက်ဝင်ကာ မပေါက်ကွဲခဲ့၍သာ။ သို့သော် နောက်ထပ်ပစ်လာနိုင်သည်ဖြစ်ရာ နားပုံနားပြိန်း၂ ရွာလုံး ဘုန်းတော်ကြီးများပါမကျန် စစ်ဘေးရှောင်များဖြစ်ကုန်သည်။ မအလ၏ခိုလမ်တပ်စစ်ကူများကလည်း ထိုလက်နက်ကြီးပစ်ကူဖြင့် ကျောက်မဲဖက်ချီတက်နေသည်။ လေတပ်ကလည်း တော်လှန်ရေးတပ်များရှိနိုင် ခိုအောင်းနိုင်သည့်နေရာများပေါ်သို့ ဗုံးကျဲချနေသည်။ ပြည်သူများက တော်လှန်ရေးတပ်များစစ်ရှုံးသွားမှာကို စိုးရိမ်ပြန်သည်။

အကြမ်းဖက်စခတပ်များကလည်း ကျွဲကုန်း၊ ကျောက်မဲ၊ မန္တလေး၊ လာရှိုးလမ်းဆုံ ကျောက်မဿ့မြို့အဝင်ဂိတ်မှလည်းကောင်း၊ နမ့်ဟူးတောင်း၊လွယ်ခေါ်၊ ဗူးခါး၊ ခဲမွန်ဖက်တို့မှလည်းကောင်း မရရအောင်ဝင်ကြသည်။အတွေးအခေါ်မရှိ၊ ရည်မှန်းချက်ပန်းတိုင်မရှိသောတော်လှန်ရေးတပ်များ ဤကမ္ဘာလောကတွင် ရှိနိုင်ပါ့မလား။ စတိုက်ကတည်းကမြို့၏ ၈၀% ကို သိမ်းပိုက်ထားသောတော် လှန်ရေးတပ်များ ငြိမ်သက်တိတ်ဆိတ်စွာနေလိုက်ကြသည်။ မြို့အဝင်လမ်းကို ဟ ပေးလိုက်သည်။ ကျွဲကုန်းလမ်းမှဝင်လာသောအကြမ်းဖက်စခတပ်များ ကျောက်မဲပြည်သူ့ဆေးရုံရှေ့အရောက်၊ နမ့်စလင်းဘုန်းတေယ်ကြီးကျောင်းရှေ့အရောက်၊ ဆူညံညီညာသောပစ်ခတ်သံများ လမ်း ၂ ဖက်လုံးမှထွက်ပေါ်လာသည်။ သူတို့၏ပါးစပ်မှလည်း မ---ယိုး မအလစစ်ခွေးတပ်တွေ၊ လက်နက်မဲ့ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ပြည်သူတွေ၊ ခေတ်အဆက်ဆက်တိုင်းရင်းသားများအပေါ်အနိုင်ကျင့်လာတဲ့အယုတ်တမာတွေ၊ ပြည်သူကို ရန်သူပမာလုပ်ပြီး ပစ်သတ်နေတဲ့ခွေးမသားတွေ စသည့်အဓိပ္ပါယ်ရစကားလုံးများဖြင့် အော်ဟစ်ဆဲဆိုရင်း မတ်တပ်ရပ်ရင်း၊ ရှေ့ဆက်တိုးရင်းအဆက် မပြတ် ပစ်နေသည်။
             ကျောက်မဲမြို့ကိုပြန်သိမ်းပြမည်ဆိုသော မအလစစ်ခွေးတပ်များပြန်ပစ်ချိန်ပင်မရ၊ လမ်းမပေါ်သေသူသေ၊ အကာအကွယ်ယူသူယူ၊နောက် ဆုတ်ပြေးသူပြေး ဝရုန်းသုံးကားဖြစ်သွားသည်။ ခဲမွန်ဗူးခါးဖက်မှလည်း ဝင်ခွင့်အသာတကြည်ပေးလိုက်သည်။ အထဲရောက်သွားချိန်နောက်မှ ရှေ့မှညှပ်ပစ်လိုက်ရာ ထိုစစ်ခွေးတပ်များသည်လည်း ခုခံချိန်မရ၊ ဦးတည်ရာမဲ့ပြေးကြတော့သည်။ ကစင့်ကလျား အစုအစည်းပျက်သွားကြသည်။ တေယ်လှန်ရေးတပ်များဟထားသည့်နေရာများကို ပိတ်ကာပြန်ဝိုင်းလိုက်ကြသည်။ လက်နက်ကြီးပစ်ကူရှိရာနားပုံနားပြိန်းရွာဖက်ကိုလည်းတော် လှန်ရေးတပ်များ ချီတက်လာခဲ့ပြန်သည်။ ပန်လောနမ့်ပျဉ်၊ နားပုံနားပြိန်းရွာများရှိလက်နက်ကြီးပစ်သံများငြိမ်ကျသွားသည်။ ပြည်သူများသွားလာနေသောလမ်းကို ပိတ်ဆို့နေသည့် စခတပ်များ၊လက် နက်ကြီးပစ်သူများ၊ ကားဒရိုင်ဘာများ ထိုသတင်းကြားသည်နှင့်တပြိုင်နက် ပြင်ဆင်ချိန်မရတော့ပဲ ဒရောသောပါး အမြောက်ကားအပါအဝင် ရှမ်းတောင်ဖက်သို့ပြန်မောင်းထွက်ပြေးသွားကြသည်။ အဓိကနေရာများတွင်ကင်းပုန်းဝပ်လုံခြုံရေးယူပေးနေသောစခတပ်များ ဘာမှမသိလိုက်ပဲ ကင်းစောင့်ရင်းကျန်ရစ်ခဲ့ကြသည်။
        ကျောက်မဲမြို့ပေါ်ကိုလည်း တော်လှန်ရေးတပ်များကဝိုင်းထား၊ကြီး စိုးထားရာကြောက်လန့် တကြား နောက်ဆုတ်ပြေးလာသူများသာ လွတ်ခဲ့ကြသည်။ မြို့ထဲရောက်နေသော စခတပ်များကား ၅၀၁/ ၅၀၂ များရှိရာဖက်ရောက်ဖို့နေနေသာသာ ခေါင်းမာစွာခုခံနေလျှင် အသက်ရှင်ဖို့ပင် မသေချာ။ အလံဖြူမထောင် လက်နက်မချလျှင် တော်လှန်ရေးတပ်များ၏ ခြေမှုန်းမှုအောက် မျိုးတုံးပျောက်ကွားချိမ့်မည်သာ။ ချုပ်လိုက်သော် ၅၀၁/၅၀၂ တပ်များကို မရသေးသည်ကလွဲ၍ ခိုလန်တပ်၊ တပ်မ၁၁/၅၅စသည့်စုပေါင်းတပ်များ စတင်ချီတက်လာစအချိန် ရှေ့ပြေးစစ်ကား၂ စီးပေါ်က စခများ ဦးစွာအလင်းဝင်ခဲ့ကြသည်။ ပန်လော့နမ့်ပျဉ်ဖက်တွင်စစ်ခွေးဦးရေ ၃၀ ကျော်၊ နွားစား ကျက်ရွာတွင် ၂၄ ဦး၊အေးသာယာရွာတွင် ၁၄ ဦး၊ မြို့ထဲစိန္နာမုနိကျောင်းနား ၃၀ ဦး၊ အခြားမြို့ထဲနေရာအနှံ ၅၄ ဦးတို့အလင်းဝင်ခဲ့ကြသလို သေဆုံး ထွက်ပြေး ဦးရေလည်း အတိအကျမကောက်ခံနိုင်သေးခြင်းသာရှိသည်။ ကိန်းဂဏန်းကား နည်းလိမ့်မဟုတ်။
            အဘယ်ကြောင့်စစ်ခွေးတပ်များရှုံးရသနည်း။ ရှင်းပါသည်။ ပြည်သူကိုရန်သူသဘောထားခြင်း၊ ပြည်သူ့ထံမှဘာသတင်းမှမရခြင်း၊လက်နက်ကြီးပစ်ကူမရခြင်း၊ နောက်မှအင်အားမဖြည့်နိုင်ခြင်းတို့ကရှေ့ဆုံးမှရှိပါလိမ့်မည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့အဆက်အသွယ်မရကခြင်း၊ ဆက်သွယ်ရေးများပိတ်သူကပိတ်၊ ထမင်းမစားရသည့်ရက်များကလည်းရက်ဆက်လာ၊ ဒေသခံစကားလည်းမသိ၊ စစ်နယ်မြေကလည်းနယ်မြေစိမ်း၊ ထိုစစ်ခွေးတပ်များထဲတွင် ထောင်သားများ၊ မတရားစစ်မှုထမ်းဥပဒေအရ ယခုမှစ၍တိုက်ပွစကြုံဘူးသောသင်တန်းမပြီးသေးသည့်လူငယ်များလည်းဖြစ်ရာ ခွက်ခွက်လန်အောင်ရှုံးရန်မှအပ လမ်းမရှိ။ကျွန်တော်တို့စစ်ဘေးရှောင်ရာနွားစားကျက်ရွာလေးသို့ လက်နက်ချအလင်းဝင်လာသော စခ ၂၄ ဦးအကြောင်းကို သက်သေထိုးလိုပါသည်။ကျောက်မဲမြို့အဝင်တွင်အတိုက်ခံရာမှ ဆုတ်ပစ်ပစ်လာသောထိုစခ ၂၄ ဦးသည်ရွာ၏ပန်ဒကာပိုင်လယ်တဲအိမ်သို့ရောက်လာကြသည်။ သူတို့ကိုမြင်ရသည်မှာ ပေစုတ်ပြတ်သပ်ညစ်ပတ်နေသည်။ ရှမ်းတပ်အပိုင်နယ်မြေဖြစ်၍ သူတို့နှင့်ဆက်သွယ်ကာ ယူနီဖောင်းချွတ် လက်နက်အပ် အလင်းဝင်ခဲ့ရာ သူတို့ဝတ်ရန်အဝတ်ပစားများကို သူတို့ကြောင့်စစ်ပြေးလာရသောစစ်ရှောင်များမှ လူသားဆန်စွာပေးခဲ့ကြသည်။ ထမင်းမစားခဲ့ရသည်မှာလည်း၃/၄ ရက်ရှိနေရာ ထမင်းစားချိန် မနည်းအားယူစားနေသည်မှာလည်း သနားစရာ။ ထမင်းစားအပြီး ကွမ်းများတည်ခင်းရာအလုအယက်စားကြသည့်မြင်ကွင်းနှင့် ကွမ်းတစ်ရွက်ထဲကျန်ချိန် ၄ ဦးမျှစားရသည့်အခြေအနေကိုမြင်ရသည်မှာ ရင်နင့်မိခဲ့သည်မှာ အမှန်။ မည်မျှငတ်ပြတ်နေကြသည်မသိတော့။
              သူတို့အပ်ခဲ့သည့်ပစ္စတိုငါးလက် RPG ၂ လက်၊ စက်သေနတ် ၄ လက်၊ သေနတ်ငယ် ၁၇ လက်တို့ကိုကြည့်ခြင်းအားဖြင့် ဗိုလ်၅ ဦးပါမှန်းသိနိုင်သည်။ အခြားလက်နက်ချမှုများကိုတော့သတင်းဌာနများတွင်ပါလာကြပါလိမ့်မည်။
             ကျောက်မဲမို့ကိုပြန်သိမ်းရန်၊ ၅၀၁/၅၀၂ တပ်များကို စစ်ကူရန်လာသောအာဏာရူး၊ သမ္မတရူး၊ မနုသီဟဖင်လေးခွ မအလ၏ဂျုန်းဂျုန်းကျတပ်များ နိဂုံးကာမကြာတော့။ လက်နက်မချသေးသောမြို့ထဲက လက်ကျန်နပ်များလည် းတော်လှန်ရေးတပ်များ၏ဝိုင်းပတ်ပိတ်ဆို့ပိုက်စိတ်တိုက်ချေမှုန်းခံနေရခြင်းကြောင့် ဝက်လချီးလည် ထမင်းအငတ်ခံ အိပ်ရေးအပျက်ခံ အသေခံတိုက်နေသည့်မိုက်လုံးကြီးနေမှုသည်လည်း မကြာခင်ငြိမ်သက်သွားပါလိမ့်မည်။ ပြောရလျှင်ငှက်ကြီး တောင်ဓားဆွဲထွက်ပြီးထွက်လာသော"သရဲ(သရဲ)ဂေါင်း" များ၏သွေးသံရဲရဲဇာတ်လမ်း၊ဒဏ်ရာဗလပွနှင့်ဇာတ်ကွက်၊မကြာခင်ဇာတ်ဂေါင်းကွဲဇာတ်ပျက်ကြီးအနေဖြင့် ဘဇာတ်သိမ်းခန်းမကြာခင်ရောက်လာပါတော့မည်ဟူလို။   ။

ကိုနီတွတ်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar